Healthy Life Ad
Q & A

ဆီးချိုရောဂါ စစ်ဆေးရာမှာ . . .

—၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. ဆီးချိုရောဂါသမားတွေက မနက်တိုင်း သွေးတွင်းသကြားဓာတ် တိုင်းတာဖို့ လိုပါသလား ဆရာ။

A. ဆီးချိုသမားတွေဟာ မနက်တိုင်း သွေးတွင်းသကြားဓာတ် တိုင်းတာဖို့ လိုသလားဆိုတော့ တိုင်းနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ နေ့တိုင်းတိုင်းနိုင်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဆီးချိုတိုင်းရင် လက်နာပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ဘယ်နှခါတိုင်းတာရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူး။ လိုအပ်ရင် လိုအပ်သလို တိုင်းတာရပါတယ်။ အကြမ်းဖျင်းပြောရရင်တော့ ဆရာတို့တိုင်းတာခိုင်းတဲ့ နည်းတွေကတော့ သုံးနည်းရှိတယ်။

ပထမတစ်နည်းကတော့ မနက်အစောကြီး တိုင်းတာတဲ့နည်း (Fasting)ပါ။ အဲဒီနည်းက ညဆယ်နာရီလောက်ကစပြီး ဘာအစာမှမစားရပါဘူး။ ဗိုက်ဆာလည်း ရေပဲသောက်နေရပြီး မနက်ခြောက်နာရီမှာ သွေးတွင်းသကြားဓာတ် တိုင်းတာရပါတယ်။ အဲဒီအချိန် စစ်လိုက်တဲ့ ဂဏန်းဟာ အမြဲတမ်း ၇၀ နဲ့ ၁၃၀ ကြားမှာပဲ ရှိမှသာ ဆီးချိုထိန်းချုပ်မှု (Control) ကောင်းတယ်လို့ သက်မှတ်ပါတယ်။

ဒုတိယစစ်နည်းကတော့ 2HPP (2 Hour Post Parandial) ဆိုတဲ့နည်းပါ။ အဲဒါက အစာစားပြီး နှစ်နာရီရှိမှ စစ်ကြည့်ရတာပါ။ ဥပမာ ၁၂ နာရီမှာ ထမင်းစားပြီးရင် ၂ နာရီမှာ စစ်တယ်၊ ညနေ ၅ နာရီမှာ ထမင်းစားရင် ၇ နာရီမှာ စစ်ကြည့်တယ်၊ အဲလိုစစ်ကြည့်တဲ့ ဂဏန်းက ၁၄၀ ကနေ ၁၈၀ ကြား ရှိတယ်ဆိုရင် ဆီးချို Control ကောင်းပါတယ်။ နောက်တိုင်းနည်းတစ်နည်းကတော့ Random Blood Sugar ပါ၊ ကြိုက်တဲ့အချိန်မှာတိုင်းပြီး ရမှတ်က ၂၀၀ မကျော်ဘူးဆိုရင် ကောင်းပါတယ်။

ဒီနည်းသုံးနည်းအနက် ဆရာတို့ကတော့ ပထမဆုံးနည်းကိုပဲ စစ်ခိုင်းတာများပါတယ်။ ဆီးချိုသမားတစ်ယောက်က တစ်ရက်ကို ဘယ်နှခါစစ်ရမယ်လို့တော့ သတ်မှတ်ထားတာ မရှိပါဘူး။ ဆီးချိုက Control ကောင်းနေရင် တစ်ပတ်မှာတစ်ခါလောက်စစ်လည်း ရပါတယ်။ နေ့တိုင်းတိုင်းနိုင်ရင်တော့ ကောင်းပါတယ်။ ပုံမှန်သတ်မှတ်ချက် တိတိကျကျတော့ မရှိပါဘူး။ လိုအပ်မှသာ လိုအပ်သလို တိုင်းခိုင်းတာများပါတယ်။ သဘောကတော့ ဆီးချို Control မကောင်းတဲ့သူကတော့ နေ့တိုင်းစစ်သင့်ပါတယ်၊ ကောင်းတဲ့သူကတော့ ကောင်းသလို ၃ ရက်တစ်ခါ၊ ၄ ရက်တစ်ခါ၊ တစ်ပတ်တစ်ခါတိုင်းပါ။

