ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
မိန်းကလေးတွေအနေနဲ့ ပင်ကို အလှအပပေါ်လွင်စေဖို့ဆိုရင် အိပ်ရေးဝ၀ အိပ်ပေးဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝတာက အသားအရေကို ပြည့်တင်းစေပြီး စိတ်ကို လန်းဆန်းရွှင်ပျစေပါတယ်။
(၁) တေးသီချင်း နားဆင်ပါ
အိပ်ရာဝင်ခါနီးမှာ ချိုသာငြိမ့်ညောင်းတဲ့ တေးသီချင်းတွေကို နားဆင်ပေးရင် အလွယ်တကူ အိပ်မောကျစေသလို အိပ်မက်ဆိုးမက်တာကိုလည်း ကင်းဝေးစေပါတယ်။
(၂) အိပ်ရာမဝင်ခင် သရေစာ မစားပါနှင့်
အိပ်ရာမဝင်ခင်မှာ ဆားပါတဲ့ သရေစာတွေနဲ့ သကြားကို လုံးဝမစားသင့်ပါ။ ဒါတွေက မျက်လုံးတွေကို မို့အစ်စေပါတယ်။ အိပ်ရာ မဝင်ခင် ဗိုက်ဆာနေရင် သကြားမပါတဲ့ နွားနို့တစ်ခွက်နဲ့ ခရက်ကာမုန့်စားပါ။
(၃) လုံးဝ အမှောင်ချပြီး အိပ်ပါ
အခန်းမီးအားလုံးပိတ်ပြီး အထူးသဖြင့် လုံးဝ လုံးဝ မှောင်နေတဲ့ အခန်းထဲမှာ အိပ်ပါ။ ဒါမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပြီး ကြည်ကြည်လင်လင် နိုးထနိုင်မှာဖြစ်ပါတယ်။
(၄) အိပ်ရာထက်မှ တီဗီမကြည့်ပါနှင့်
အိပ်ခန်းထဲမှာ တီဗီထည့်ထားပြီး မအိပ်ခင် တီဗီကြည့်တာမျိုးကို ရှောင်ပါ။ မအိပ်ခင် တီဗီကြည့်တာက စိတ်ကို လှုပ်ရှားအောင် လှုံ့ဆော်ပေးနိုင်ပြီး တော်တော်နဲ့ အိပ်မပျော် တာမျိုးဖြစ်စေနိုင်ပါတယ်။
(၅) ကျယ်လောင်ဆူညံသော နာရီနိုး စက်သံကို မပေးပါနှင့်
နံနက်ခင်းမှာ လန်းလန်းဆန်းဆန်း မနိုးထနိုင်လောက်အောင် ဆူညံပြင်းထန် တဲ့ နိုးစက်နာရီသံကို မပေးထားပါနဲ့။ နံနက်မှာ အိပ်ရေးဝ၀ နိုးထလာနိုင်အောင် ညမှာ စောစော အိပ်ရာဝင်ပါ။
(၆) အိပ်ခန်းကို အေးမြအောင်ထားပါ
အိပ်ခန်းအပူချိန်ကို ၇၀ ဒီဂရီ ဖာရင်ဟိုက်ထက် မကျော်ပါစေနဲ့။ လူအများစုဟာ ထပ်ခိုးလို အခန်းကျဉ်းထဲမှာ အိပ်ခန်းကို ပြင်ဆင်ထားတတ်ပြီး ပူလောင်နေတတ်တဲ့အတွက် ကောင်းကောင်းအိပ်နိုင်ဖို့ မလွယ်ပါ။
၇) ညဘက်မှာ ကဖင်းဓာတ်ကို ရှောင်ပါ
ကဖင်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေဟာ ညဘက်မှာ အိပ်ရေး ပျက်စေတာကြောင့် ညဘက်မှာ ကဖင်းဓာတ်ကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။
(၈) ဆေးဝါးများကို ညဘက်မှာချည်း စု မသောက်ပါနှင့်
ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးဝါးတွေကို ညဘက်မှာ စုပြီး မှီဝဲရင် အိပ်ရေးပျက်တာမျိုးဖြစ်စေနိုင်ပါတယ်။
(၉) အိပ်ရာမဝင်မီ အချိန်နှစ်နာရီ အတွင်း ဘာအရည်မှ များများ မသောက်ပါနှင့်
အိပ်ရာမဝင်ခင် ရေနဲ့ တခြားဖျော် ရည်တွေကို များများ မသောက်ပါနဲ့။ အရက်ကို တော့ လုံးဝမသောက်သင့်ပါ။ အရက်သောက်လိုက်ရင် အိပ်ချင်စိတ် ပေါ်လာပေမယ့် ခဏပဲ အိပ်ပျော်ပြီး သန်းခေါင်ယံအချိန်မှာ လန့်နိုးလာကာ အိပ်မပျော်တော့တာမျိုးဖြစ်စေနိုင်ပါတယ်။
(၁၀) ကြက်သီးနွေးရေ ချိုးပေးပါ
ညဘက်ကောင်းကောင်း အိပ်မောကျနိုင်အောင် ကြက်သီးနွေးရေနဲ့ ရေ ချိုးပြီး သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပေးပါ။