Healthy Life Ad
Q & A

ပန်းနာရင်ကြပ်ရောဂါ (Asthma)

ဒေါက်တာတင့်ဆွေ

Q. ဆရာရှင့် သားလေးက အသက် ၆ နှစ်ပါ။ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရပါတယ်။ အထိရောက်ဆုံးနဲ့ အမြန်ဆုံးပျောက်အောင် ကုသချင်ပါတယ်။ ဘယ်လိုနည်းလမ်းမျိုးဖြစ်ဖြစ် အကြံပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

နှစ်စဉ်မေလရဲ့ ပဌမအင်္ဂါနေ့ကို ကမ္ဘာ့ပန်းနာရောဂါနေ့လို့ သတ်မှတ်တာမို့ ဒီစာက ရာသီစာဖြစ်သွားရော။ မေးတဲ့လူကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ဝမ်းနာ ကိုယ်ပိုသိတဲ့လူတွေထဲမယ် ပန်းနာသမားတွေလည်းပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီဆိုရင် လူနာကိုယ်တိုင်က သူ့ရောဂါအကြောင်းကို ဆေးဆရာတွေလို သိနေပါပြီ။ ပန်းနာသည်၊ သွေးတိုးသမား၊ ဆီးချိုရှိသူများပေါ့။ အခုမှဖြစ်စ ရောဂါသည်လက်သစ် (ဖရက်ရှာ)တွေကတော့ လေ့လာရဦးမှာပေါ့လေ။ ကဲ စ ဖတ်ပေ-မှတ်ပေတော့။

လူဦးရေ ၅% မှာ ဖြစ်တယ်။ အသက် ၁၄ နှစ်အောက် ယောကျာ်းလေးတွေမှာ ပိုအဖြစ်များတယ်။ မျိုးရိုးလိုက်တာ သိသာတယ်။ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတတ်တယ်။ ရောဂါတွေထဲမယ် ကုဖို့ခက်တာဆိုရင် ဆေးစာအုပ်တွေမယ် အရှည်ကြီးရေးကြတယ်။ သီအိုရီတွေအမျိုးမျိုး၊ ဖြစ်နိုင်တာတွေ အဖုံဖုံ၊ စုံနေအောင်ရေးတာ။ မသေချာရင် ဆေးဆရာတွေ လျှာရှည်ပုံပြောရရင်၊ ဗြိတိန်-ပန်းနာရောဂါအသင်းက ပန်းနာကုထုံးကိုရေးထားတာ စာမျက်နှာ ၄၄၀တောင်

“ချုပ်ပြောရရင် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တို့ ဆက်စပ်ပြီး ပန်းနာရောဂါရတာပါ။ မျိုးရိုးဖြစ်တော့ ပိုက်ဆံတမတ်ပေး မွေးစားခိုင်းယုံနဲ့ မရဘူးလေ။ စိတ်ဖိအားများခြင်းနဲ့လဲ ဆိုင်တဲ့လူတွေမှာ ဆိုင်ပါသေးတယ်။ ဒီတော့ ပျော်ပျော်နေတာကောင်းတယ်။ ငယ်ရွယ်တုံးက ပဋိဇီဝဆေး ပေးရတာတို့၊ ဗိုင်းရပ်စ်ပိုး အဝင်ခံဘူးတာတို့ကိုလည်း ထည့်စဉ်းစားရတယ်” . . .

ရှိတယ်။

ပန်းနာအကြောင်းပြောရင် (အလာဂျီ)နဲ့ ဆက်ပြောရတယ်။ မတည့်တာကို ပြောမှန်းသိမှာပေါ့။ (အက်စ်မာ)လို့ ခေါ်တာလည်း လူအတော်များများ သိတာဘဲ။ Asthma ကို အသံထွက်ရင် (သ)သံ မထွက်ရဘူးဆိုပေမဲ့ ့You Tube သွားပြီးရှာရင် အနောက်နိုင်ငံမှာ သမားတော်လုပ်နေသူ အသံထွက်တာ (အက်စ်သ်မာ)လို့ (သ) သံကို မဖျောက်နိုင်ဘဲ၊ (လက်ချာရိုက်)တာတွေ့ရတယ်။ တချို့လူမျိုးတွေဟာ အသံထွက်ရင် မိခင်လျှာကြောင့် ဂွကျတတ်တာကိုး။ ကုလားများကြတော့ (အာရ်)သံကို ပီပီသသပြောမှ အားရကြတယ်။ အိန္ဒိယနိုင်ငံ၊ (မီဇိုရမ်)ကို စရောက်တော့ ဆရာဝန်ပါလို့ပြောရင် အော်(ဒေါက်တားရ်)လားတဲ့။
ရွှေဗမာများကတော့ ဒီစာရင်းထဲမှာ မပါဘူးဗျ။ ဗိုလ်သံဆို သင်ထားရင် ပီပါတယ်။ အဲ ့ ဗမာလိုကြဝဲတယ်။ လွဲတယ်။ ကိုယ့်စာ၊ ကိုယ့်စကားကို တတ်တယ်၊ လွယ်တယ်ဘဲ ထင်တာကိုး။ ရေဒီယိုတွေ နားထောင်ကြည့်ပါလား။

