Healthy Life Ad
Health Tips

စိတ်ခံစားမှုလည်ပတ်ရောဂါ

—–၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး) ဦးနှောက်လျှပ်စစ်လှိုင်း ၊—–

“အလိုလိုနေရင်း ပျော်ရွှင်မြူးထူးနေခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲခြင်း၊ ဘဝင်မြင့်စိတ်ဝင်ခြင်း၊ စိတ်ခွန်အားတိုးတက်များပြားနေသလို ခံစားရခြင်း၊ လှုပ်ရှားမှုလွန်ကဲခြင်း၊ မမောနိုင်/ မပန်းနိုင် ပြုမူလုပ်ကိုင်နေခြင်း၊ အိပ်ရေးပျက်ခြင်း၊ မအိပ်ပေမယ့် အိပ်ချင်စိတ်မရှိဘဲ လန်းဆန်းနေခြင်း၊ စကားပြောများခြင်း၊ အကြောင်းအရာတစ်ခုပြီးတစ်ခု ဆက်တိုက်ပြောဆိုခြင်း၊ အန္တရာယ်မကင်းတဲ့ အပြုအမူတွေကို တဇွတ်ထိုးပြုလုပ်ခြင်း၊ ဥပမာ-ဈေးသုံးလွယ်ခြင်း၊ ရက်ရက်ရောရောလှူဒါန်းပေးကမ်းခြင်း၊ စိတ်မြန်ခြင်း၊ ဒေါသထွက်လွယ်ခြင်း စတဲ့ လက္ခဏာတွေရှိရင် ဘာရောဂါလို့ ခေါ်သလဲ”

စာရေးသူက ဆေးကျောင်းသားတွေကို မေးမြန်းပါတယ်။

“စိတ်ကြွရောဂါ (Mania)ပါ ဒေါက်တာအုန်း”

“မှန်ပါတယ်။ စိတ်ကြွရောဂါရှင်ကို အဝေးကပင် မြင်နိုင်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမဲ့ ဆရာပြောခဲ့တဲ့ ရောဂါလက္ခဏာတွေက မပြင်းထန်ဘဲ အနည်းငယ်သာ တွေ့ရှိရရင် ဘာရောဂါလို့ ခေါ်သလဲ”

ဆေးကျောင်းသားအားလုံး ငြိမ်သက်နေလို့ စာရေးသူက အဖြေပေးပါတယ်။

“မပြင်းထန်တဲ့ စိတ်ကြွရောဂါ”အသေးစား စိတ်ကြွရောဂါ”( Hypomania) လို့ခေါ်တယ်။ အသေးစား စိတ်ကြွရောဂါ ခံစားနေရသူကို စိတ်ရောဂါခံစားနေရတယ်လို့ ပြောဖို့ခက်ပါတယ်။ လူစိမ်းတစ်ယောက်ကတွေ့ရင် ဒီလူက စကားပြောဖော်ရွေတယ်၊ ပျော်တတ်တယ်၊ တက်ကြွတယ်၊ ကြွားတတ်တယ်လို့သာ ယူဆလိမ့်မယ်။ လူနာနဲ့ အစဉ်အမြဲ ထိတွေ့ဆက်ဆံနေတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကသာ လူနာပြောင်းလဲလာတာကို သတိထားမိကြမယ်။ အသေးစားစိတ်ကြွရောဂါက ဆိုးရွားပြင်းထန်တဲ့ စိတ်ရောဂါမဟုတ်တော့ လူနာလုပ်ကိုင်နေကျ နေ့စဉ်လုပ်ငန်းတာဝန်တွေကိုလည်း မပျက်မကွက် လုပ်ကိုင်ဆောင်ရွက်နိုင်တယ်။ တချို ့ဆိုရင် အဲဒီအချိန်ကာလအတွင်းမှာ အလုပ်ကို အရင်ကထက်ပိုပြီး လုပ်ကိုင်နိုင်တယ်။ မအိပ်မနေ၊ မမောမပန်းဘဲ အကြံသစ်ဉာဏ်သစ်တွေသုံးပြီး ပြုမူဆောင်ရွက်နိုင်လို့ အောင်မြင်မှုတောင် ရရှိတတ်ကြတယ်”

“ဆေးရုံမတက်ခင် တစ်လလောက်စပြီး မစ္စတာဘီက စိတ်ကျရောဂါလက္ခဏာ ခံစားလာရတယ်။ ဒါကြောင့် အရက်ကိုဖိသောက်တယ်။ နောက်ဆုံးတော့ ဆေးရုံရောက်လာတဲ့အထိပေါ့။ မစ္စတာဘီရဲ့ နောက်ကြောင်းကိုယ်ရေးရာဇဝင်ကို အသေအချာ စစ်ဆေးမေးမြန်းကြည့်တော့ သူ့မှာ စိတ်ခံစားမှုအတက်အကျရှိတာ သိရပါတယ်။ စိတ်ခံစားမှုလည်ပတ်ရောဂါ ခံစားနေရပေမယ့်” . . .

