Healthy Life Ad
Health Tips

“တွေ့ကရာစားရောဂါ”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး)

ဘွဲ့လွန်ဆရာဝန်များ “ကျူတိုရီယယ်”ပညာပေးဆွေးနွေးပွဲအတွက် မှတ်စုရေးနေပါတယ်။ အကြောင်းအရာကတော့ “ပိုင်ကာရောဂါ” (PICA) ပါ။

နိဒါန်း

အနက်ရောင်နဲ့ အဖြူရောင်ကြား ကျီးကန်းလို ငှက်တစ်မျိုးရှိပါတယ်။ မက်ပိုင်းငှက် (MAGPIE) လို့ခေါ်တယ်။ လက်တင်ဘာသာမှာတော့ အဲဒီငှက်ကို “ပိုင်ကာ”(PICA)လို့ ခေါ်ပါတယ်။ တွေ့ကရာစားတတ်တဲ့ငှက်လို့ အဓိပ္ပာယ်ရရှိပါတယ်။ ဒါကြောင့် အစားအစာမဟုတ်တဲ့ အရာတွေကို စားသုံးတဲ့ အပြုအမူရှိရင် “ပိုင်ကာရောဂါ”လို့ ခေါ်ပါတယ်။ “တွေ့ကရာစားရောဂါ”လို့ ဆိုပါတော့။ “တွေ့ကရာစားရောဂါ”ရှိရင် စားသောက်လေ့ရှိတဲ့ ပစ္စည်းလေးမျိုးရှိတယ်။ (၁) မြေကြီးနဲ့သက်ဆိုင်တဲ့ ပစ္စည်းများ (အုတ်ခဲစ၊ ရွှံ့စေး၊ မြေဖြူခဲ၊ မြေအိုးအပိုင်းအစ)၊ (၂) မချက်ပြုတ်ရသေးတဲ့ ဆန်စေ့၊ ဂျုံစပါး၊ (၃) ရေခဲတုံးနဲ့ (၄) တခြားလက်လှမ်းမှီရာ ပစ္စည်းများ (ဆံပင်၊ အဝတ်စ၊ စက္ကူ)တို့ ဖြစ်တယ်။

တွေ့ကရာစားအပြုအမူတွေ ရှိရတဲ့ အခြေအနေအမျိုးမျိုး ရှိတယ်။ (က) အသက် ၁ နှစ်ခွဲမှ ၂ နှစ်အရွယ်ကလေးများ- ဒါက သဘာဝဖွံ့ဖြိုးတိုးတက်မှု မှတ်တိုင်ပါ။ ကလေးတိုင်းလိုလိုမှာ တွေ့ရှိရမယ်။ (ခ) ကိုယ်ဝန်ဆောင် အမျိုးသမီးများ-ချစ်ခြင်းတောင်းတယ်လို့လည်း ခေါ်ဆိုတယ်။ တချို့က အစားအစာတစ်မျိုးကို ပိုမိုစွဲလမ်းတာ ရှိတယ်။ တချို့ကတော့ မီးသွေးခဲတို့၊ ဆပ်ပြာတို့ စတဲ့ အစားအစာမဟုတ်တဲ့ ပစ္စည်းတွေကို စားသုံးခြင်းရှိတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေထဲမှာ ပျမ်းမျှ ၂၈ ရာခိုင်နှုန်းက “တွေ့ကရာစားအပြုအမူ”ရှိပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ ပိုမိုတွေ့ရှိရတယ်။ ရိုးရာယဉ်ကျေးမှုကို လိုက်နာကျင့်သုံးသူ၊ ဆင်းရဲနွမ်းပါးသူနဲ့ ပညာအဆင့်နိမ့်ကျသူ အမျိုးသမီးတွေမှာ ပိုမိုတွေ့ရှိရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုမိုလိုအပ်လာတဲ့ သတ္တုဓာတ် (ဥပမာ-ကယ်လ်ဆီယမ်ဓာတ်၊ သံဓာတ်၊ သွပ်ဓာတ်) ချို့တဲ့လို့၊ အဲဒီလိုသတ္တုဓာတ် ပါရှိနိုင်တဲ့ ပစ္စည်းတွေကို ရွေးချယ်စားချင်တာလို့ ဆိုပါတယ်။ (ဂ) ကလေးသူငယ် စိတ်ရောဂါများ-အော်တစ်ဇင်ရောဂါ (Autism)ရှိတဲ့ ကလေးသူငယ်များထဲမှာ ၂၃ ရာခိုင်နှုန်းက တွေ့ကရာစားရောဂါ ရှိတယ်။

