———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———
အသက်၂၁ နှစ်အောက်အရွယ် ဆယ်ကျော်သက်လူငယ်တွေမှာ အရက်သောက်မယ်ဆိုရင် အယ်လ်ကိုဟောကြောင့် ကျန်းမာရေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ကလေးအများစုဟာ အလယ်တန်းကျောင်းသားဘဝနဲ့ ခပ်စောစောပိုင်းအရွယ်မှာ အရက်ကို စတင်မြည်းစမ်းကြည့်လေ့ ရှိတတ်ပါတယ်။ ဒါက တကယ်တော့ အန္တရာယ်များလှပါတယ်။ အရက်မူးနေတဲ့ကလေးတွေဟာ ရာဇဝတ်မှုနဲ့ မုဒိမ်းမှုတွေမှာ သားကောင်ဖြစ်နိုင်ခြေများလို့ပါ။ ကျောင်းမှာလည်း ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ဆယ်ကျော်သက်များ အရက်သောက်ရသည်မှာ . . .
အယ်လ်ကိုဟောဟာ လူငယ်အများစု ရွေးချယ်လွယ်တဲ့ မူးယစ်ဆေးတစ်ခုပါပဲ။ လူအများစုဟာ အလွန်ငယ်ရွယ်တဲ့အချိန်ကတည်းက အရက်ကို အလွန်အမင်းသောက်ခဲ့တာကြောင့် အသက်မကြီးသေးခင်အချိန်မှာပဲ ကျန်းမာရေးထိခိုက်မှုကို ကြုံရတတ်ပါတယ်။
အရက်သောက်တာက မြီးကောင်ပေါက်စအရွယ်တွေမှာ သူငယ်ချင်းအချင်းချင်း ဆွဲဆောင်မှုကြောင့် ဖြစ်တတ်သလို အရက်ဝယ်ခိုင်းတဲ့ လူကြီးတွေကြောင့်လည်း မြည်းစမ်းသောက်ကြည့်ရာက စွဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ မိသားစုအိမ်တွင်းရေးအဆင်မပြေတာ၊ ကျောင်းမှာစာမလိုက်နိုင်တာ၊ အပေါင်းအသင်းမှားတာနဲ့ စိတ်ဓာတ်ကျလွယ်တာတွေကြောင့် အရက်သောက်တတ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ အရက်သောက်လွန်တာကြောင့် မူးမေ့ကာ သတိလစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဆယ်ကျော်သက်အရက်သောက်ခြင်း၏ ကျန်းမာရေးအန္တရာယ်များ
ဆယ်ကျော်သက်အရွယ်မှာ အရက်ပမာဏ ဘယ်လောက်ပဲသောက်သောက်၊ ဆိုးရွားတဲ့ကျန်းမာရေး ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ အရက်နဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေက လူကြီးတွေမှာလည်း ဖြစ်စေနိုင်ပေမယ့် ခန္ဓာကိုယ်အရွယ်အစား ကြီးမားတဲ့ လူကြီးတွေမှာထက် လူငယ်တွေမှာ ထိခိုက်မှုက အလွယ်တကူဖြစ်တတ်ပါတယ်။
ဦးနှောက်ထိခိုက်မှု
အယ်လ်ကိုဟောဟာ ဖွံ့ဖြိုးနေတဲ့ ဦးနှောက်ကို ဘယ်လိုထိခိုက်မှုဖြစ်စေသလဲဆိုတဲ့ အချက်ကို သိပ္ပံပညာရှင်တွေက လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ဦးနှောက်ထဲက အပြောင်းအလဲတွေက စမ်းသပ်ရခက်ခဲပေမယ့် အရက်သောက်တာကြောင့် ကြာရှည်မှတ်ဉာဏ်စွမ်းရည်နဲ့ တွေးခေါ်နိုင်စွမ်းကို သိသိသာသာ ထိခိုက်မှုဖြစ်စေနိုင်တယ်ဆိုတာကို စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။
ဆယ်ကျော်သက်အရွယ်တွေရဲ ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အယ်လ်ကိုဟောရဲ ့ဆိုးကျိုးက ပိုပြီးရှုပ်ထွေးတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လေ့လာမှုအရ တိရစ္ဆာန်တွေကို ဖွံ့ဖြိုးဆဲအဆင့်မှာ အယ်လ်ကိုဟောတိုက်ကျွေးထားတဲ့အခါ အသက်ကြီးလာချိန်မှာ ဦးနှောက်ထိခိုက်မှုဖြစ်တာကို ပြသခဲ့ပါတယ်။ အယ်လ်ကိုဟောဟာ မြီးကောင်ပေါက်စအရွယ်မှာ အရက်သောက်ထားတဲ့လူတွေမှာ ကြာရှည်မှတ်ဉာဏ်စွမ်းရည်နဲ့ လေ့လာနိုင်စွမ်းကို ဘယ်လိုထိခိုက်စေသလဲဆိုတာကို သေချာမသိသေးပါဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
အသည်းထိခိုက်မှု
မြီးကောင်ပေါက်စအရွယ် အရက်သောက်ခဲ့သူတွေမှာ အသည်းအင်ဇိုင်းတွေ မြင့်တက်နေပြီး အသည်းထိခိုက်မှု တချို ့အဆင့်အထိ ရှိနေတာကို ဖော်ပြထားပါတယ်။
အဝလွန်တဲ့ ဒါမှမဟုတ် ကိုယ်အလေးချိန်များနေတဲ့ ငယ်ငယ်ရွယ်ရွယ် အရက်သောက်သူတွေမှာ အရက်အသင့်အတင့်သောက်တာတောင် အသည်းအင်ဇိုင်းတွေ မြင့်တက်နေတာကို ပြသခဲ့ကြောင်း လေ့လာမှုအရ သိရပါတယ်။
ကြီးထွားမှုနှင့် အင်ဒိုခရိုင်းထိခိုက်မှု
ယောကျာ်းလေးရော မိန်းကလေးပါ အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ်က ဟော်မုန်းအပြောင်းအလဲနဲ့ ဆက်စပ်နေတဲ့အချိန်ပါ။ ဒီအရွယ်မှာ လိင်ပိုင်းဆိုင်ရာဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းဟော်မုန်းတွေ မြင့်တက်လာနေပါတယ်။ ဒီဟော်မုန်းတွေက ပုံမှန်အင်္ဂါဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ကြီးထွားမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလည်း အထွက်များစေပါတယ်။
ဒါကြောင့် ဒီအရွယ်မှာ အရက်သောက်တဲ့အခါ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊ ကြွက်သားနဲ့ အရိုးတွေရဲ ့ ပုံမှန်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဟော်မုန်းဟန်ချက်ညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။ တိရစ္ဆာန်တွေကို လေ့လာမှုအရ အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ အရက်သောက်တာက မျိုးဆက်ပွားစနစ်ရဲ ့ ကြီးထွားဖွံ့ဖြိုးမှုကို သိသိသာသာ ထိခိုက်စေတာကို တွေ့ရတယ်လို့ သိရပါတယ်။