ဆေးကျောင်းသားတစ်ယောက် နောက်ပြောင်သလို မှတ်ချက်ချပါတယ်။

“ကောင်းတာပေါ့။ အဲဒီလိုရောဂါမျိုး ကျွန်တော်ရချင်လိုက်တာ”

စာရေးသူက ပြုံးပြပြီး ဆက်လက်ဆွေးနွေးပါတယ်။

“ဒါပေမဲ့ အသေးစား စိတ်ကြွရောဂါ ခံစားနေရတဲ့အချိန်မှာ အန္တရာယ်ကို ချင့်ချိန်မတွေးတောတတ်ဘူး။ ကြိုတင်ဆင်ခြင်စဉ်းစား သတိထားနိုင်မှု အားနည်းလာတယ်။ လက်လွတ်စပယ် ပြုလုပ်မိတတ်တယ်။ ဥပမာ-စီးပွားရေးကိစ္စမှာ ယုံကြည်ချက်အပြည့်အဝနဲ့ စွန့်စားပြီး ရင်းနှီးမြှုပ်နှံမိလို့ စီးပွားပျက်ခြင်း၊ လိင်ကိစ္စဖောက်ပြန်မိလို့ အိမ်ထောင်ရေးပြဿနာပေါ်ပေါက်ခြင်း၊ လောင်းကစားကြူးခြင်း၊ အရက်သောက်တာများလာခြင်း စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာ ရှိပါတယ်”

ဆေးကျောင်းသူတစ်ယောက်က ကြားဖြတ်မေးပါတယ်။

“အသေးစားစိတ်ကြွရောဂါ ဖြစ်ပွားလာရင် အလိုလို ရောဂါပျောက်ကင်းသွားနိုင်လား”

“ရောဂါဖြစ်ပေါ်လာရင် ရက်သတ္တပတ်ပေါင်းများစွာ ကြာရှည်နိုင်တယ်။ အများအားဖြင့် ရောဂါက အလိုအလျောက် သက်သာပျောက်ကင်းသွားပါတယ်”

“ဒီလိုဆိုတော့ စိုးရိမ်စရာ မရှိဘူးပေါ့”

“စိုးရိမ်ရတဲ့အချက် ရှိပါတယ်။ (၁) အသေးစား စိတ်ကြွရောဂါဖြစ်ပွားပြီးရင် နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားတတ်တယ်။ (၂) တချို ့ကတော့ အသေးစားစိတ်ကြွရောဂါ ဖြစ်ပွားပြီးရင် နောက်တစ်ကြိမ်မှာ မပြင်းထန်တဲ့ “အသေးစားစိတ်ကျရောဂါ” ခံစားလာရတာ ရှိပါတယ်။ အကြောင်းမဲ့ ပျော်ရွှင်စိတ် မရှိသလို ခံစားရခြင်း၊ ငြီးငွေ့ခြင်း၊ အလွယ်တကူမောပန်းလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဘဝမှာ မျှော်လင့်ချက်မရှိသလို ခံစားရခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရှိရမယ်။ အဲဒီလို စိတ်ကျရောဂါလက္ခဏာတွေကလည်း တစ်လ-နှစ်လလောက်ကြာပြီး အလိုအလျောက် ပျောက်ကင်းသွားတတ်တယ်။ စိတ်ကျရောဂါက မပြင်းထန်တော့ လူနာက ဆေးကုသမှု ခံယူမှာ မဟုတ်ဘူး။

အဲဒီလိုစိတ်ခံစားမှု အတက်အကျလှိုင်းလေးတွေ ဖြစ်ပွားမှုရှိရင် “စိတ်ခံစားမှုလည်ပတ်ရောဂါ” (Cyclothymia) လို့ ခေါ်ပါတယ်”

ဆေးကျောင်းသားတစ်ယောက်က မေးခွန်းထုတ်တယ်။

“ကျွန်တော်တို့ သင်ကြားရတဲ့ “စိတ်ကြွစိတ်ကျရောဂါ”( Manic-Depressive Disorder) နဲ့ “စိတ်ခံစားမှု လည်ပတ်ရောဂါ”က ဘယ်လိုခြားနားမှု ရှိပါသလဲ”

“ပြင်းထန်မှုအတိုင်းအတာ ခြားနားပါတယ်။ စိတ်ကြွ-စိတ်ကျရောဂါကို စိတ်ခံစားမှုမုန်တိုင်းထန်တဲ့ ရောဂါလို့ တင်စားပြီး ပြောမယ်ဆိုရင် “စိတ်ခံစားမှုလည်ပတ်ရောဂါ”ကို စိတ်ခံစားမှု မိုးသက်လေပြင်းရောဂါလို့ ပြောလို့ရတယ်”

