Healthy Life Ad
Q & A

အသည်းကျန်းမာရေး သိလိုရာမေး(၂)

Q. သည်းခြေမှာ ကျောက်တည်တာ အန္တရာယ်ရှိပါသလားရှင်။ ကျောက်ပျော်အောင် ဘာဆေးသောက်ရပါသလဲရှင့်။ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ယောက်အတွက် မေးမြန်းပေးရခြင်း ဖြစ်ပါသည်ရှင်။
Daw Htwe Htwe Khin (FB)

ဒေါက်တာဒေါ်ခင်ပြုံးကြည် (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) ဆေးသုတေသနဦးစီးဌာန၊ အသည်းဖောင်ဒေးရှင်းဥက္ကဌ ဖြေကြားသည်။

A. လူတော်တော်များများကတော့ သည်းခြေမှာ ကျောက်တည်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း သည်းခြေကျောက်တည်သူတွေ အများကြီးရှိတယ်။ သည်းခြေကျောက်တည်တိုင်းတော့ ကြောက်စရာမလိုပါဘူး။ ဘာကြောက်ရသလဲဆိုတော့ သည်းခြေပြွန်မှာ ကျောက်ကသွားပိတ်ပြီး သည်းခြေရောင်တာ၊ နာတာတို့ဖြစ်ရင်၊ သည်းခြေခဏခဏရောင်ရင်၊ အလွန်အမင်းနာရင် သည်းခြေကျောက်ကို ဖယ်ထုတ်ရပါတယ်။ အလွယ်ဆုံးကတော့ သည်းခြေကျောက်ကို ခွဲထုတ်တာပါပဲ။ သည်းခြေကျောက်တင်မက လိုအပ်ရင် သည်းခြေအိတ်ပါ ထုတ်ရပါတယ်။အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အပေါက်သေးသေးလေးဖောက်ပြီး သည်းခြေကျောက် ဖယ်ထုတ်တဲ့နည်း (Pin Hole Surgery)နဲ့ ခွဲနေပါပြီ။ ကျောက်ပျော်အောင် ဆေးသောက်လို့ရပေမယ့် ကြာတတ်ပါတယ်။ ဆေးကတော့ ဆရာဝန်က စစ်ဆေးပြီးမှ ပေးရတာဖြစ်လို့ ကိုယ်ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး သောက်သုံးပါလို့ အကြံပြုလိုပါတယ်။

Q. ဆရာကျွန်တော်သည် အစားအသောက် စားနိုင်ပါသည်။ ကျွန်တော်စားသမျှ အစားအစာများမှာ

“ဘီပိုး၊ စီပိုးနဲ့ အသည်းအဆီဖုံးတာတွေကို စောစောစီးစီးသိရင် အကုန်ကုနိုင်ပါတယ်။ ဟိုးအရင်တုန်းက စီပိုးကဆိုးတယ်၊ စီပိုးဖြစ်ရင် ၆၀-၈၀ ရာခိုင်နှုန်းလောက်က ရောဂါတိုးသွားတာများတယ်၊ အသည်းဆက်ခြောက်တယ်၊ နာတာရှည်အသည်းခြောက်ရောဂါဖြစ်တယ်၊ အဲဒီကနေ အသည်းထိခိုက်တယ်၊ အ သည်းကင်ဆာဖြစ်တယ်။ အခုကျတော့ စီပိုးက ကုလို့ ရသွားပြီ” . . .

ကိုယ်ခန္ဓာကြီးထွားမှုအတွက် အာဟာရမဖြစ်လာပါ။ အာဟာရဖြစ်စေရန် မည်သည့်ဆေးဝါးကို သောက်သုံးရမည်ကို ညွှန်ကြားပေးစေလိုပါသည်။
Khin Pyone (FB)

A. တချို့လူတွေမှာ အစာစားပေမယ့် ၀ိတ်တက်မလာတာက အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ တချို့ကျတော့ အူမှာအာဟာရစုပ်ယူအား မကောင်းလို့ စားသမျှ ၀မ်းထဲပါသွားတာ ဖြစ်နေတာရှိတယ်။ တချို့ကတော့ လည်ပင်းကြီးရောဂါဖြစ်နေရင် ဘယ်လောက်စားစား ၀ိတ်မတက်ဘူး။ တချို့ကျတော့ ချောင်းဆိုးတာလို လက္ခဏာမပြဘဲ အစာအိမ်အူလမ်းကြောင်းမှာ တီဘီရှိရင် ရှိနေတတ်ပါတယ်။ ဒါကြောင့် အခြေခံအကြောင်းရင်းကို ရှာပြီးမှ သိနိုင်မှာဖြစ်လို့ အရင်ဆုံး ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။

Q. အသည်းအဆီဖုံးတာ၊ B ပိုးနဲ့ C ပိုး ဘယ်ဟာက အသည်းကင်ဆာအများဆုံး ဖြစ်နိုင်ချေရှိပါသလဲ၊ ဒီရောဂါတွေကို ပျောက်ကင်းအောင် ကုနိုင်ပါသလား။
Austin Tun (FB)

