Healthy Life Ad
Life Style

အလှကုန်သုံးစွဲသူတို့ သတိပြုဖွယ်ရာ(၂)

ဒေါက်တာမြတ်စန္ဒာကျော်

အရေပြားအထူးကုဆရာဝန်ကြီး၊ ပါမောက္ခ၊ အရေပြားဌာန၊

မြောက်ဥက္ကလာပဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး . Cosmetic ပစ္စည်းတွေဖြစ်တဲ့ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပါးနီ၊ ပေါင်ဒါတွေ သက်တမ်းလွန်ရက်စွဲ (Expired date) ဖြစ်နေတာကို ဘယ်လိုသိနိုင်မလဲဆရာမ။

ဖြေ . အကောင်းဆုံးကတော့ ဘူးပေါ်မှာ Expired date ဖတ်ကြည့်တာပါပဲ၊ အံ သြစရာက အလှပြင်ပစ္စည်း တချို့မှာ Expired date မပါတတ်တာပါပဲ၊

– အလှကုန်တွေ အနံ့ပြောင်းလာရင်၊ ဥပမာ- ဆီကြေးစော်နံလာတာ၊ အမွေးနံ့ ပြယ်သွားတာ၊ ချဉ်စော်နံတာတို့ ဖြစ်ရင် Expired date ဖြစ်နေပြီလို့ ပြောလို့ရ ပါတယ်။

– အလှကုန်ပစ္စည်းတွေ အရောင်ပြောင်းသွားတဲ့အခါ၊ ဥပမာ ညိုသွားတာ၊ မည်းသွားတာ၊ ဖြူသွားတာ၊ မူလအရောင် ပျက်သွားတာတွေဖြစ်လာရင်လည်း ရက်လွန်နေပြီဆိုပြီး ပစ်လိုက်သင့်ပါတယ်။

– မိတ်ကပ်အတွက် တို့ပတ်သုံးတဲ့အခါ တို့ပတ်မှာ အမည်းစက်ကလေးတွေပေါ်လာတဲ့အခါ၊ ဖုန်တွေကပ်နေတဲ့အခါ၊ တို့ပတ်ကို မလျှော်ဘဲ အကြာကြီးသုံးမိတဲ့အခါ၊ မိတ်ကပ်ကျဲသွားတဲ့အခါ၊ မိတ်ကပ်အရည်ခမ်းပြီး ပျစ်သွားတဲ့အခါ မသုံးသင့်တော့ပါဘူး။

– ကိုယ်ကြိုက်တဲ့ အလှကုန်ကိုမသုံးဘဲ သိမ်းထားမယ်၊ ပြီးမှ တစ်ခါတလေထုတ်သုံးမယ်ဆိုရင် ကောင်း၊ မကောင်း ဆို တာကို သေသေချာချာစစ်ဖို့လိုပါတယ်။

မေး . Cosmetic ပစ္စည်းတွေကို ဘယ်လိုရွေးဝယ်သင့်ပါသလဲ ဆရာမ။

ဖြေ . အလှကုန်ရွေးရာမှာ အသက်အရွယ်နဲ့ မျက်နှာအသားအရေ အမျိုးအစားတွေကို စဉ်းစားရပါတယ်။

ဆယ်ကျော်သက်အရွယ်ရဲ့ အရေပြား ဟာ အဆီနဲ့ ချွေးထွက်များပါတယ်။ အရေပြားက နုနယ်တယ်။ ဒါကြောင့်မို့လို့ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံမထွက်အောင် မိတ်ကပ်ရွေးချယ်တတ်ဖို့ လိုပါတယ်။ မိတ်ကပ်ထူထူပျစ်ပျစ်တွေ လိမ်းမယ်ဆိုရင် မျက်နှာမှာရှိတဲ့အဆီပေါက်၊ ချွေးပေါက်တွေပိတ်ပြီးတော့ ဝက်ခြံတွေထွက်လာတတ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ  အဆီထွက်နည်းသလို ချွေးထွက်လည်း နည်းလာတတ်ပါတယ်။ နေလောင်ဒဏ်ကို ခံလာခဲ့ရတဲ့အတွက် အရေပြားဟာထူပြီးတော့ ကြမ်းနေတတ်ပါတယ်။ ဒီအသက်အရွယ်မှာ အဆီပါတတ်တဲ့ အလှကုန်ဟာ အသုံးဝင်ပါတယ်။