“စိတ်ခံစားမှုလည်ပတ်ရောဂါ”က ရပ်ကွက်ထဲမှာ လူတစ်ရာတစ်ယောက်နှုန်း ဖြစ်ပွားမှုရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ စိတ်ခံစားမှုလည်ပတ်ရောဂါကို တခြားရောဂါလို့ ယူဆပြီး ကုသမှုမရရှိတဲ့ လူနာအများအပြား ရှိနိုင်တယ်လို့ ဆိုပါတယ်”

“ဘယ်လိုစိတ်ရောဂါမျိုးနဲ့ လွဲမှားနိုင်သလဲ ဒေါက်တာအုန်း”

“ကလေးလူငယ်တွေထဲမှာ စိတ်ခံစားမှု လည်ပတ်ရောဂါရှိရင် အပြုအမူချို ့ယွင်းတာကိုပဲ တွေ့ရှိရမယ်။ ဒါကြောင့် “ဆိုးသွမ်းလူငယ်ရောဂါ” (Conduct Disorder) လို့ မှတ်ချက်ချမယ်။ အရွယ်ရောက်သူတွေထဲမှာ စိတ်အပြောင်းအလဲမြန်တဲ့ အပြုအမူတွေကြောင့် “စိတ်ဂနာမငြိမ် ကိုယ်ရည်ကိုယ်သွေးရောဂါ”( Emotionally Unstable Personality) လို့ ယူဆမိမယ်။ တချို ့စိတ်ခံစားမှု လည်ပတ်ရောဂါရှိသူတွေက အရက်စွဲ၊ မူးယစ်ဆေးစွဲရောဂါ ရရှိလာကြတယ်”

ဆေးကျောင်းသူတစ်ဦးက ကြားဖြတ်မေးတယ်။

“ဘာကြောင့်လဲ”

“အနည်းငယ်စိတ်ကြွနေတဲ့အချိန် ဒါမှမဟုတ် အနည်းငယ်စိတ်ကျနေတဲ့အချိန်မှာ လူနာက သူ့နည်းသူ့ဟန်နဲ့ စိတ်ဖြေဖျောက်ဖို့ အရက်သောက်တာ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲတာတွေကစပြီး အကျင့်ပါလာတာပေါ့။ ဆရာတွေ့ဖူးတဲ့ လူနာက အဲဒီလိုဖြစ်နေတာ”

“ပြောပြပါ ဒေါက်တာအုန်း”

“လူနာအမည်က မစ္စတာဘီ။ အသက် ၂၅ နှစ်။ အိမ်ထောင်မကျသေးဘူး။ ကျပမ်းအလုပ်သမား။ အရက်မူးပြီး သူ့ကိုယ်သူ အန္တရာယ်ပြုဖို့ ကြိုးစားလို့ ဆေးရုံရောက်လာတာပါ။ မစ္စတာဘီက မွေးစားသား။ အထက်တန်းကျောင်းသားအရွယ်ကစပြီး ပြဿနာအခက်အခဲတွေ ရှိလာတယ်။ ကျောင်းမှန်မှန်မတက်ဘူး။ အိမ်ကထွက်ပြေးတယ်။ ဆိုးသွမ်းလူငယ်အပြုအမူတွေကြောင့် ရဲစခန်းရောက်ဖူးတယ်။ အသက် ၁၆ နှစ်ကျော်တော့ ကျောင်းမတက်တော့ဘူး။ အိမ်ကထွက်ပြေးတယ်။ ရရာအလုပ်ကို ကျပမ်းလုပ်တယ်။ စိတ်ထဲမှာ ငြီးငွေ့လာရင် အကြောင်းမပြနိုင်ပဲ အလုပ်ကထွက်တယ်။ အပေါင်းအသင်းတွေနဲ့လည်း ရေရှည်ပေါင်းသင်းဆက်ဆံလို့ မရဘူး။ သူ့ပတ်ဝန်းကျင်ကတော့ မစ္စတာဘီကို စိတ်မတည်ငြိမ်တဲ့သူ၊ ပေါင်းသင်းရတာခက်တဲ့လူလို့ သတ်မှတ်ထားတာပေါ့။ မစ္စတာဘီကတော့ စိတ်ခံစားမှုလည်ပတ်ရောဂါ ခံစားရတိုင်း အရက်ကိုသာ အဖော်ပြုတဲ့အကျင့် ရရှိလာတယ်။