ပဌမဆုံး ပေးချင်တဲ့ အကြံကတော့ တောသွားနေကြပေတော့လို့။ မြို့သားတွေမှာ ၂၅ ရာနှုန်း အဖြစ်များနေသတဲ့။ တမတ်သားဆိုတာကလည်း ခေတ်စားတယ် မဟုတ်လား။ ကလေးတွေမှာ ပိုများလာနေသတဲ့။ ကလေးမှာများတော့ ရောဂါကလည်း ပျောက်နိုင်ခဲတာမို့ သူတို့ကြီးလာတာနဲ့ ကလေးရော၊ လူကြီးရော အဖြစ်များတာ ဖြစ်လာရော။ ဂုဏ်ယူချင်လဲ ယူပေါ့လေ၊ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ ပိုဖြစ်တယ်ဆိုဘဲ။ အဲ ဒါပေမဲ့ ဝင်ငွေနည်းတဲ့ အုပ်စုမှာ ပိုများပြန်ရော။ ပန်းနာဖြစ်သူတွေ ဂုဏ်တင်ပြောနိုင်တာလဲ တကယ်ရှိပါတယ်။ Hygiene hypothesis တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်လွန်းလို့ ဖြစ်တာလဲရှိသတဲ့။ မောင်သန့်ရှင်း၊ မသန့်ရှင်းတို့ကို ပြောတာပေါ့။ ဒီတော့ သိပ်သန့်ချင်နေတာဖြစ်ရင် လျှော့ပေါ့။ အလုပ်အမျိုးအစားနဲ့လဲ ဆိုင်နိုင်တာမို့ လက်ရှိအလုပ်မျိုးကနေ ပြောင်းသင့်ရင် ပြောင်းပါ။ ကျုပ်တို့ပြည်မှာ အလုပ်တွေပေါလှဆိုဘဲ။ သတင်းစာမှာ ဖတ်ရတာ။ သံသယများတဲ့ အလုပ်မျိုးတွေက ချည်-သိုးမွှေး-သားမွှေး၊ အဝတ်အထည်၊ ဓာတုပစ္စည်း၊ အမှုံ့လုပ်ငန်း၊ အနံ့အသက်များတဲ့လုပ်ငန်း စတာတွေပါ။ ချုပ်ပြောရရင် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တို့ ဆက်စပ်ပြီး ပန်းနာရောဂါရတာပါ။ မျိုးရိုးဖြစ်တော့ ပိုက်ဆံတမတ်ပေး မွေးစားခိုင်းယုံနဲ့ မရဘူးလေ။

စိတ်ဖိအားများခြင်းနဲ့လဲ ဆိုင်တဲ့လူတွေမှာ ဆိုင်ပါသေးတယ်။ ဒီတော့ ပျော်ပျော်နေတာကောင်းတယ်။ ငယ်ရွယ်တုံးက ပဋိဇီဝဆေးပေးရတာတို့၊ ဗိုင်းရပ်စ်ပိုး အဝင်ခံဘူးတာတို့ကိုလည်း ထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ကလေးတွေကို ဆေးကုရင် ပိုပြီးသတိရှိရပါလိမ့်မယ်။ (အက်စမာ)မှာ နှစ်မျိုးရှိတာပါ။ အများဆုံးဖြစ်တာက Bronchial asthma အသက်ရှူတာနဲ့ဆိုင်ပြီး နောက်တမျိုးက နှလုံးရောဂါကနေ ဆက်ဖြစ်တာ Cardiac asthma ပါ။ မသိရင် ရင်ကြပ်လို့ဆိုတိုင်း ရမ်းကုရင် ဒုက္ခပိုရောက်စေတယ်။ အသက်ရှူလမ်းကို ကျယ်အောင်လုပ်တဲ့ဆေးက နှလုံးမကောင်းသူတွေအတွက် ရေနစ်သူဝါးကူထိုး ဖြစ်စေပါတယ်။ ဘာရောဂါဖြစ်ဖြစ် ဆေးကုတာမှာ ရောဂါတရားခံကို ရှင်းရတာနဲ့ သူ့ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာအောင် လုပ်တာဆိုပြီး နှစ်ပိုင်းရှိရပါတယ်။ ရင်ကြပ်-ပန်းနာ(Asthma)ကိုကုတာမှာ အကြောင်းရင်းကို မသိတာများလို့ ဖြစ်လာတာကိုသာ သက်သာစေမဲ့ ဆေးကိုပဲ ပေးရတာဖြစ်တယ်။ အပျောက်ကုနိုင်တာ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် ပြန်ပြန်ဖြစ်ရတာပါ။ အတွေ့အကြုံကနေ သင်ပေးလို့ ပန်းနာလူနာကို မပြောခင် မြင်တာနဲ့ သိနိုင်တယ်။ အမှန်က ကြားတာနဲ့ သိတာပါ။ သူ့အသက်ရှူသံက လေချွန်သလို အသံပါနေတယ်လေ။ အပွေးမြင်၊ အပင်သိ။ ရွှီရွှီသံကြားရင် ပန်းနာလို့သိ။ သိပြီးရင် ကုတော့မယ်ဗျာ။ ဆက်ဖတ်ပါ။

