———၊ ကိုထက် ၊———
ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေ သုံးတာကြောင့် အမျိုးသားတွေရဲ ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေများတယ်လို့ သင်သိထားပြီး ဖြစ်မှာပါ။ အမျိုးသားတွေရဲ ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ တခြားအလေ့အထတွေကို သိရှိပြီး ရှောင်ရှားနိုင်ဖို့ ရေးသားလိုက်ရပါတယ်။
(၁) ဆရာဝန်ကို ရှောင်ရှားခြင်း
အမျိုးသားကျန်းမာရေး လေ့လာမှုအရ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆရာဝန်ဆီပြသမှုအပိုင်းမှာ ၂၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ သိရပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေက အမျိုးသမီးတွေထက် အသက်ပိုတိုရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်ခြေရှိတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၂) မိမိဘာသာ စစ်ဆေးမှုမလုပ်ခြင်း
အမျိုးသားအများစုက ဝှေးစေ့ကို မိမိဘာသာ စစ်ဆေးမှုပြုလုပ်ရမယ်ဆိုတာ မသိကြတာ များပါတယ်။ ဝှေးစေ့ကို မိမိဘာသာ စစ်ဆေးမှုကြောင့် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေဖြစ်ရင် စောစောစီးစီး သိနိုင်ပြီး စောစောကုသမှုခံယူတဲ့အတွက် ရောဂါပျောက်ကင်းနိုင်ခြေ များပါတယ်။
(၃) အရက်ကို အလွန်အကျွံသောက်ခြင်း
အမျိုးသားတချို ့က အရက်ကို ထိန်းချုပ်ပြီးမသောက်ဘဲ တစ်ခါသောက်ရင် သောက်နိုင်တဲ့အတိုင်းအတာထက် ပိုပြီး အလွန်အမင်းသောက်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အရက်ကြောင့်ဖြစ်တဲ့ သေဆုံးနိုင်ခြေက မြင့်မားလာပြီး အရက်ကြောင့် ဆေးရုံတက်ရနိုင်ခြေလည်း များပါတယ်။
(၄) အရာရာကို မျိုသိပ်ထားခြင်း
အမျိုးသားအများစုဟာ သူတို့ရဲ ့စိတ်ခံစားချက်နဲ့ ပတ်သက်လာရင် မျိုသိပ်ခံစားတတ်လွန်းပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသားတစ်ဝက်လောက်ကသာ စိတ်ကျရောဂါ ဖြစ်တယ်လို့ သိနေကြတာပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေထဲမှာ အမျိုးသားတွေက ၇၇ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ ဒေါသနဲ့ တခြားစိတ်ခံစားမှုတွေကို မျိုသိပ်ခံစားတာက မူးယစ်ဆေးဝါးနဲ့ အရက်စွဲတာတွေကို ဖြစ်စေနိုင်ကာ နောက်ဆုံးမှာ နှလုံးရောဂါကို ဖြစ်စေနိုင်ကြောင်း တချို့လေ့လာမှုတွေအရ သိရပါတယ်။
(၅) အလုပ်ကြောင့် ဖိစီးမှုများလွန်းခြင်း
အမျိုးသားတွေနဲ့ အမျိုးသမီးတွေက လုပ်ငန်းခွင်ကြောင့် စိတ်ဖိစီးမှုခံစားရတာချင်း ညီတူညီမျှရှိတယ်လို့ စစ်တမ်းတစ်ခုက ဆိုထားပေမယ့် အမျိုး သားတွေက အမျိုးသမီးတွေထက် လုပ်ငန်းခွင်ကြောင့် ဖိစီးမှုဖြစ်ပြီး နာမကျန်းခွင့်ရက်ယူရတာက လေးဆပိုနည်းတယ်လို့ သိရပါတယ်။ အမျိုးသားတွေက လုပ်ငန်းခွင်ဖိစီးမှုကြောင့် အရက်ကိုတော့ သောက်သုံးမှုများကြပါတယ်။
(၆) ရေပူချိုးခြင်း
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာသူတွေက ရေပူထဲမှာစိမ်ပြီးချိုးတာက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသားတွေရဲ့ သုက်ကောင်တွေက အေးမြတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးဖွံ့ဖြိုးမှုရှိတာကြောင့် ရေပူထဲမှာ စိမ်ချိုးတာနဲ့ ပေါင်ပေါ် ကို လက်ပ်တော့ကွန်ပျူတာ တင်သုံးတာတွေကို ရှောင်ဖို့လိုပါတယ်။
(၇) နေရောင်ကာခရင်မ် မလိမ်းခြင်း
ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ယူကေနိုင်ငံတို့ကို လေ့လာမှုအရ အမျိုးသားတွေက နေကာခရင်မ်ကို လိမ်းမှုလျော့နည်းတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ ့ ၅၂ ရာခိုင်နှုန်းက နေကာခရင်မ်ကိုလိမ်းပြီး အမျိုးသားတွေရဲ ့ ၃၇ ခိုင်နှုန်းကသာ နေကာခရင်မ်ကို လိမ်းတယ်လို့ လေ့လာမှုက ဆိုပါတယ်။
(၈) လက်သန့်ရှင်းရေးနည်းပါးခြင်း
သင်ဟာ အိမ်သာထဲက ထွက်လာတိုင်း လက်တွေကို ရေနဲ့ဆပ်ပြာသုံးပြီး စင်ကြယ်အောင် ဆေးဖြစ်ပါရဲ့လား။ အမေရိကန်ပိုးမွှားဗေဒဆိုင်ရာ လေ့လာမှုတစ်ရပ်အရ အမျိုးသားသုံးဦးအနက် တစ်ဦးက ဆေးကြောလေ့မရှိကြောင်း သိရပါတယ်။ ပုံမှန်လက်ဆေးလေ့ရှိတဲ့ အမျိုးသားတွေရဲ ့ သုံးပုံတစ်ပုံကသာ ဆပ်ပြာသုံးပြီး သေချာဆေးကြောလေ့ရှိကြပါတယ်။
(၉) သွားမတိုက်ခြင်း
အမေရိကန် သွားနှင့်ခံတွင်း အဖွဲ့အစည်းရဲ ့ လေ့လာမှုတစ်ရပ်အရ အမျိုးသား ၆၆ ရာခိုင်နှုန်းကသာ သူတို့ရဲ ့သွားတွေကို တစ်နေ့နှစ်ကြိမ် တိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၈၆ ရာခိုင်နှုန်းက တစ်နေ့နှစ်ကြိမ်သွားတိုက်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပုံမှန်သွားနဲ့ ခံတွင်းစစ်ဆေးမှုလုပ်ဖြစ်တာ နှစ်ဆပိုများတယ်လို့လည်း လေ့လာမှုအရတွေ့ရပါတယ်။
(၁၀) အိပ်ချိန်မမှန်ခြင်း
အမျိုးသားတွေက အိပ်စက်တဲ့အလေ့အထနဲ့ အိပ်ချိန်မမှန်တာကြောင့်လည်း ကျန်းမာရေးထိခိုက်မှု အဖြစ်များပါတယ်။