Healthy Life Ad
Health Tips

လည်ချောင်းကင်ဆာ အဆင့်(၄)ကို ကုသအောင်မြင်ထားတာ ၄ နှစ်ကျော်ပြီဖြစ်တဲ့ မခင်ခင်စီ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မခင်ခင်စီသည် ပုံမှန်အတိုင်း ကျန်းမာစွာနေထိုင်ရင်း ၂၀၁၅ ခုနှစ်၊ အသက် ၄၅ နှစ်အရွယ်တွင် အစားအသောက်စားသောက်ရာတွင် နင်သည့်ဝေဒနာ စဖြစ်ခဲ့သည်။ “ကင်ဆာရယ်လို့ မသိခင် စခံစားရတာတွေက အစာစားရင် အရမ်းနင်တာ။ ငယ်ငယ်ကတည်းက အစာနင်တာ၊ ဆေးနင်တာတွေက ဖြစ်နေကျဆိုတော့ အရမ်းကြီး မစိုးရိမ်မိခဲ့ဘူး။ အဲဒီအချိန်မှာတော့ ပိုနင်လာတယ်လို့ ပြောရမယ်။ ဆေးခန်းဆရာဝန် တော်တော်စုံစုံ ပြခဲ့ပါတယ်။ အသားစ (Biopsy) မယူခင် ၁၀လအလိုလောက်ကဆို လည်ချောင်းထဲကို မှန်ပြောင်းကြည့်သေးတယ်။ ဆရာဝန်ကြီးက ဘာမှမတွေ့လို့ “ကင်ဆာမဖြစ်နိုင်ပါဘူး၊ စိတ်မပူပါနဲ့”ဆိုတော့ တခြားအကြောင်းကြောင့်လို့ပဲ ထင်နေခဲ့မိတာ”ဟု မခင်ခင်စီက ကင်ဆာခရီးလမ်းအစ ဝေဒနာခံစားခဲ့ရပုံကို ပြန်လည်ပြောပြခဲ့သည်။

“နောက်ပိုင်းမှာတော့ တံတွေးတောင် မျိုလို့မရတော့ပါဘူး။ တဖြည်းဖြည်းနဲ့ အစာမျိုရင် အစာပြန်ထွက်၊ ရေမျိုရင် ရေပြန်ထွက်တဲ့ အဆင့်အထိ ရောက်လာခဲ့တယ်” ဝေဒနာမသက်သာဘဲ ပိုဆိုးလာသည့်အတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်တစ်ဦးနှင့် ပြန်ပြပြီး မှန်ပြောင်းကြည့်စစ်ဆေးခဲ့ရာ လည်ချောင်းထဲတွင် အကျိတ်လိုလို၊ အနာလိုလိုတွေ့ရှိ၍ အသားစယူစစ်ဆေးမှု (Biopsy) ပြုလုပ်ခဲ့သည်။ “အဖြေစောင့်နေတဲ့ အချိန်မှာလည်း စိုးရိမ်စိတ် အရမ်းမဖြစ်ခဲ့ဘူး၊ မိဘမျိုးရိုးမှာလည်း ကင်ဆာမရှိဘူးဆိုတော့ မထင်ခဲ့တာပါ”ဟု မခင်ခင်စီက ပြောပြခဲ့ပြီး ဆရာဝန်က“ကင်ဆာ”ဖြစ်ကြောင်း ပြောလိုက်ချိန်တွင်လည်း လက်မခံနိုင်ခဲ့ကြောင်း ဆိုသည်။ “ကင်ဆာဖြစ်နေပြီလို့ ပြောလိုက်တဲ့အချိန်မှာ လက်မခံနိုင်သလို၊ မယုံသလိုဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ခံစားချက်ကို ပြန်တောင်မပြောတတ်တော့ဘူး။ အဆင့်ဘယ်လောက်လို့ ဆရာဝန်က မပြောပြခဲ့သလို အစ်မကလည်း မေးရကောင်းမှန်း မသိခဲ့ဘူး။ ကင်ဆာဆရာဝန်နဲ့ ပြန်လွှဲပေးတော့ ဘယ်လိုဆက်ကုရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်တယ်။ မိသားစုနဲ့ တိုင်ပင်တယ်။ အဲဒီမှာ မိသားစုက ဘန်ကောက်သွားဖို့ တိုက်တွန်းကြတယ်။

