Healthy Life Ad
International

နှလုံးကို ကျောပိုးအိတ်ထဲ ထည့်လွယ်ထားပြီး အသက်ဆက်ရှင်သန်နေသော အမျိုးသမီး

၊ ကိုထက် ၊

အသက် ၃၉နှစ်အရွယ် ကလေးနှစ်ယောက်ရဲ့ မိခင်ဆယ်လ်ဝါဟာ ဆက်လက်အသက်ရှင်သန်နိုင်ဖို့အတွက် နှလုံးကို ကျောပိုးအိတ်ထဲထည့်ကာ သွားလေရာကို သယ်ဆောင်သွားနေရပါတယ်။ သူဟာ ဗြိတိန်နိုင်ငံမှာ ဒုတိယမြောက် နှလုံးကို လွယ်ထားရသူဖြစ်ပြီး ပထမဦးဆုံးအမျိုးသမီးဖြစ်ပါတယ်။ ပထမတစ်ယောက်မှာ အသက် ၅၀ ခန့်ရှိအမျိုးသားတစ်ဦးဖြစ်ပါတယ်။

သူဟာ ၂၀၁၇ နှစ်စပိုင်းထဲက ရင်ဘတ်အောင့်ဝေဒနာခံစားရကြောင်း ဆရာဝန်တစ်ဦးကို ပြသခဲ့သော်လည်း အစာလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုခုကြောင့်ဖြစ်တယ်လို့ ဆရာဝန်က မှားယွင်းစွာအဖြေပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ လ ခန့်မှာတော့ ဆယ်လ်ဝါဟာ အလွန်အမင်းအသက်ရှူရခက်ခဲတဲ့ဝေဒနာကြောင့် ကိုယ်တိုင်ကားမောင်းကာ မီတာ ၂၀၀ ခန့်မှာရှိတဲ့ ဆရာဝန်တစ်ဦးဆီသွားရောက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ နှလုံးရောဂါလက္ခဏာတွေခံစားလာရတဲ့အတွက် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ များပြားလှတဲ့ နှလုံးလုပ်ဆောင်မှု ချို့ယွင်းချက်တွေကြောင့် သူမကို ဟားဖီးဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။

အလွန်အမင်း ဖျားနေတဲ့အတွက် နှလုံးအစားထိုးခြင်းလည်းမပြုလုပ်နိုင်သေးဘဲ လက်ရှိနှလုံးကလည်း ပျက်စီးနေပြီဖြစ်တဲ့အတွက် နှလုံးထောက်ပံ့တဲ့စက်တစ်မျိုးတပ်ပေးဖို့ ခွဲစိတ်ပေးခဲ့ကြပါတယ်။ သူနှလုံးအတွင်းမှာ ပလတ်စတစ်အခန်းငယ်လေး နှစ်ခန်းထည့်ပေးခဲ့ပြီး ပိုက်နှစ်ချောင်းနဲ့ဆက်ကာ အထူးပြုလုပ်ထားတဲ့ လေမှုတ်စက်နဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဒီစက်မှာ မော်တာငယ်တစ်လုံး နဲ့ဘတ္ထရီတွေပါဝင်ပြီး ပိုက်နှစ်ချောင်းမှတစ်ဆင့် နှလုံးထဲရှိ အခန်းငယ်လေးတွေကို လှုပ်ရှားစေကာ ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်စေပါတယ်။ သူမဟာ လေမှုတ်စက်နဲ့ ဘတ္ထရီနှစ်လုံးကို အိတ်ထဲထည့်ကာ သွားလေရာကို သယ်ဆောင်သွားရပါတယ်။ သူရဲ့ နှလုံးခုန်နှုန်းကို စက်မှတစ်ဆင့် ထိန်းညှိရပါတယ်။ သူဘေးမှာ မိသားစုဝင်တစ်ယောက်က အမြဲရှိပြီး စက်တစ်စုံတစ်ရာ ချို့ယွင်းသွားခဲ့ရင် စက္ကန့် ၆၀ အတွင်း နောက်စက်တစ်လုံးဖြင့် အမြန် ချိတ်ဆက်ပေးဖို့ လိုအပ်ပါတယ်။ သူဟာ စက်အလုပ်လုပ်ရန်နဲ့ အပိုအဖြစ် ၁၅ ပေါင်လေးတဲ့ ဘတ္ထရီ ၂ လုံးကိုပါ လွယ်ထားရတာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ဒီစက်ကို ပထမဦးဆုံး အသက် ၅၀ အရွယ် အမျိုးသားတစ်ယောက်မှာ အောင်မြင်စွာထည့်ပေးနိုင်ခဲ့ပြီး နှစ်နှစ်ခန့်လောက် အကြာမှာ အဲ့ဒီအမျိုးသားဟာ နှလုံးအစားထိုးခွဲစိတ် မှုအောင်မြင်သွားခဲ့တယ်လို့သိရပါတယ်။ ဆယ်လ်ဝါဟာ ဒုတိယမြောက်အောင်မြင်သူဖြစ်ပြီး နှလုံးအစားထိုးမှုလည်း အောင်မြင်ဖို့ မျှော်လင့်ကြောင်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top