Healthy Life Ad
Men

အမျိုးသားတို့ သက်ရှည်ကျန်းမာဖို့ လိုက်နာသင့်သော နည်းလမ်းကောင်း ၁၀

၊ ကိုမိုး ၊ (Ref; Menfitness)

အမျိုးသားတွေ ကျန်းမာပြီး သက်သောင့်သက်သာရှိရှိ နေထိုင်နိုင်ဖို့ရာအတွက် အောက်ပါ အလေ့အထတွေကို ပုံမှန် လုပ်ဆောင်ပေးသင့်ပါတယ်။

(၁) တရားထိုင်ပါ
တရားထိုင်တာဟာ သက်ရှည်ကျန်းမာစေတဲ့ လျှို့ဝှက်ချက် တစ်ခုပါ။ တရားထိုင်တာကြောင့် စိတ်ဖိစီးမှု လျော့ကျပြီး ကောင်းကောင်း အိပ်မောကျစေပါတယ်။ ဒါ့အပြင် သွေးတိုးကျစေတာ၊ ကိုယ်ခံစွမ်း အားစနစ် မြင့်တက်တာနဲ့ နှလုံးသွေးကြော လုပ်ငန်းဆောင်တာ ကောင်းမွန်တာတို့လို ကောင်းကျိုးတွေကိုလည်း ရရှိစေပါတယ်။

(၂) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
အမျိုးသားတွေအနေနဲ့ တစ်နေ့မှာ အိပ်ချိန် ခုနစ် နာရီ-ရှစ်နာရီလောက်မှ မရဘူးဆိုရင် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့ ခက်ခဲပါတယ်။ ရိုချက်စတာ တက္ကသိုလ်လေ့လာမှုအရ အိပ်ချိန်အလုံအလောက်မရှိရင် ကိုယ်တွင်းအဆိပ်တွေကဗို ဖယ်ရှားပေးနိုင်တဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ တစ်ညတာ အိပ်ရေးဝ၀မအိပ်စက်ဘဲ အလုပ်လုပ်တဲ့အခါ ဘာကိုမှ အာရုံမစိုက်နိုင်တဲ့အတွက် အလုပ်မတွင်ကျယ် ဖြစ်နေပါလိမ့်မယ်။


(၃) လက်ဖက်ရည်ကြမ်း များများသောက်ပါ
ရေကလွဲရင် သင့်ခန္ဓာကိုယ်အတွက်အကောင်းဆုံးအရည်က လက်ဖက်ရည်ကြမ်းဖြစ်ပါတယ်။ ဥရောပအာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည်ကို ပုံမှန်သောက်တာကြောင့် အမျိုးသားတွေအနေနဲ့ မှတ်ဉာဏ်ကောင်းမွန်ပြီး တွေးခေါ်နိုင်စွမ်းတိုးတက်စေတယ်လို့ သိရပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ အင်တီအောက်ဆီးဒင့်တွေကြောင့် ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းမွန်တာ၊ သွေးတိုးကျတာ၊ ခံတွင်းအနံ့ဆိုးမထွက်အောင် ကာကွယ်ပေးတာ၊ ကိုယ်ခံစွမ်းအားတိုးတက်တာနဲ့ ရောင်ရမ်းမှုကိုလျော့ ကျစေတာစတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

(၄) အကျိုးပြုဘက်တီးရီးယားပါသည့် ဖြည့်စွက် ဆေးမှီဝဲပါ
အကျိုးပြုဘက်တီးရီးယားတွေက အူလမ်းကြောင်းကို ကျန်းမာစေပြီး အစာခြေလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပါတယ်။ အူထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေတိုးစေဖို့ နေ့စဉ် အကျိုးပြုဘက်တီးရီးယားပါတဲ့ ဖြည့်စွက်ဆေးကို တစ်နေ့ တစ်လုံး မှီဝဲပါ။ အကျိုးပြုဘက်တီးရီးယားတွေက အစာကြေစေတဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၅) သွားကြားပွတ်ကြိုး သုံးပါ
သွားကြားပွတ်ကြိုးသုံးပြီး သွားတွေကို သန့်စင်တာကြောင့် သွားတွေကို ဖြူစင်လာစေပြီး ခံတွင်းနံ့ ကင်းစင်စေပါတယ်။ သွားဖုံးတွေ ပိုးဝင်တဲ့အခါ ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေက သွေးကြောထဲ ဝင်ရောက်ပြီး တစ်ကိုယ်လုံးကို ရောင်ရမ်းစေပါတယ်။


(၆) အလေးမလေ့ကျင့်ခန်း လုပ်ပါ
အလေးမတဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ လီဗာပူးတက္ကသိုလ် လေ့လာမှုအရ အလေးမလေ့ကျင့် ခန်းလုပ်တာကြောင့် သက်လုံကောင်းပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတို့ မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့တာကြောင့် အမောခံနိုင်စွမ်းကို တိုးစေပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်နိုင်ပါတယ်။

(၈) ပလတ်စတစ်အသုံးအဆောင်များကို တတ်နိုင်သမျှ ရှောင်ပါ
BPA ဓာတ် မပါတဲ့ အိမ်သုံးပစ္စည်းတွေကို သုံးပါ။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ရေသန့်ဘူး၊ ထမင်းဘူး စတဲ့ အိမ်သုံးပစ္စည်းတွေမှာ BPA ပါဝင်တတ်ပါတယ်။ BPA ဓာတ်ဟာ လူ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် BPA မပါတဲ့ အသုံးအဆောင်တွေကို စနစ်တကျ ရွေးချယ် အသုံးပြုသင့်ပါတယ်။

(၉) အသားအရေထိန်းအလှကုန်များ လိမ်းပေးပါ
အရေပြားဟာ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်လို့ အထူးအလေးထားသင့်ပါတယ်။ အရေပြားမှာ နေ့စဉ်နေကာခရင်မ်လိမ်းတာနဲ့ ဓာတုပစ္စည်း မပါတဲ့ အသားအရေထိန်း အလှကုန်တွေ လိမ်းပေးတာကြောင့် အရေပြားကို ကျန်းမာစေပါတယ်။


(၁၀) အမျှင်ဓာတ် ပါဝင်သည့် အစာ စားပါ
အမျှင်ဓာတ်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာရဲ့ အဓိက သော့ချက်ပါ။ အမျှင်ဓာတ်များတဲ့ အစာစားတာကြောင့် ဝမ်းမှန်မှန် သွားစေတဲ့အပြင် အသက်ရှည်စေပါတယ်။ အမျှင်ဓာတ်ဟာ အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် အစာကြေစေပြီး ရောင်ရမ်းမှုနဲ့ သွေးတိုးကို လျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top