အဲဒီအချိန်မှာ အစ်မက ရေတောင်မဝင်တော့ဘူးလို့ ပြောလို့ရတဲ့ အခြေအနေရောက်နေပြီ။ ဒါနဲ့ ဘန်ကောက်ဆေးရုံကို ချက်ချင်းထွက်လာကြတာ။ ဟိုရောက်တာနဲ့ ဆေးစစ်၊ နောက်တစ်နေ့ အစာအိမ်ကနေ အစာသွင်းဖို့ ခွဲခန်းဝင်ရတယ်။ အစာသွင်းတာ အဆင်ပြေပြီဆိုတာနဲ့ ဓာတ်ရောင်ခြည်ကုထုံးပေး၊ ကင်ဆာဆေးသွင်း စလုပ်တော့တာပါပဲ”ဟု မခင်ခင်စီက ကင်ဆာကုသမှုခရီးကို ပြန်ပြောင်းပြောပြခဲ့သည်။ မခင်ခင်စီသည် ဘန်ကောက်ဆေးရုံသို့ ခင်ပွန်းဖြစ်သူနှင့်အတူ သွားရောက်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဓာတ်ရောင်ခြည်ကုထုံးကို ၃၃ ကြိမ်ခံယူပြီး ကင်ဆာဆေးသွင်းကုထုံးကို ၇ ကြိမ် ခံယူခဲ့ကြောင်း သိရသည်။

“ကင်ဆာဖြစ်နေပြီလို့ ပြောလိုက်တဲ့အချိန်မှာ လက်မခံနိုင်သလို၊ မယုံသလို ဖြစ်ခဲ့ရတယ်။ အဲဒီတုန်းက ခံစားချက်ကို ပြန်တောင်မပြောတတ်တော့ဘူး။ အဆင့်ဘယ်လောက်လို့ ဆရာဝန်က မပြောပြခဲ့သလို အစ်မကလည်း မေးရကောင်းမှန်း မသိခဲ့ဘူး။ ကင်ဆာဆရာဝန်နဲ့ ပြန်လွှဲပေးတော့” . . .

“အစ်မရဲ့ ကင်ဆာအဆင့်ကို ဆရာဝန်တွေက လည်ချောင်းကင်ဆာအဆင့် (၄) (Stage 3a, 4b) လို့ သတ်မှတ်ပါတယ်။ အစ်မက ဆရာဝန်ပြောစကား အရမ်းနားထောင်ခဲ့တယ်။ဆရာဝန်တွေ စားသောက်ခိုင်းတဲ့အတိုင်းပဲ စားသောက်ပါတယ်။ ကင်ဆာဆေးသွင်းကာနီးရင် တစ်ခါဆေးစစ်၊ သွင်းပြီးတစ်ခါစစ်ဆိုတော့ အမြဲတမ်းလိုလို သွေးစစ်နေရတဲ့အတွက် ဆေးမြီးတိုတွေ မသောက်ရဲဘူး။ သွေးစစ်လိုက်လို့ အဖြေတွေက ကမောက်ကမဖြစ်သွားရင် ဆေးမသွင်းရမှာစိုးလို့ ပြီးဆုံးအောင် ကုရမယ်လို့ စိတ်ပိုင်းဖြတ်ထားတော့ ကုသမှုတွေ မြန်မြန်ပြီးချင်တယ်။ အိမ်ကို မြန်မြန်ပြန်ချင်တယ်လေ။ သားကိုလည်း သတိရတဲ့ စိတ်တွေနဲ့ မြန်မြန်ကု၊ မြန်မြန်ပျောက်ဖို့ပဲ စိတ်လောနေတာ”ဟု မခင်ခင်စီက ဆေးကုသမှု အတွေ့အကြုံကို ပြောပြခဲ့သည်။ ကင်ဆာအဆင့် (၄)ကို ဖြတ်သန်းကျော်လွှားနေရသော မခင်ခင်စီအတွက် မိသားစုဆွေမျိုးများကပေးသော ခွန်အားများက အားရှိစရာကောင်းခဲ့သည်။