A. ဘီပိုး၊ စီပိုးနဲ့ အသည်းအဆီဖုံးတာတွေကို စောစောစီးစီးသိရင် အကုန်ကုနိုင်ပါတယ်။ ဟိုးအရင်တုန်းက စီပိုးကဆိုးတယ်၊ စီပိုးဖြစ်ရင် ၆၀-၈၀ ရာခိုင်နှုန်းလောက်က ရောဂါတိုးသွားတာများတယ်၊ အသည်းဆက်ခြောက်တယ်၊ နာတာရှည်အသည်းခြောက်ရောဂါဖြစ်တယ်၊ အဲဒီကနေ အသည်းထိခိုက်တယ်၊ အသည်းကင်ဆာဖြစ်တယ်။ အခုကျတော့ စီပိုးက ကုလို့ရသွားပြီ။ သုံးလတည်းနဲ့ စီပိုးပျောက်တယ်။ ဆေးတွေကလည်း အရင်က သိန်း ၂၀၀-၃၀၀ ကျခဲ့ပေမယ့် အခုဆေးပေါ်မူတည်ပြီး ၆ သိန်းနဲ့ ၁၂ သိန်း ကြားနဲ့ပျောက်နိုင်ပါတယ်။ အခမဲ့ကုပေးနေတဲ့ နေရာတွေလည်း အများကြီးရှိလာပါပြီ။ စီပိုးက စောစောစီးစီးသိရင် ကောင်းပါတယ်။

ဘီပိုးလည်း စောစောစီးစီးသိရင် ကောင်းပါတယ်။ ဒါပေမဲ့ ရောဂါပျောက်နှုန်းကတော့ စီပိုးလောက်မကောင်းဘူးပေါ့။ တချို့ဆို ငါးနှစ်လောက် သောက်တာတောင် ပျောက်တာက ၂-၅ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ဆေးကတော့ ဆက်သောက်နေရပါတယ်။ ဆေးသောက်ရင် ဘာကောင်းလဲဆိုတော့ သွေးတစ်စီစီမှာ ဘီပိုးသန်းနဲ့ချီပြီး ရှိသူတွေမှာ ဘီပိုးသေစေတဲ့ ပိုးသတ်ဆေး (Tenofovir) တစ်နေ့တစ်လုံးသောက်လိုက်ရင် တချို့ဆို တစ်လ၊ တချို့ဆို နှစ်လလောက်နဲ့ကို ပိုးအရမ်းကျသွားတယ်၊ ပိုးသုညဖြစ်သွားတာတောင်ရှိတယ်။ ဒါပေမဲ့ ဆေးကတော့ ကိုယ့်သဘောနဲ့ကိုယ် ရပ်လို့မရပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးစစ်ဆေးပြီးမှ ဆုံးဖြတ်ရပါတယ်။ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်ရင် ဘီပိုးက ပိုများလာတတ်ပါတယ်။ ဆေးဆက်သောက်နေလို့ ပိုးသုညဖြစ်သွားရင် သူများကိုလည်း ပိုးမကူးတော့ဘူး၊ ကိုယ့်မှာလည်း ရောဂါမတိုးလာတော့ဘူး။ ဒီဆေးက အခုဈေးကျလာတော့ တစ်လမှာ နှစ်သောင်းဝန်းကျင်လောက်ပဲ ကျတော့တယ်။ ဒါကြောင့် ဒီဆေးကသောက်သင့်ပါတယ်။

အသည်းအဆီဖုံးတာကလည်း စောစောသိပြီဆိုရင် အရေးကြီးဆုံးက အဆီလျှော့စားပါ၊ ၀ိတ်လျှော့ပါ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ၊ လိုအပ်ရင်သွေးစစ်ပြီး သွေးထဲမှာပါ အဆီများနေရင် အဆီကျဆေးသောက်ပါ၊ တချို့ဆိုရင် ဗီတာမင်အီးမှီဝဲဖို့ ပြောကြပါတယ်။

Q. အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ဘယ်မှာအခမဲ့ကုပေးပါသလဲ။
Moh Moh Kyaw (FB)

A. အစိုးရဆေးရုံတွေမှာလည်း စီပိုးကို အခါအားလျော်စွာ အခမဲ့ကုပေးနေတာတွေ ရှိပါတယ်။ အများအားဖြင့် စရိတ်မျှပေးကုပေးပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO)အဖွဲ့အစည်းတချို့ကလည်း ကုပေးနေတာရှိပါတယ်။ အသည်းဖောင်ဒေးရှင်းကလည်း အခမဲ့ကုပေးတာရှိပါတယ်။ စီမံချက်ရှိရင်ရှိသလို အခမဲ့ကုပေးနေတဲ့ သံစစ်ကုသိုလ်ဖြစ်ဆေးခန်း၊ အမှတ် ၃၃-၃၅၊ ပုသိမ်လမ်း၊ စမ်းချောင်း၊ ဖုန်း ၀၉၃၁၄၈၂၈၂၀ကို ဆက်သွယ်နိုင်ပါတယ်။

