Healthy Life Ad
Health Tips

အသားမစားဘဲ ငါးနှင့် ဟင်းသီးဟင်းရွက်စားခြင်းဖြင့် အူမကြီးကင်ဆာကို ထက်ဝက်နီးပါး လျှော့ချနိုင်

—–၊ ကိုထက် ၊—–

အသားမစားဘဲ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ အစားအစာတို့ကို စားသူတွေက အူမကြီးကင်ဆာဖြစ်နှုန်း ၄၃ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ သက်သတ်လွတ်စားသူတွေက အသားစားသူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

အူမကြီးကင်ဆာ ဖြစ်စေနိုင်တဲ့ အဓိကအချက်တွေကတော့-

• အရက်အလွန်အမင်း သောက်ခြင်း၊
• အနီရောင် ဒါမှမဟုတ် ပြုပြင်ထားတဲ့အသား များများစားခြင်း၊
• ဆေးလိပ်သောက်ခြင်းနဲ့
• ကိုယ်အလေးချိန်များခြင်း၊ အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက် အဆီများခြင်း (ဗိုက်ပူခြင်း) တို့ ဖြစ်ကြကြောင်း သိရပါတယ်။

သက်သတ်လွတ်စားသူတွေက ယေဘုယျအားဖြင့် ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ အစာတွေကို စားရတဲ့အတွက် အဝလွန်နိုင်ခြေ လျော့ကျရခြင်းဖြစ်တယ်လို့ လေ့လာသူတို့က ဆိုပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုရီးယားလူမျိုးတွေက အူမကြီးကင်ဆာ အဖြစ်များဆုံးဖြစ်ကြောင်း ကမ္ဘာ့ကင်ဆာ လေ့လာမှု ရန်ပုံငွေအဖွဲ့အရ သိရပါတယ်။ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာက ကမ္ဘာပေါ်မှာ တတိယအဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး ၂၀၁၂ မှာ အူမကြီးကင်ဆာဖြစ်သူ လူနာအသစ်ဦးရေသည် ၁ ဒသမ ၄ သန်းနီးပါးရှိကြောင်း သိရပါတယ်။

အခုလေ့လာမှုအသစ်အရ သက်သတ်လွတ် အစာစားတာက အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျမှုနဲ့ ဆက်စပ်နေကြောင်း အမေရိကန်လေ့လာသူတို့က ဆိုပါတယ်။ ဝမ်းဗိုက်တဝိုက် အဆီများတာက အူမကြီးကင်ဆာဖြစ်နှုန်း မြင့်မားခြင်းနဲ့ ဆက်စပ်နေကြောင်း၊ သို့ဖြစ်ရာ သက်သတ်လွတ်စားသူတွေက အဝလွန်နှုန်း လျော့ကျမှုရှိသဖြင့် အူမကြီးကင်ဆာဖြစ်နှုန်း နည်းရခြင်းဖြစ်နိုင်ကြောင်း လေ့လာသူတို့က သုံးသပ်ထားကြပါတယ်။

အမေရိကန်လူမျိုး ၇၇၆၅၉ ဦးကို လေ့လာမှုအရ သက်သတ်လွတ်စားသူတွေဟာ အူမကြီးကင်ဆာဖြစ်နှုန်း ၁၉ ရာခိုင်နှုန်းနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်နှုန်း ၂၉ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top