ပျမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ဘဝသက်တမ်းက အမျိုးသားတွေထက် ပိုရှည်နေပါတယ်။ ကမ္ဘာတစ်ဝန်းကို လေ့လာကြည့်လိုက်တော့ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိတာ၊ အာဟာရပြည့်စုံတာ၊ ပညာတတ်တာနဲ့ ဆေးပညာတိုးတက်တာ စတဲ့အချက်တွေကလူ့သက်တမ်းကို ပိုရှည်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။
– သက်ရှည်ကျန်းမာခြင်းနှင့် အပြုအမူ
စပိန်နဲ့ပြင်သစ်ကြား အန်ဒေါ်ရာတောင်ပေါ်မြို့လေးဟာ လတ်တလောမှာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးအများစု ရှိနေတယ်လို့ဆိုပါတယ်။ သူတို့တွေကပျမ်းမျှအားဖြင့် အသက် ၈၉ နှစ်အထိ ရှည်ကြပါတယ်။ အရင်ကလေ့လာမှုအရ ကမ္ဘာပေါ်မှာသက်ရှည်ကျန်းမာတဲ့ လူအများရှိတဲ့နေရာက လေးနိုင်ငံရှိပြီး အီတလီက ဆာဒီးနီးယား၊ ဂျပန်က အိုကီနာဝါကျွန်း၊ လိုမာလင်ဒါနိုင်ငံနဲ့ ကယ်လီဖိုးနီးယားတို့ ဖြစ်ကြပါတယ်။ အဲဒီနေရာကလူမျိုးတွေက ပျမ်းမျှအားဖြင့်သက်ရှည်ကျန်းမာကြပြီး အသက် ၁၀ဝ နီးပါးရှည်လေ့ရှိတယ်လို့ ဆိုပါတယ်။ သူတို့တစ်တွေကိုလေ့လာပြီး အများအားဖြင့်တွေ့ရတဲ့ အပြုအမူတွေကတော့-
– ပုံမှန်တက်ကြွတဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိကြပါတယ်။
ဥပမာပြောရရင် ဆာဒီးနီးယန်းလူမျိုးတွေက လယ်ကွင်းထဲမှာအလုပ်လုပ်ရင်း တစ်နေ့ခြောက်မိုင်လမ်းလျှောက်ကြပါတယ်။
– ပုံမှန်ထက်အစာကို လျှော့စားတတ်ကြပါတယ်။
အိုကီနီဝါလူမျိုးတွေက အစာအိမ်ရဲ့ ၈၀ ရာခိုင်နှုန်းပြည့်တဲ့အထိပဲ စားလေ့ရှိပါတယ်။
– အပင်ထွက်အစာတွေကို များများစားကြပါတယ်။
အသက်ရာကျော်ရှည်သူအများစုက သက်သတ်လွတ်စားပြီး အခွံမာစေ့ကို အဓိကစားလေ့ရှိကြပါတယ်။
– လူမှုဆက်ဆံရေး ကောင်းမွန်ကြပါတယ်။
အသက်ရာကျော်ရှည်သူတွေက ဘာသာတရားဆိုင်ရာ အခမ်းအနားတွေမှာ ဦးဆောင်ကြလေ့ရှိပြီး အကောင်းမြင်သူတွေ ဖြစ်ကြပါတယ်။
– သက်ရှည်ကျန်းမာခြင်းနှင့် မျိုးဗီဇ
အသက်ရှည်တဲ့မျိုးဗီဇကြောင့် အသက် ၉၀ လောက်အထိ ရှည်ကောင်းရှည်နိုင်ပါတယ်။ လေ့လာမှုအရ မျိုးဗီဇဟာ အသက်ရှည်ရှည်နေရခြင်းမှာ သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။
ကိုယ့်ဝမ်းကွဲမောင်နှမထဲမှာ အသက်ရာကျော်ရှည်သူပါဝင်ရင် မိမိမှာအသက် ၁၀ဝ ကျော်နေရနိုင်ခြေ သုံးဆပိုများတယ်လို့ ၂၀၁၄ လေ့လာမှုကဆိုပါတယ်။
– သက်ရှည်ကျန်းမာခြင်းနှင့် ပညာရေး
ပညာတတ်ဖြစ်တာက အသက်ရှည်ရှည်နေရတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေက သဘောတူထားပါတယ်။ ကျောင်းတက်ခဲ့တဲ့နှစ်အရေအတွက်နဲ့ ဘဝသက်တမ်းအကြားဆက်စပ်မှုကို ၂၀၁၄ မှာ လေ့လာခဲ့တဲ့အခါ ပျမ်းမျှအားဖြင့် ကောလိပ်တက်ခဲ့သူအမျိုးသားတွေက မတက်ခဲ့သူတွေထက် ၁၆ နှစ်အသက်ပိုရှည်ပြီး ကောလိပ်တက်ခဲ့သူ အမျိုးသမီးတွေက မတက်ခဲ့သူတွေထက် ရှစ်နှစ်အသက်ပိုရှည်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ ပညာတတ်လေလေ ဆေးလိပ်နဲ့အရက်ရှောင်ပြီး ကျန်းမာရေးနဲ့အညီ ပိုစားတတ်လေလေဖြစ်တာကြောင့် ဖြစ်မယ်ဆိုပြီး လေ့လာသူတွေက သုံးသပ်ထားပါတယ်။
– သက်ရှည်ကျန်းမာခြင်းနှင့် အကောင်းမြင်စိတ်
အသက် ၁၀ဝ ကျော်အထိ ရှည်သူတွေက အကောင်းမြင်စိတ်ပိုများနေတယ်လို့ လေ့လာမှုအရသိရပါတယ်။ ကိုယ်ရည်ကိုယ်သွေးနဲ့ လူမှုစိတ်ပညာဂျာနယ်လေ့လာမှုအရ အကောင်းမြင်စိတ်ရှိသူတွေက အဆိုးမြင်စိတ်ရှိသူတွေထက် ပျမ်းမျှအားဖြင့် ၇ နှစ်ခွဲ အသက်ပိုရှည်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
– သက်ရှည်ကျန်းမာခြင်းနှင့် လှုပ်ရှားခြင်း
ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးအများစုဖြစ်တဲ့ အိုကီနာဝါလူမျိုးတွေက ရိုးရာယဉ်ကျေးမှုထုံးစံအရ ကြမ်းပြင်ပေါ်ထိုင်ပေမယ့် တစ်နေ့မှာ ၈၀ – ၉၀ ကြိမ် မတ်တတ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါက ထိုင်ထလုပ်သလိုဖြစ်ပြီး အသက်ရှည်ရတာဖြစ်မယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။