Q. အသည်းအဆီဖုံးခြင်း(Fatty liver) ဖြစ်နေပါတယ်။ ကုသရင်ပျောက်ပါသလား။ ဘယ်ဆရာဝန်ဆီမှာ ပြရမလဲ။ အကြံပြုပါ။
Aung Naing (FB)

A. အသည်းဆရာဝန်တွေဆီမှာ ပြရပါမယ်။ အသည်းအဆီဖုံးရောဂါက ကုရင်ပျောက်ပါတယ်။ အသည်းအဆီဖုံးတာက အစားအသောက်နဲ့ပဲ ထိန်းလို့ရတဲ့ရောဂါလား၊ ဆေးသောက်ဖို့လိုတဲ့ ရောဂါလားဆိုတာကို သေချာစစ်ဆေးပြီး ဆရာဝန်က သင့်တော်တဲ့ကုထုံးပေးမှာ ဖြစ်ပါတယ်။

Q. အသည်းအဆီဖုံးတာများနေရင် ဒါမှမဟုတ် ကြာလာရင် အသည်းကင်ဆာဖြစ်နိုင်ပါသလား။ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်ပါသလဲ ဆရာ။
Yu Yu (FB)

A. အသည်းအဆီဖုံးတာကို အရင်တုန်းက လူတွေသိပ်မကြောက်ကြဘူး။ အများကြီးဖြစ်နေတာပဲဆိုပြီး ဒီအတိုင်း လျစ်လျူရှူထားတတ်ကြတယ်။ အသည်းအဆီဖုံးတာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ရိုးရိုးအဆီဖုံးတာ၊ အသည်းကို သွားမထိခိုက်ပါဘူး။ တချို့ကျတော့ အဆီတွေအရမ်းများပြီး အသည်းဆဲလ်တွေပျက်လာတယ်။ အဲဒီမှာ ကြာလာရင် နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းခြောက်ရောဂါဖြစ်ရာကနေ အသည်းကင်ဆာဖြစ်တတ်ပါတယ်။ တချို့တွေဆိုရင် အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ (NAFLD)ကနေ အသည်းရောင်လာတယ်၊ ဒါဆိုရင် ဆေးကုရပါတယ်။ မကုရင် အသည်းကင်ဆာအထိ ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်းမှာ ဘီပိုး၊ စီပိုး ကုလို့ရလာပြီဆိုတော့ ဘီပိုး၊ စီပိုး ကြောင့် အသည်းအစားထိုးရတာနည်းသွားပြီး အသည်းအဆီဖုံးတာကြောင့် အသည်းအစားထိုးရတာ ပိုများလာမယ်လို့ အမေရိကန်မှာ ကြိုတင်ခန့်မှန်းထားကြပါတယ်။ ဒါကြောင့် မပေါ့ဆသင့်ပါဘူး။

Q. စီပိုးဆေးကုပြီး ရောဂါပျောက်ပြီပြောတာ တကယ်အမြစ်ပြတ်ပျောက်လား။ အစားအသောက်ရှောင်ရဦးမလား ဆရာ။
Ah Yun (FB)

A. တကယ်အမြစ်ပြတ်ပျောက်ပါတယ်။ နောက်ပိုင်းမှာတော့ အရက်ရှောင်ရပါတယ်။

Q. ဘီပိုးရှိလို့ ပိုးသတ်ဆေး Entec0.5 ဆရာဝန်နဲ့ပြပြီး သောက်နေတာကြာရင် သူရဲ့ဆိုးကျိုးရှိရင် ဘယ်လိုကာကွယ်မှုတွေလုပ်ရမလဲ၊ ဆိုးကျိုးရှိရင်လည်း ပြောပြပေးပါရှင်။
Nu Nu Kyi (FB)

A. ဒါလည်း ဘီပိုးသေဆေးတစ်မျိုးပါပဲ။ Tenofovir နဲ့ အခုသောက်တဲ့ဆေးက ဘေးထွက်ဆိုးကျိုး တော်တော်ရှားပါတယ်။ Tenofovir က ဆေးယဉ်ပါးတာ ရှားပါတယ်။ Tenofovir က အကြာကြီးသောက်လို့ အသက်ကြီးလာရင် အရိုးနည်းနည်းပါးတာရှိတတ်တယ်၊ ကျောက်ကပ်ရောဂါရှိရင် သိပ်မပေးဘူး။ အခုသောက်နေတဲ့ဆေးကို ပိုပေးပါတယ်။ အခုနောက်ပိုင်း TAF ဆိုတဲ့ ဆေးအသစ်တစ်မျိုးပေါ်လာတယ်၊ ဘေးထွက်ဆိုးကျိုးကင်းတယ်၊ ဒါပေမဲ့ ဈေးကနှစ်ဆပိုများတယ်။ အခုသောက်နေကျဆေးကိုပဲ ဆက်သောက်တာကတော့ အကောင်းဆုံးပါ။ ဒီဆေးမတိုးတော့ရင်တော့ ဆရာဝန်က တခြားဆေးပြောင်းပေးတာတော့ ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top