Healthy Life Ad
News

အနံ့ပျောက်သူများကို သီးသန့်စင်တာတစ်ခုတွင် ထားမည်

———၊ ဟန်တိုးစံ ၊———

အနံ့ပျောက်သူတွေကို သီးသန့်စင်တာတစ်ခုမှာ ထားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဒုတိယဥက္ကဌ ၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက စက်တင်ဘာလ ၂၄ ရက်နေ့က မြန်မာရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ ရောဂါမပြင်းထန်တဲ့ အနံ့ပျောက်လူနာတွေအတွက် သီးသန့်နေရာ စီစဉ်လျက်ရှိပါတယ်။ အနံ့ပျောက်သူတွေကို အိမ်ပြန်လွှတ်လိုက်မယ်ဆိုရင် သူကနေတဆင့် တခြားသူတွေကို ကူးသွားနိုင်ပါတယ်။ သူတို့အတွက် သီးခြားနေရာတစ်နေရာ စီစဉ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အနံ့ပျောက်သူတွေက ကျန်းမာပြီး ကျန်တဲ့လက္ခဏာတွေမရှိလို့ ကျန်းမာရေးစောင့်ရှောက်မှုတွဲလျက်ပါတဲ့ နေရာတွေမှာ နေနိုင်မယ်လို့ သူကပြောပါတယ်။

ဖျားနာကုအခမဲ့ဆေးခန်း (Fever Clinic) တွေမှာ အနံ့ပျောက်လူနာတွေ လာပြတာ များလာတယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားတာတွေ ရှိလာပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့လည်း ဓာတ်ခွဲနမူနာယူတာကို အခုထက်ပိုပြီး လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

ပိုးတွေ့လူနာတွေ အရင်ထက်ပိုပိုပြီး များလာတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကိုဗစ်ကော်မတီတို့က နည်းဗျူဟာကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သွားဖို့ရှိတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၈ နာရီအထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၈၅၁၅ ဦး၊ ပိုးမတွေ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ ၂၃၈၁ ဦးနှင့် သေဆုံးသူ ၁၅၅ ဦးရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်၊ စက်တင်ဘာ ၂၅

Most Popular

Healthy Life Ad
To Top