ဖြစ်နိုင်ရင် အကြောင်းကိုရှာပါ။ ဆေးကြောင့်လား၊ ဥပမာ(အက်စ်ပရင်)။ တကယ်လို့ ရှောင်မရမဲ့ အရာဖြစ်နေရင်၊ ဆိုပါစို့ ပတ်ဝန်းကျင်ကြောင့် ဖြစ်တာဆိုရင် အဲဒါတွေကို ကိုယ်နဲ့ယဉ်ပါးအောင်လုပ်နည်း(Desensitization) ကိုသုံးနိုင်ပါတယ်။ ကရိကထတော့များတာပေါ့။ ကျန်တာတွေကတော့ သက်သာစေမဲ့ ဆေးနည်းတွေ ဖြစ်တယ်။ ဒါမှာလည်း ဆေးအမျိုးမျိုးရှိတာပါ။ တိတိကျကျပြောရရင် သုံးမျိုး။ သက်သာဆေး၊ ကာကွယ်ဆေးနဲ့ အရေးပေါ်ဆေး။ ဆေးရုံကြီးတွေမှာ ဆရာဝန်တွေ အားအားနေနေ လေပြိုင်ပြောကြတာရှိတယ်။ အခြေခံအားဖြင့် ခွဲစိတ်ဆောင်၊ ဆေးကုဆောင်၊ သားဖွား-မီးယပ်၊ ကလေး-အထူးကု စသဖြင့် ရှိရာမှာ အပြိုင်ဆုံးက ဆေးပေးကုတဲ့ သမားတော်များနဲ့ ဒါးသုံးကုတဲ့ ခွဲစိတ်-ဆရာဝန်တွေပါ။ ပြောကြတယ်. . လူနာက အသက်မရှူနိုင်လို့ သေလုမြောပါး၊ ဆိုက်ကားတစီးနဲ့ ဆေးရုံရောက်လာ၊ သမားတော်များက ဆေးလေးတလုံးထိုးတာနဲ့ လူကောင်းဖြစ်ပြီး၊ ကျော့မော့ပြန်သွားတယ်ပေါ့။ အဲဒါ ပန်းနာသည်ကိုပြောတာ၊ (အဖီဒရင်း)ထိုးဆေးကို တလုံးတောင်မဟုတ်ဘူး၊ တဝက်ထိုးတာနဲ့ ၅ မိနစ်ဆိုကောင်းသွားပြီ။ နောက်လူနာတမျိုးက လာတုံးကတော့ သူ့ဘာသာသူ လမ်းလျှောက်ပြီး၊ ဆေးရုံလာတက်တယ်။ ခွဲစိတ်ဆောင်ကဆင်းတော့ ချိုင်းထောက်နဲ့ ပြန်သွားရတယ်ပေါ့။ အမှန်က ခြေတဖက်လုံး မဖြတ်ရအောင်၊ ဒူးအောက်က ဖြတ်ပေးခံရတဲ့လူနာပါ။

