Healthy Life Ad
News

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပေါ်တာနဲ့ မြန်နိုင်သလောက်မြန်မြန် မှာယူဖို့ ပြင်ဆင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

———၊ ဟန်တိုးစံ ၊———

မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်တဲ့ အခြေအနေ၊ ကုသဆေး ထုတ်လုပ်နိုင်တဲ့အခြေအနေ မရှိပေမဲ့ ဆေးပေါ်လာတာနဲ့ မြန်နိုင်သလောက်မြန်အောင် ဝယ်ယူနိုင်ဖို့ အခုကတည်းက ပြင်ဆင်နေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြတဲ့မိန့်ခွန်းမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ ဒီလိုဆေးတွေ ထုတ်တဲ့နိုင်ငံက သံတမန်တွေနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်မတို့အနေနဲ့ ဘယ်လောက်မြန်မြန်ရနိုင်ဖို့ အလားအလာရှိလဲ၊ တကယ်လို့ ဒီဆေးတွေက အောင်မြင်တယ်ဆိုရင် သုံးသင့်မသုံးသင့်ဆိုတာ ကမ္ဘာ့ကျန်းမာရေးဌာနက စမ်းသပ်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ကျွန်မတို့လည်း မသေချာဘဲနဲ့ ကျွန်မတို့ရဲ ့ ပြည်သူတွေအပေါ်မှာ ဒီဆေးတွေကို သုံးမှာမဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုအချိန်မှာ ကိုဗစ်ရောဂါ ပြန့်ပွားမှုဟာ ရန်ကုန်တိုင်းဒေသကြီးမှာ အဖြစ်များနေတာကြောင့် ကိုကိုးကျွန်းမပါ ကျန်မြို ့နယ်အားလုံးကို Stay at home အိမ်မှာနေဖို့ဆိုပြီး ခပ်တင်းတင်းထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။ နိုင်ငံတော် အထွေထွေပိုလျှံငွေ ဘီလီယံ ၁ ထောင်ကျော်ကို သဘာဝဘေးအန္တရာယ်မှာ ပါဝင်တဲ့ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် သီးသန့်အသုံးပြုသွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တခြားသော သဘာဝဘေးအန္တရာယ်အတွက် ရန်ပုံငွေသက်သက် ရှိနေပြီး ဘီလီယံတစ်ထောင်ကျော်ကို ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေ၊ လိုအပ်ချက်တွေအတွက်ပဲ အသုံးပြုသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Most Popular

Healthy Life Ad
To Top