“ဆေးရုံမတက်ခင် တစ်လလောက်စပြီး မစ္စတာဘီက စိတ်ကျရောဂါလက္ခဏာ ခံစားလာရတယ်။ ဒါကြောင့် အရက်ကိုဖိသောက်တယ်။ နောက်ဆုံးတော့ ဆေးရုံရောက်လာတဲ့အထိပေါ့။ မစ္စတာဘီရဲ ့ နောက်ကြောင်းကိုယ်ရေးရာဇဝင်ကို အသေအချာ စစ်ဆေးမေးမြန်းကြည့်တော့ သူ့မှာ စိတ်ခံစားမှုအတက်အကျရှိတာ သိရပါတယ်။ စိတ်ခံစားမှုလည်ပတ်ရောဂါ ခံစားနေရပေမယ့် ရောဂါအမည်း မဖော်နိုင်ခဲ့ပါဘူး”

ဆေးကျောင်းသူတစ်ယောက်က မေးမြန်းပါတယ်။

“ဘယ်အသက်အရွယ်ကစပြီး မစ္စတာဘီ ဒီရောဂါရရှိလာတာလဲ”

“အဲဒါတော့ အတိအကျပြောလို့မရဘူး။ မစ္စတာဘီက သူ့မှာ စိတ်ခံစားမှုအပြောင်းအလဲ ဖြစ်နေတာကြာပြီ။ ဘယ်အသက်အရွယ်က စတင်ဖြစ်ပွားတယ်ဆိုတာ မသိတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် မစ္စတာဘီရဲ ့ ရောဂါကို အကြောင်းပြုပြီး သင်ခန်းစာယူသင့်တာရှိတယ်”

“ရှင်းပြပါ”

“အိမ်သားတစ်ဦး ဒါမှမဟုတ် ခင်မင်တဲ့ မိတ်ဆွေတစ်ဦးဦးက လပိုင်းအတွင်း အပြုအမူတွေ ပြောင်းလဲလိုက်၊ ပြန်ကောင်းလိုက်ရှိတာတွေ မြင်ရရင် စိတ်ခံစားမှုလည်ပတ်ရောဂါ ဖြစ်နိုင်တယ်ဆိုတာ သတိမူသင့်ပါတယ်။ သတိမပြုမိလို့ ကုသမှုမခံရရင် ဆိုးကျိုးတွေဖြစ်ပွားနိုင်တယ်”

“ဘယ်လိုဆိုးကျိုးတွေလဲ”

“(၁) စိတ်ခံစားမှု အတက်အကျဖြစ်ပေါ်တိုင်း အန္တရာယ်ရှိတဲ့ အပြုအမူကို ပြုလုပ်မိလို့ ဘဝတိုးတက်မှု ပျက်စီးနိုင်တယ်။ (၂) စိတ်ခံစားမှု လည်ပတ်ရောဂါ ခံစားနေရသူထဲက ၃၀ ရာခိုင်နှုန်းကျော်ဟာ စိတ်ကြွစိတ်ကျရောဂါ အစစ်ဖြစ်ပွားလာနိုင်ပါတယ်”

ကဗျာဆန်ချင်တဲ့ ဆေးကျောင်းသားက ကြားဖြတ်ပြောတယ်။

“မိုးသက်လေပြင်းကနေပြီး မုတ်သုန်မုန်တိုင်းအထိ ဆိုးရွားပြင်းထန်လာမှာကို ပြောတာလား”

“မှန်ပါတယ်။ အဲဒီလိုရောဂါအခြေအနေ ပိုမိုဆိုးရွားမလာအောင် ကာကွယ်ကုသပေးနိုင်ပါတယ်။ အသုံးပြုတဲ့ဆေးကတော့ “စိတ်ခံစားမှုတည်ငြိမ်ဆေး”( Mood Stabiliser)တွေဖြစ်တယ်။ ဥပမာ- Lithium Carbonate နဲ့ အတက်ရောဂါကုဆေးတွေဖြစ်တဲ့ Valproate၊ Carbamazapine စတဲ့ ဆေးတွေပါ။ ဆေးအာနိသင် ထိရောက်မှုရှိရင် စိတ်ခံစားမှု မိုးသက်လေပြင်းကနေပြီး စိတ်ခံစားမှု လေပြေလေညင်းအထိ ကျဆင်းသွားနိုင်ပါတယ်။ ဆေးကျွေးရုံနဲ့ မလုံလောက်သေးဘူး။ မစ္စတာဘီက သူ့စိတ်ရောဂါကို နားလည်သဘောပေါက်အောင် ပညာပေးပါတယ်။ ဒါကြောင့် စိတ်ခံစားမှု အတက်အကျရှိလာတဲ့အခါ အရက်ဘက်ဦးမတည်ဖို့၊ တခြားအန္တရာယ်ကင်းတဲ့ စိတ်ဖြေဖျောက်နည်းကို အသုံးပြုဖို့ လေ့ကျင့်သင်ကြားပေးရတယ်”

Most Popular

Healthy Life Ad
To Top