လေပြွန်ကျယ်ဆေးတွေကို ရေတိုအတွက် ပန်းနာသည်တိုင်း သုံးနိုင်ပါတယ်။ ခဏခဏ ကြပ်နေသူများကို စတီးရွိုက်ရှူဆေး သိပ်မများအောင်ပေးရမယ်။ အရင်က Theophylline (Aminophylline)ကို ပါးစပ်က သောက်ခိုင်းပါတယ်။ နေ့တိုင်းဆက်ဖြစ်သူများကိုတော့ စတီးရွိုက်ရှူဆေးနဲ့ B-၂ agonist ရှူဆေးတွဲပေးရမယ်။ ဒီထဲကမှ သိပ်ဆိုးနေရင် စတီးရွိုက်သောက်ဆေးပါ တွဲလိုက်ရင် သက်သာမှာပါ။ Metered-dose inhalers (MDI) ဆိုတာ ခေတ်မီပန်းနာသည်များရဲ့ လက်ကိုင်အိပ်ထဲ အမြဲထားရမဲ့ အဆောင်ပစ္စည်းတစ်ခုပါ။ ဒီဆေးက အမြန်ထိရောက်တဲ့ ရှူဆေးပေါ့။ ဒါနဲ့အဆင်မပြေတဲ့ လူအိုတွေ၊ ပြောတဲ့အတိုင်း မလုပ်ချင်တဲ့ လူနာတွေအတွက်ကတော့ Asthma spacer ဆိုတာကို သုံးစေပါတယ်။ Nebulizer ဆိုတဲ့ အငွေ့ရှူတာမျိုးလည်း သုံးနိုင်ပါတယ်။ နောက်သက်သာဆေးအုပ်စုထဲမှာ ရေတိုအတွက် Salbutamol, Levalbuterol, Terbu­taline, Bitolterol ခေါ်တဲ့ ဆေးတွေရှိသေးတယ်။ ဒီဆေးတွေက ပါးစပ်ကပေးရင် ခြေတုံ-လက်တုံ-ရင်တုံဖြစ်တတ်တယ်။ Epinephrine, Ephedrine စားဆေး၊ ထိုးဆေးက သမားရိုးကျ ထိရောက်တဲ့ဆေးတွေပါ။ သုံးနေကြဆဲပါ။ ပိုစိတ်ချချင်ရင် Ipratropium bromide ကိုပေးပါတယ်။ နှလုံးရောဂါရှိရင်တောင်မှ ပေးနိုင်တယ်။ နဲနဲတော့ကြာလို့လာမယ်-ကြာမယ်အစားပေါ့။

ပန်းနာမှာ ကာကွယ်ဆေးဆိုတာက တခြားရောဂါတွေနဲ့ သဘောသဘာဝ မတူဘူး။ မဖြစ်အောင်ဆိုတာ မကြပ်အောင်နဲ့ ကြပ်ရင်လဲ သက်သာအောင် ပေးတဲ့နည်းပါ။ (စတီးရွိုက်) ဆေးတွေပါပဲ။ ကြာကြာသုံးသူများဆိုရင် သတိထားဖို့က အဆီစုတတ်လို့ ဝမယ်။ အစားသိပ်စားချင်လို့လည်း ဝမယ်။ အရိုးပွတတ်တယ်။ အသံသြတာတို့၊ မှက်ခရုဖြစ်တာတို့လည်း ဖြစ်တတ်တယ်။ အလာဂျီအတွက် Burmeton, Citrizine တို့လိုဆေးမျိုးပါ တွဲပေးရတတ်ပါသေးတယ်။ အခုနောက်ဆုံး အသုံးများတဲ့ဆေးတွဲတွေကတော့ စတီးရွိုက်ရှူဆေးနဲ့ တာရှည်ခံလေပြွန်ကျယ် ဆေးတွေဖြစ်ပါတယ်။ Advair Seretide, Bude-sonide, Formoterol, Symbicort တို့လည်းပါတယ်။

ကြည့်ဖူးကြမှာပါ။ Panic room ဇာတ်ကားထဲမှာ Jodie Foster ရဲ့သမီးအဖြစ် ကလေးဇာတ်လိုက် Kristen Stewart ဟာ ပန်းနာသည်လေးအဖြစ် သရုပ်ဆောင်ရတယ်။ တကယ့်ဘဝပန်းနာသည် မင်းသမီးကတော့ နာမည်ကြီး Lindsay Lohan ပေါ့။ အရေးပေါ်ဆေးရုံတောင် တက်ယူရသတဲ့။ ဆေးရုံဆင်းတော့ အလေးချိန် ၁၅ ပေါင်ကြီးများတောင် ကျသွားတာကို မြင်တဲ့လူတွေက၊ “You look great မင်းသိပ်ဟုတ်သွားပါလား” လို့ ချီးမွမ်းကြတယ်။ ဒီတော့ ပန်းနာသည်မင်းသမီး ပြန်ပြောတာက “သူတို့ပြောပုံကဖြင့် အရင်က ကျွန်မအတော်မလှဘူးလို့ ပြောနေတဲ့အတိုင်းပဲ” တဲ့။ (လင်းဆေး-လိုဟန်) လို အရေးပေါ်ဖြစ်ရင် အောက်စီဂျင်ပေးဖို့ လိုရင်လိုမယ်။ Salbutamol or Terbutaline wdkYudk Ipratropium နဲ့တွဲပြီး၊ အငွေ့အဖြစ် ရှူခိုင်းမယ်။ ပါးစပ်ကနေ စတီးရွိုက်ပေးတယ်။ Ketamine ဆိုတဲ့ မေ့ဆေးလည်း ပေးနိုင်တယ်။ Magnesium Sulfate ဆားခါးကိုလည်း သွေးပြန်ကြောထဲ ထိုးပေးနိုင်တယ်။ အသက်ရှူစက်နဲ့ ကူပေးတာမျိုး သုံးပါတယ်။

