ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။
Q. သွေးစစ်လိုက်တော့ ကိုလက်စထရောအဆီ များနေပါတယ်။ အသည်းအဆီဖုံး နည်းနည်းရှိတယ်လို့ သိရပါတယ်။ အသည်းအားဆေးသောက်ဖို့ လိုအပ်ပါပြီလား။ ဘယ်လိုမျိုး သောက်သင့်ပါသလဲ။
Umin (FB)
A. အသည်းအဆီဖုံးတာက လူတော်တော်များများမှာ တွေ့လာရပါတယ်။ အသက် ၃၅ နှစ်အထက် ရောက်လာရင် စားသောက်နေထိုင်မှု မမှန်ကန်လို့ ဖြစ်လာတာပါ။ အသည်းအဆီဖုံးရာကနေ သေချာကုသမှုမခံယူရင် အသည်းခြောက်တဲ့ဘက်ကို ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် အသည်းမှာ အဆီများလာရင် သွေးထဲမှာလည်း ကိုလက်စထရောတက်ပြီလို့ သိနိုင်ပါတယ်။ တချို့လူတွေမှာ အသည်းမှာ အဆီမဖုံးခင်ကတည်းက သွေးထဲကိုလက်စထရောများနေလို့ပါ။ ဒီလိုလူတွေအတွက် အဓိက အဆီလျှော့စားဖို့ ပြောပါတယ်။
• ဘူးသီးကြော်၊ ဗယာကြော် စတဲ့အကြော်တွေကို အနည်းဆုံး ၃ လ ရှောင်ရပါမယ်။
• အဆီအနှစ်များတဲ့ အစားအသောက်တွေ လျှော့ရပါမယ်။
• ထောပတ်၊ ချိစ်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို လျှော့ရပါမယ်။
• ဒီလိုလျှော့ရင်းနဲ့ အသည်းကိုအားပေးတဲ့ ဗီတာမင်အားဆေးတွေကို အားဖြည့်ပေးလို့ ရပါတယ်။ ဗီတာမင် အေ၊ အီး ပါတာတွေကို သောက်လို့ရပါတယ်။