Healthy Life Ad
News

NewLook NewLife ကုသိုလ်ဖြစ်ခွဲစိတ်အဖွဲ့မှ မေးရိုးနှင့်ခံတွင်းကင်ဆာဝေဒနာရှင် သံဃာတော်နှင့် သီလရှင်များအား တစ်လလျှင် (၂) ဦးနှုန်း ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးမည်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

NewLook NewLife ကုသိုလ်ဖြစ်ခွဲစိတ်အဖွဲ့မှ မေးရိုးနှင့်ခံတွင်းကင်ဆာ ဝေဒနာရှင် သံဃာတော်နှင့် သီလရှင်များအား တစ်လလျှင် (၂) ဦးနှုန်း ကုသိုလ်ဖြစ် အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်ပါကြောင်း NewLook NewLife ကုသိုလ်ဖြစ်ခွဲစိတ်အဖွဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာသီဟမြင့်ဝေက Healthy Life ဂျာနယ်သို့ ပြောသည်။

“အခုဆိုရင် သံဃာနဲ့ သီလရှင် ၁၅ ပါးလောက်ကို ကုသိုလ်ဖြစ်ခွဲစိတ်ပေးပြီးပါပြီ။ တစ်လကို (၂) ဦးက ပုံမှန်ခွဲစိတ်ပေးနေပါတယ်။ ခွဲစိတ်အဖွဲ့ကတော့ အမြဲတမ်းအခမဲ့ လုပ်ပေးပါတယ်။ နောက်ဆက်တွဲ ဆေးကုသမှုအပိုင်းတွေကိုလည်း အခမဲ့ဖြစ်အောင် စီစဉ်ပေးပါတယ်။ အဓိက မန္တလေးမှာ အခြေစိုက်တာဆိုတော့ ခွဲစိတ်ပြီးသွားရင် လိုအပ်တဲ့ ဓာတ်ရောင်ခြည်ကုသမှုတွေ၊ ဆေးသွင်းဖို့တွေ၊ လိုအပ်တဲ့ဟာတွေကို ချိတ်ဆက်ပြီး ညွှန်းပေးပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးဆိုရင် အစိုးဆေးရုံကြီးနဲ့ ချိတ်ဆက်ပေးတာပါ။ ဆေးဝါးတွေကတော့ အလှူရှင်ပေါ်မူတည်ပြီး အလှူရှင်ရှိရင် ရှိသလို ဆောင်ရွက်ပေးပါတယ်”ဒေါက်တာသီဟမြင့်ဝေက ဆိုသည်။

မန္တလေးမြို့ တော်ဝင်နှင်းဆီ အထူးကုဆေးရုံကြီး၏ ပံ့ပိုးကူညီမှုနှင့်အတူ NewLook NewLife အခမဲ့ကုသိုလ်ဖြစ် ခွဲစိတ်အဖွဲ့မှ Oral & Maxillofacial Surgeon မျက်နှာ မေးရိုး ခွဲစိတ်အထူးကုပါရဂူ ဒေါက်တာသီဟမြင့်ဝေ ဦးဆောင်၍ မေ့ဆေးဆရာဝန်ကြီး ပါမောက္ခဒေါက်တာမင်းမင်ထွန်း၊ အဖွဲ့ဝင် ခွဲစိတ်ဆရာဝန် ဒေါက်တာခင်မာလှိုင်၊ ဒေါက်တာအောင်ဆန်းထက်၊ လက်ထောက်ခွဲစိတ်ဆရာဝန်များ ဖြစ်ကြသော ဒေါက်တာအုအုထွေး၊ ဒေါက်တာငြိမ်းငြိမ်းချမ်းတို့က အခမဲ့ခွဲစိတ်ပေးလျက်ရှိကြောင်း သိရသည်။

“မန္တလေး၊ တော်ဝင်နှင်းဆီ အထူးကုဆေးရုံကြီးမှာ အဓိက ခွဲစိတ်ပေးတယ်ဆိုပေမယ့် ရန်ကုန်ဆိုရင် စနေ၊ တနင်္ဂနွေမှာ ရွှေဗဟိုဆေးရုံကို လာပြလို့ရပါတယ်။ မန္တလေးမှာဆိုရင် တော်ဝင်နှင်းဆီ အထူးကုဆေးရုံကြီးမှာ လာပြလို့ရပါတယ်။ မျက်နှာနဲ့ မေးရိုးတဝိုက်ဖြစ်တဲ့ ကင်ဆာတွေဆိုရင် အကုန်လုံးကို အခမဲ့ ခွဲစိတ်ပေးပါတယ်”ဟု ဒေါက်တာသီဟမြင့်ဝေကဆိုသည်။

ပြသလိုသည့် မျက်နှာ၊ မေးရိုး၊ ခံတွင်းကင်ဆာဝေဒနာရှင် သံဃာတော်များ၊ သီလရှင်များသည် NewLook NewLife Foundation ရွှေဗဟိုဆေးရုံ၊ ရန်ကုန်မြို့။ ဖုန်း- ဝ၉ ၅၀၄၉၁၃၅ တော်ဝင်နှင်းဆီ အထူးကုဆေးရုံကြီး၊ မန္တလေးမြို့။ ဖုန်း- ဝ၉၅၀၄၉၁၃၅ သို့ ဆက်သွယ်လာရောက် ပြသနိုင်ပါကြောင်း၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းကင်ဆာဝေဒနာရှင် သံဃာတော်များ၊သီလရှင်များ ခွဲစိတ်နိုင်ရန်အတွက် အလှုရှင်များ လိုအပ်လျက်ရှိရာ ဒေါက်တာ သဲနန္ဒာစိုး (ဖုန်း-09421025225) သို့ ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top