Q. ဆီးချိုကို မနက်တိုင်းတာနဲ့ ညနေတိုင်းတာ ဘယ်ဟာပိုကောင်းပါသလဲ ဆရာ။

A. မနက်တိုင်းတာနဲ့ ညနေပိုင်းတိုင်းတာ ဘယ်ဟာပိုကောင်းလဲဆိုရင် နှစ်မျိုးစလုံးက ကောင်းပါတယ်။ ကြိုက်တဲ့အချိန် အဆင်ပြေသလို တိုင်းနိုင်ပါတယ်။ အဓိကကတော့ မနက်ပိုင်းတော့ ပိုပြီးဦးစားပေးပါတယ်။ မနက်ပိုင်းတိုင်းတာ အမြဲတမ်း ၁၃၀ အောက်မှာရှိတယ်ဆိုရင် ညနေပိုင်းကို လှည့်တိုင်းကြည့်တာမျိုး လုပ်ကြည့်လို့ရပါတယ်။ နောက်တစ်မျိုးက သုံးလတစ်ခါတိုင်းတာ ရှိပါတယ်။ အဲဒါကို HBA1C (Haemoglobin A1C) လို့ခေါ်ပါတယ်။ အဲဒါက သွေးတွင်းသကြားဓာတ် ရမှတ်တွေအားလုံးကို ပျမ်းမျှယူပြီး ၉၀ နဲ့စားလိုက်တာပါ။ ဆိုလိုတာက လူနာတွေက နေ့တိုင်းမတိုင်းနိုင်ဘူး။ ရက်ခြားစစ်ခဲ့တာတွေလည်းရှိတယ်။ ၃ ရက်၊ ၄ ရက်ကြာမှ တစ်ခါ တိုင်းတာတွေလည်း ရှိတယ်၊ အဲလို တိုင်းတာတွေရဲ့ အနှစ်ချုပ်ကတော့ ၃ လ တစ်ခါတိုင်းတာပါပဲ။ ၃ လတစ်ခါမှာ စစ်လိုက်တိုင်း ပျမ်းမျှ ၇ ရာခိုင်နှုန်းအောက် ရောက်ရပါမယ်။ အဲဒီလိုတိုင်းနေဖို့တွေ လိုလားဆိုရင်တော့ လိုတယ်လို့ ပြောရမှာပါ။ ဆရာတို့ အတွေ့အကြုံတွေထဲမှာ တချို့က ကိုယ်နေကောင်းနေတာပဲဆိုပြီး တစ်လမှတစ်ခါ၊ နှစ်လမှတစ်ခါ တိုင်းတာတွေ ကြုံဖူးတယ်။ တချို့ကလည်း နေမကောင်းမှတိုင်းတယ်၊ ခေါင်းလေးမူးမှ ဆီးချိုတက်နေမလား မသိဘူးဆိုပြီး တိုင်းတာတွေ ကြုံဖူးပါတယ်။ အဲဒါတွေက မှားပါတယ်။ သေချာပြန်ပြောရရင် နေ့တိုင်းတိုင်းနိုင်ရင်တော့ ကောင်းပါတယ်။ တစ်ရက်တစ်ခါ နှစ်ရက်တစ်ခါ တိုင်းရပါမယ်လို့ သတ်မှတ်ထားတာတော့ မရှိပါဘူး။ ဒါပေမဲ့ တစ်လမှ တစ်ခါတိုင်းတာ၊ နေမကောင်းဖြစ်မှတိုင်းတာ၊ ခေါင်းမူးမှတိုင်းတာတို့ကိုတော့ အားမပေးပါဘူး။

Q. ဆီးချိုကို ကောင်းကောင်း မထိန်းနိုင်တာကြောင့် ဘယ်လိုရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. ခန္ဓာကိုယ်ပေါ်မှာ ဆီးချိုနဲ့လွတ်တဲ့ရောဂါ ဘာမှမရှိပါဘူး။ အကုန်လုံးကို ထိခိုက်နိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ နှစ်မျိုးခွဲလို့ရပါတယ်။ ဒီနှစ်မျိုးက သွေးကြောနဲ့ခွဲတာပါ။ တစ်မျိုးက သွေးကြောအကြီးကို ထိခိုက်တာ (Macrovascular)နဲ့ သွေးကြောအငယ်တွေကို ထိတာ(Microvascular) ဆိုပြီး ရှိပါတယ်။ သွေးကြောအကြီးတွေကို ထိတာဆိုရင် လေဖြတ်တာ၊ လေဖြန်းတာ၊ နှလုံးသွေးကြောကျဉ်းတာ ဒါမှမဟုတ် ပိတ်တာ IHD၊ PVD လို့ခေါ်တဲ့ ခြေထောက်ကိုသွားတဲ့ သွေးကြောတွေ ကျဉ်းသွားတာ အဲဒါတွေဖြစ်တတ်ပါတယ်။ သွေးကြောသေးတွေကို ထိတာဆိုရင် မျက်စိကိုထိတယ်၊ ကျောက်ကပ်ကိုထိတယ်၊ အာရုံကြောတွေကို ထိခိုက်တာတွေ ဖြစ်ပါတယ်။ ဆီးချိုသမား ၇၀ ရာခိုင်နှုန်းကတော့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သေဆုံးကြပါတယ်။ ၁၀ ရာခိုင်နှုန်းက ကျောက်ကပ်ကြောင့် သေဆုံးပါတယ်။ ၁၀ ရာခိုင်နှုန်းကတော့ လေဖြတ်ပြီး သေဆုံးပါတယ်။ ၄ ရာခိုင်နှုန်းလောက်က ခြေထောက်ဖြတ်ကြရပါတယ်။