“မိသားစုက အစ်မအပေါ် အရမ်းကောင်းတယ်။ ဒီလိုရောဂါဖြစ်လိုက်တော့ မိသားစုက အစ်မကို ဘယ်လောက်အထိ ချစ်သလဲဆိုတာ သိလာရတယ်။ အစ်မကလည်း ကိုယ့်မိသားစုက ဘယ်လောက်အထိ အရေးပါကြောင်း၊ အရေးကြီးကြောင်း သိလာရတယ်။ ကိုယ့်ဘက်က ညီအစ်ကို မောင်နှမတွေကော၊ အမျိုးသားဘက်က မောင်နှမတွေကော အားလုံးက သားလေးအတွက်မပူရအောင်၊ ငွေကြေးကိစ္စ မပူရအောင် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတယ်။ အမျိုးသားကလည်း အလုပ်တွေထားခဲ့ပြီး အချိန်ပြည့် ပြုစုပေးခဲ့တယ်။ အားလုံးကို ကျေးဇူးတင်ရပါတယ်။ သူတို့တွေကြောင့်ပဲ ပြန်ကျန်းမာလာခဲ့ရတာပါ”ဟု မခင်ခင်စီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ကင်ဆာကုသပြီးချိန်တွင်လည်း ဆေးရုံ၏ ချိန်းဆိုချက်အတိုင်း Follow-up ပြန်ပြခြင်း၊ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုခံယူခြင်းတို့ကို မှန်မှန်ပြုလုပ်ပြီး ဆရာဝန်များ ညွှန်ကြားသည့် နေထိုင်စားသောက်မှုပုံစံအတိုင်း လိုက်နာဖြစ်ကြောင်း သိရသည်။

ယခုအခါ မခင်ခင်စီသည် ခင်ပွန်းကိုဇာနည်ဇော်ဝင်း၊ သားဖြစ်သူ အုပ်စိုးပိုင်တို့နှင့်အတူ လှိုင်မြို့နယ်တွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်က စဖြစ်ခဲ့သည့် ကင်ဆာကို ကုသအောင်မြင်ခဲ့သည်မှာ ၄ နှစ်ကျော်ပြီဖြစ်သည့် မခင်ခင်စီက အခြားကင်ဆာဖြစ်နေသူများ၊ ကင်ဆာကုသမှု ခံယူနေသူများအားလုံးကို ယခုလို အားပေးစကား ပြောကြားလိုက်ပါသည်။

“ကိုယ်နဲ့ဘဝတူ ကင်ဆာဝေဒနာရှင်တွေကို ပြောချင်တာက “စိတ်ဓာတ်မကျပါနဲ့။ စိတ်ဓာတ်ကျမယ်၊ စိတ်ဖိစီးမှုလည်းများမယ်ဆိုရင် ရောဂါဝေဒနာလည်း ခံစားရ၊ စိတ်ဝေဒနာလည်း ခံစားရဆိုတော့ နှစ်ခါရှုံးနေမှာပေါ့နော်။ ဖြစ်လာသမျှ အကောင်းလို့ပဲတွေးပြီး ကုသမှုခံယူရမှာပါ။ နောက်ပြီး ရောဂါဖြစ်ပြီလို့ သိလိုက်တာနဲ့ သိပ်မစဉ်းစားပါနဲ့၊ မတွေဝေနေပါနဲ့၊ အမြန်ဆုံး ကုသမှုခံယူပါ။ ဒီရောဂါက ဆေးမြီးတိုတွေနဲ့ မရပါဘူး။ အဆင့်ဘယ်လောက်ပဲဖြစ်ဖြစ် နောက်ဆုံးအချိန်ကလွဲလို့ ကျန်တဲ့အခြေအနေတွေမှာ သိတာနဲ့ အမြန်ဆုံး ကုသမှုခံယူလိုက်ရင် ဒီရောဂါကို အနိုင်ယူနိုင်မှာပါ”

(မှတ်ချက်။ ။ ဓာတ်ပုံများကို မခင်ခင်စီ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top