နေကာခရင်မ်

ဒီနေရာမှာ Cosmetic တစ်မျိုးဖြစ် တဲ့ နေရောင်ကာခရမ် အကြောင်း ပြောပြချင်ပါတယ်။

– နေရောင်ကာခရင်မ်ကို နေပူထဲမထွက်ခင် မိနစ်၂၀လောက်မှာ စလိမ်းရပါမယ်။ နေရောင်ကာခရင်မ်ကို ၂နာရီခြား ထပ် လိမ်းပေးရမယ်။ နေရောင်ကာခရင်မ်ဆိုတာ များသောအားဖြင့် နေပူကာနိုင်တဲ့ စွမ်းရည်ရှိနေဖို့အတွက် ပျစ်နေတတ်ပါတယ်။ မျက်နှာကို သေချာမသစ်ရင် ကပ်ကျန်နေတတ်တယ်။ ဒါကြောင့် ခဏသာခံမယ့် နေရောင်ကာခရင်မ်အစား သနပ်ခါး ပါးကွက်ကလေး ကွက်တင်လိုက်ရင် သနပ်ခါးအမှုန်လေးတွေ ဆက်ပြီးတော့ နေရောင်ကာနိုင်တယ်။ ဆရာမဖောင်ကြီးသင်တန်းတက်တုန်းက ညကတည်းက သနပ်ခါးကိုသွေးပြီးတော့ ကျောက်ပြင်ကို သေတ္တာထဲထည့်ထားလိုက်တယ်။ မနက်ကျတော့ ရေလေးစွတ်ပြီး လိမ်း လိုက်တယ်။ လိမ်းပြီးပိုတဲ့ သနပ်ခါးကို ဘူးလေးနဲ့ထည့်ပြီး အတန်းထဲကို ယူသွားတယ်။ နေ့လယ်ကျတော့ ပါးကွက်လေး ပြန်ကွက်လိုက်တယ်။ အဲဒီလိုနည်းနဲ့ နေရောင်ကို ကာကွယ်ခဲ့တယ်။ သနပ် ခါးအောက်မှာတော့ လိမ်းနေကျ မိတ် ကပ်လေးတော့ပါတာပေါ့၊ ဒါမှ သနပ်ခါးက ပိုခံမှာလေ။ သနပ်ခါးလိမ်းတဲ့အခါမှာ သနပ်ခါးတုံးကို ကျောက်ပြင်နဲ့သွေးတဲ့ သနပ်ခါးက အကောင်းဆုံးပါပဲ။ ဆရာမ နိုင်ငံခြားသွားတုန်းက တာရှည်ခံသနပ်ခါးတွေ လိမ်းဖူးပါတယ်။ တာရှည်ခံသနပ်ခါးတွေက အနံ့လည်းမွှေး၊ မျက်နှာလည်း ဖွေးစေတယ်။ ဒါပေမဲ့ ဘယ်တာရှည်ခံသနပ်ခါးပဲဖြစ်ဖြစ် ဓာတုပစ္စည်းပါမှာပဲ။ အဲဒီတော့ တာရှည်ခံသနပ်ခါးတွေနဲ့ ဓာတ်မတည့်မှု (Allergy) ဖြစ်တဲ့လူနာတွေ ဆေးကုရဖူးတယ်။