ဆရာဝန်တွေက ဘယ်လိုပဲ အဲဒီနည်းပေါင်းစုံနဲ့ ကုနိုင်ပါတယ်ပြောပြော၊ ပန်းနာသည် ၁၀ ယောက်ရှိရင် ၅ ယောက်က ဆရာဝန်တွေကို အားမကိုးပါ။ တခြားနည်းတွေ ရှာကြပါတယ်။ ဒါပေမဲ့ လေထဲကပိုးတွေ၊ အမှုန်တွေကို သန့်ပေးနည်းကို လက်တွေ့မှာ ထိရောက်တယ်လို့ သက်သေမပြနိုင်ပါ။ စိတ်ပညာနည်း၊ ယောဂနည်း၊ တရားထိုင်နည်းတွေကိုလည်း ထိရောက်တယ်လို့ ညွှန်းမပေးချင်ပါ။ အပ်စိုက်ကုတာကိုတောင် စာရင်းမသွင်းသေးပါ။ (ဟိုမီယိုပက်သစ်) နည်းကတော့ နည်းနည်းနီးစပ်လာပုံရနေပါတယ်။ နောက်ပြီး ရုရှားပညာရှင်တဦး တီထွင်တဲ့ Buteyko method အသက်ရှူနည်းကိုတော့ သုံးနိုင်ပါတယ်လို့ ဆရာဝန်တွေက ထောက်ခံထားပြီးပါပြီ။

ဖြစ်နေမှတော့ စိတ်မပျက်နဲ့။ ညားပြီးသား ခွဲဖို့ခက်သလို ကြည့်ပေါင်းပေါ့။ နည်းပေါင်းစုံရှိတာဘဲ။ အကြံပေးချင်တာက ကြပ်လာပြီဆိုရင် အကြာကြီး စောင့်မနေပါနဲ့။ မြန်မြန် ဆေးကုလိုက်ပါ။ ညဉ့်နက်သန်းကောင်မှာ ထဖြစ်တတ်တယ်။ ပန်းနာဆိုတာသေချာသူ၊ နှလုံးရောဂါမရှိသူ၊ ဆန်းဆန်းပြားပြားတွေလည်း လက်လှမ်းမမီသူများအတွက် ဆေးထိုးပိုက် ၂ စီစီတချောင်းနဲ့ (အဖီဒရင်း)ထိုးဆေး တလုံးဆောင်ထားရင် အရေးပေါ်အတွက် အလွယ်ဆုံးပါ။ လက်ဖျံအရေပြားအောက်မှာ ၁ စီစီသာပါတဲ့ ထိုးဆေးကို တဝက်လောက် ထိုးပေးလိုက်ရင် ၁၀ မိနစ်ထက်မကြာပါ။ ကြပ်တာတွေ ချောင်သွားပါလိမ့်မယ်။ လိုမှကျန်တဲ့တဝက်ထိုးပါ။ ရင်တုန်တာလေးတော့ သီးခံပေါ့။ စိတ်မပျက်နဲ့နော်။ အံ့စရာတခုပြောမယ်။ အားကစားသမားတွေမှာ အတော်များများ ပန်းနာရှိကြသတဲ့။ ဆိုပါစို့ အိုလံပစ် ကစားသမားတွေရဲ့ ၁၅ ရာနှုန်းမှာ ပန်းနာရှိတယ်ဆိုပဲ။ ဒါကတော့ ရှူနာရှိုက်ကုံး ပန်းနာသည်လုံးလုံးဖြစ်ပါစေ၊ အားကစားလုပ်လို့ရတာကို ပြောချင်တာ။ ဒီတော့ ပန်းချင်ပန်းပါစေ၊ ရွှေတံဆိပ်သာမှန်း။

ပန်းနာကင်းရှင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြစေသော်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top