Healthy Life Ad
Health Tips

ကိုဗစ်-၁၉ တစ်ကြိမ်ဖြစ်ဖူးသူက နောက်တစ်ကြိမ်ပြန်ဖြစ်ရန် အခွင့်အလမ်းအလွန်နည်းပါး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုဗစ်-၁၉ တစ်ကြိမ်ဖြစ်ဖူးသူက နောက်တစ်ကြိမ်ပြန်ဖြစ်ရန် အခွင့်အလမ်း အလွန်နည်းပါးကြောင်း ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဝင် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက အောက်တိုဘာလ ၈ ရက်နေ့ ကိုဗစ်အကြောင်းသိကောင်းစရာ အမေး-အဖြေအစီအစဉ်တွင် ပြောကြားခဲ့သည်။

“ကိုဗစ်-၁၉ တစ်ခါဖြစ်ဖူးသူက နောက်ထပ်တစ်ခါ ထပ်ဖြစ်ဖို့ အခွင့်အလမ်းအလွန်နည်းမယ်လို့ ပြောရပါမယ်။ လက်ရှိမြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်နေ့ ပထမဆုံးဝင်ခဲ့တဲ့ မျိုးရိုးဗီဇက တစ်မျိုးဖြစ်ခဲ့ပါတယ်၊ မေလနောက်ပိုင်းမှာ ဝင်လာတဲ့ ဗိုင်းရပ်စ်အတော်များများက နိုင်ငံတကာက ပြန်လာတဲ့ ပြည်တော်ပြန်တွေဆီက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံက ဝင်လာတဲ့ ဗိုင်းရပ်စ်တွေက မျိုးကွဲ ၃ မျိုး-၄ မျိုးလောက် ဝင်လာတာဖြစ်ပါတယ်။ လက်ရှိ ဩဂုတ်လလယ်နောက်ပိုင်းကနေ အခုချိန်ထိ ဖြစ်နေတဲ့ ဗိုင်းရပ်စ်ပိုးက အများစုဟာ ဗိုင်းရပ်စ်ပိုးမျိုးကွဲ အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။

မျိုးကွဲအမျိုးအစားတစ်မျိုးကနေ လှည့်ပတ်ပြီး ကူးစက်နေတာဖြစ်တဲ့အတွက် အဲဒါနဲ့ ပတ်သက်တဲ့ ကိုယ်ခံအားကတော့ ဖြစ်ပြီးသွားတဲ့သူတွေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်ပိုးဝင်မယ်ဆိုရင်တော့ ဒီမျိုးကွဲကို တိုက်နိုင်တဲ့ ကိုယ်ခံအားရှိနေတဲ့အတွက် တစ်ခါဖြစ်ပြီးရင် မဖြစ်နိုင်ဘူးလို့ အကြမ်းဖျဉ်းပြောလို့ရပေမယ့် ဒီလူက အမေရိကားကို ရောက်သွားလို့ အမေရိကားကဖြစ်တဲ့ မျိုးရိုးဗီဇမျိုးကွဲက နောက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် သိပ္ပံသဘောအရကြည့်တဲ့အခါ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောလို့ရပါတယ်။ လက်တွေ့မှာလည်း ဟောင်ကောင်မှာ တစ်ခါဖြစ်ဖူးတဲ့ တရုတ်လူမျိုးတစ်ယောက်က အီတလီ၊ ယူကေတို့က ပြန်လာချိန်မှာ နောက်တစ်ခေါက် ပြန်ဖြစ်တယ်ဆိုတဲ့ သိပ္ပံအထောက်အထားတစ်ခုကိုလည်း တွေ့ထားတာဖြစ်ပါတယ်။ ဒါက ရှားရှားပါးပါး ဖြစ်ရပ်ပါ။ အကြမ်းဖျဉ်းပြောရမယ်ဆိုရင် တစ်ခါဖြစ်ဖူးသူက နောက်တစ်ခါ ပြန်ဖြစ်နိုင်ခြေမရှိဘူးလို့ပဲ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်” ဟု ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အောက်တိုဘာ ၈ ရက် ည (၈) နာရီအထိ ကိုဗစ်-၁၉ ဖြစ်ပွားသူ စုစုပေါင်း ၂၂၄၄၅ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၃၆၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၅၃၅ ဦးတို့ရှိကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Popular

Healthy Life Ad
To Top