မေး . Cosmetic ပစ္စည်းတွေ သုံးတဲ့အခါတည့်၊မတည့် ဘယ်လိုသိနိုင်မလဲ ဆရာမ။

ဖြေ . ကိုယ်ကြိုက်တဲ့ Cosmetic တောင်မှ ဘူးပုံစံ၊အရောင်ပြောင်းသုံးမိရင် ဓာတ်မတည့်မှု (Allergy) ဖြစ်လာတတ်တယ်။ အရေပြားတွေနီလာမယ်၊ ယားလာမယ်၊ အရည်ကြည်ဖုတွေ ဖစ်လာမယ်၊ မျက်နှာ အရေပြားတွေ ရာင်ရမ်းလာမယ်၊ ဒီလို ဓာတ်မတည့်တာတွေ ပျောက်သွားရင် တောင် အဖြူကွက်၊ အမည်းကွက်တွေ ကျန်တတ်ပါတယ်။

ဆရာမကတော့ Cosmetic ကို Brand တစ်မျိုးတည်းပဲ သုံးတယ်။ Cosmetic ပြောင်းသုံးရင်တော့ အတော်သတိထားသင့်တယ်။ မသုံးခင် အရင်စမ်းသပ်ရမယ်၊ မတည့်ရင် စောစောကပြောတဲ့ ဓာတ်မတည့်တဲ့ အရေပြားတုန့်ပြန်တာတွေ ဖြစ်တတ်တယ်။

Scrub

Cosmetic ထဲမှာပါတဲ့ Scrubကို နေ့တိုင်းသုံးရင် မျက်နှာပွန်းနေတတ် တယ်။ အရေပြားဆဲလ်လေးတွေက ၂၈ ရက်ဆို သူဘာသာကြွေတာပဲ။ အဲဒါကိုScrubသုံးရင် အရေပြားဆဲလ်လေးတွေ ပိုကြွေသွားတဲ့အတွက် နေပူဒဏ်မခံနိုင်တော့ဘူး။Scrubကို နေ့တိုင်းဆက် တိုက်သုံးပြီးတော့ ပင်လယ်ကမ်းခြေလို နေရာမျိုးသွားမယ်ဆိုရင် အရေပြားနေလောင်ကွက်တွေ ပေါ်လာတတ်ပါတယ်။ မှဲ့ ခြောက်၊ တင်းတိပ် ဖြစ်သွားတတ်တယ်။

မေး . Cosmeticပစ္စည်းတွေကိုဝယ်မယ်ဆိုရင် ဘယ်အချက်တွေကို သတိထားသင့်ပါသလဲ ဆရာမ။

ဖြေ . Cosmetic ဝယ်မယ်ဆိုရင် အညွှန်းတွေဖတ်ရမယ်၊ ပါဝင်ပစ္စည်းတွေဖတ်ရမယ်။ ဥပမာ Salicylic Acid ပါတဲ့ ညလိမ်းCreamတွေ၊ Tonerတွေဆိုရင် ဝက်ခြံပျောက်တယ်၊ နုပျိုစေတယ်ဆိုပြီး ပြောရောင်းနေကြတယ်။ တကယ်ကတော့ နဂိုရှိမှ နဂိုင်းထွက်မှာပါ။Salicylic Acid က မျက်နှာကို ပွန်းပဲ့စေလို့ အရေပြားခံနိုင်ရည် နည်းသွားစေတတ်တယ်၊ မျက်နှာပွန်းလွန်းရင် ဝက်ခြံထွက်တတ် တယ်။ နေလောင်ရင် တင်းတိတ်၊ မှဲ့ခြောက် တွေ ပိုထွက်တတ်တယ်။ မျက်နှာသုံးတဲ့Maskတွေ၊ မျက်နှာပေါင်းတင်တာတွေ၊ ကြေးချွတ်တာတွေကလည်း မျက်နှာအရေပြားကိုပွန်းစေတာပဲ။ နေလောင်လွယ်စေရုံမကဘဲ အရေပြားကို အိုမင်းစေလိမ့်မယ်။