Macrovascular ထိခိုက်မှုမဖြစ်ဖို့အတွက် ဘာလုပ်ရမလဲဆိုရင်-

(၁) သွေးတိုးကိုကုပါ၊

(၂) အက်စပရင်ဆိုတဲ့ သွေးကျဲဆေးကို လိုရင်သောက်ပါ၊

(၃) အဆီကျဆေး သောက်ပါ။

Macrovascular ထိခိုက်တာကို ကာကွယ်ဖို့ကတော့ ဆီးချိုကိုနိုင်အောင် ထိန်းထားဖို့ပဲ လိုပါတယ်။ ဒါတွေကတော့ နောက်ဆက်တွဲပြဿနာတွေနဲ့ ကာကွယ်ပုံလေးတွေပါ။ ဆီးချိုရဲ့ပြဿနာက နာတာရှည်ရောဂါဖြစ်တဲ့အတွက် တစ်သက်လုံး ဆေးသောက်နေရပါတယ်။ တစ်သက်လုံး ဂရုစိုက်နေရတာပဲ ဖြစ်ပါတယ်။ ဆီးချိုသမားတွေက တစ်သက်လုံးထိန်းရတော့မယ်ဆိုပြီး ပေါ့ဆတတ်ပါတယ်။ ဆေးတွေကို မှန်မှန်မသောက်တာ၊ တိုးတာ၊ လျှော့တာတွေ လုပ်တတ်ကြပါတယ်။ တကယ်တော့ ဆီးချိုရောဂါက စနစ်တကျ ပုံမှန်ကုနေရင် သက်တမ်းစေ့ထိ ဘာနောက်ဆက်တွဲ ပြဿနာမှ မဖြစ်ဘဲ ကောင်းကောင်းမွန်မွန် နေထိုင်နေသူတွေ အများကြီးရှိပါတယ်။ ဆီးချိုဖြစ်ရင် စိတ်ဓာတ်မကျဘဲနဲ့ ကောင်းကောင်းမွန်မွန် ကုသမှုခံယူပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရင် လူ့သက်တမ်းစေ့ နေနိုင်ပါတယ်။

Q. ဘယ်လိုလူတွေက ဆီးချိုစစ်ဆေးသင့်ပါသလဲ ဆရာ။

A. ဘယ်လိုလူတွေ စစ်သင့်သလဲဆိုရင် မျိုးရိုးရှိတဲ့သူ၊ အမျိုးတစ်ဝမ်းကွဲထဲမှာ ဆီးချိုသွေးချိုရောဂါရှိတဲ့ သူတွေကို စစ်သင့်ပါတယ်။ မိဘမှာရှိရင် သားတွေ၊ သမီးတွေကို စစ်သင့်ပါတယ်။ တခြားရောဂါတွေနဲ့ တွဲနေရင်လည်း စစ်သင့်ပါတယ်။ အ၀လွန်တဲ့သူတွေ စစ်သင့်သလို ကိုးပေါင်ထက်ကျော်တဲ့ ကလေးမွေးတဲ့မိခင်တွေလည်း စစ်သင့်ပါတယ်။ ဒီအချက်တွေမရှိရင်အသက် ၄၅ နှစ်ကျော်ရင် စစ်သင့်ပါတယ်။ မတွေ့ရင် သုံးနှစ်တစ်ခါ ထပ်စစ်ရပါမယ်။ ဆီးချိုရောဂါရှိရင်တော့ တစ်နှစ်တစ်ခါ မျက်စိစစ်ပါ၊ တစ်နှစ်တစ်ခါ ကျောက်ကပ်စစ်ပါ၊ တစ်နှစ်တစ်ခါ နှလုံးစစ်ပါ။

Most Popular

Healthy Life Ad
To Top