Cosmetic ထဲမှာ ညလိမ်းCreamလိုလိုနဲ ့ အသားလှခရင်မ်တွေ ရှိသေးတယ်။ လိမ်းပြီးတာနဲ့ မျက်နှာကဖွေးလို့ သိပ်ဟုတ်သလိုပဲ။ ဒါပေမဲ့ ကြာလာတော့ အရေပြားရဲ့ ကိုယ်ခံစွမ်းအားကကျပြီးတော့ ရပ်လိုက်တာနဲ့အရေပြားမှာ ဝက်ခြံတွေထွက်လာပြီး မျက်နှာနီလာတတ်တဲ့ Cosmetic ပဲ။ ဆရာမကတော့ အဲဒီ Cosmeticမှာ အရေပြားကိုယ်ခံစွမ်းအား ကျစေတဲ့ ဆေးတစ်မျိုးရောထည့်ထားတယ်လို့ထင်တယ်။ ဒါ့ကြောင့် Cosmetic သုံးပြီးမှ နဂိုထက်ပိုဖြူဖွေးပြီး အရေပြားပါးလာပြီဆိုရင် သတိထားသင့်တယ်။ Cosmetic သုံးပြီး ထွက်တဲ့ဝက်ခြံက ပုံမှန်ဝက်ခြံထက် ပိုကုရခက်တယ်။ အဆီ ဖုလေးတွေက အရေပြားထဲ နစ်နေပြီး ပုလဲလုံးလေးတွေလို အရွယ်ညီအဖုလေးတွေအဖြစ် ရှိနေတတ်တယ်။ Cosmetic က အဆီထွက်တဲ့ မွေးညင်းပေါက်တွေကိုပိတ်သွားစေလို့ သာမာန်ထက်ပိုကုရ ခက်ပါတယ်။

မေး . Cosmeticပစ္စည်းတွေကိုSetလိုက် သုံးသင့်ပါသလား ဆရာမ။

ဖြေ . Cosmeticဝယ်မယ်ဆိုရင် Setအလိုက်ဆိုတဲ့စကားကို ကြားရလိမ့်မယ်။Set အထဲမှာ Toner, Milk Lotion, Make up 2 way, Powder, Facial foam, Cleanser, Night cream, Masks, မျက်နှာပေါင်းတင်ပစ္စည်း၊ မျက်နှာကြေးချွတ်ပစ္စည်းတွေပါတယ်။ ဆရာမအဖွား အသက်၉၇နှစ်အထိ ဘာCosmetic မှမသုံးတတ်ဘူး၊ ဘယ်လိုဓာတ်မတည့်မှု (Allergy) မျိုးမှလည်း မရဖူးပါဘူး။ ဘာမှမသုံးတော့ ဘာမှမဖြစ်ဖူးပေါ့။ သူများလက်ဆောင်ပေးတဲ့ Cosmeticဆိုရင် သတိထားရမယ်။ မသုံးဖူးတဲ့ပစ္စည်းကိုသုံးတဲ့အခါ တည့်၊ မတည့် အရင်စမ်းကြည့်ရမယ်။ Cosmeticတွေကို အညွှန်းဖတ်ကြည့်ပါလို့သာမှာရတာ၊ အခုအတော်များများ Cosmeticတွေက စာဖတ်လို့ နားမလည်ဘူး၊ ဘယ်လို ညွှန်းရမှန်းတောင်မသိဘူး။ ဘာပါမှန်းလဲ မသိဘူး၊ လူတွေကတော့ ယုံကြည်ပြီး သုံးနေကြတာပဲ။ ဘာပဲဖြစ်ဖြစ် Cosmeticခေတ်ကြီးမှာ Cosmetic ဆိုတာ မရှိမကောင်း၊ ရှိမကောင်း၊ မသုံးလည်းခက်၊ သုံးလည်း ခက် ဖြစ်တာကြောင့် Cosmeticကို မှန်ကန်စွာရွေးချယ်နိုင်ကြပါစေ၊ မြန်မာ အမျိုးသမီးတွေ သနပ်ခါးကိုလည်း မမေ့ကြပါစေနဲ့လို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top