ဉာဏ်ထိုင်းတဲ့ကလေး (Intellectual Diasbility)တွေထဲမှာ ၁၈ ရာခိုင်နှုန်းက တွေ့ကရာစားရောဂါ ရှိပါတယ်။ အော်တစ်ဇင်ရောဂါမှာ အလင်းရောင်ကို စူးစိုက်ကြည့်နေတတ်တဲ့ အပြုအမူ၊ ကိုယ်လုံးကို အကြိမ်ကြိမ် ပတ်ချာလှည့်တတ်တဲ့ အပြုအမူလက္ခဏာ ရှိပါတယ်။ အာရုံခံစားမှုတစ်ခုခုကို စွဲလမ်းလို့ ဖြစ်ပေါ်လာတဲ့ အပြုအမူလို့ ယူဆတယ်။ အလားတူပဲ တွေ့ကရာပစ္စည်းကို ကောက်ပြီးဝါးစားရတဲ့ ထိတွေ့မှုအရသာကို စွဲလမ်းလို့ အော်တစ်ဇင်ကလေးတွေမှာ တွေ့ကရာစားရောဂါ ဖြစ်ပွားတာလို့ ဆိုပါတယ်။ ဉာဏ်ထိုင်းရောဂါရှိတဲ့ ကလေးတွေက စားလို့ရတဲ့ အစားအစာနဲ့ အစားအစာမဟုတ်တဲ့ ပစ္စည်းကို ခွဲခြားသိရှိနိုင်မှု ချို့ယွင်းလို့ တွေ့ကရာပစ္စည်းကို တဇွတ်ထိုးကောက်ပြီး စားတာဖြစ်နိုင်ပါတယ်။ တချို့ကလေးတွေကတော့ သတ္တုဓာတ်ချို့တဲ့နေလို့၊ သတ္တုဓာတ်ပါရှိနိုင်တဲ့ ပစ္စည်းကို တောင့်တလာတာလို့ ယူဆတယ်။ (ဃ) စိတ်ရောဂါအမျိုးမျိုး-အရွယ်ရောက်သူတွေထဲမှာ အစွဲအလန်းကြီး ထပ်တလဲလဲ ပြုမူရောဂါ (Obsessive Compulsive Disorder) (OCD) နဲ့ စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ (Schizophre-nia) တွေမှာ တွေ့ကရာစားရောဂါလက္ခဏာ တွေ့ရှိနိုင်တယ်။

“တွေ့ကရာစားရောဂါ”ရှိရင် စားသောက်လေ့ရှိတဲ့ ပစ္စည်းလေးမျိုးရှိတယ်။ (၁) မြေကြီးနဲ့သက်ဆိုင်တဲ့ ပစ္စည်းများ (အုတ်ခဲစ၊ ရွှံ့စေး၊ မြေဖြူခဲ၊ မြေအိုးအပိုင်းအစ)၊ (၂) မချက်ပြုတ်ရသေးတဲ့ ဆန်စေ့၊ ဂျုံစပါး၊ (၃)ရေခဲတုံးနဲ့ (၄) တခြားလက်လှမ်းမှီရာပစ္စည်းများ (ဆံပင်၊ အဝတ်စ၊ စက္ကူ) တို့ဖြစ်တယ်။

OCD ရောဂါမှာ လူနာလက်မခံချင်ပေမယ့် အလိုအလျောက် အသိစိတ်ထဲ ဝင်ရောက်လာတဲ့ စိတ်ဖြစ်စဉ်ရှိတယ်။ ဥပမာ-အတွေးစိတ်ကူး သို့မဟုတ် တစ်ခုခုကို ကြောက်စိတ် သို့မဟုတ် စေ့ဆော်မှုစိတ် ဆန္ဒဇော သို့မဟုတ် သံသယစိတ် စသဖြင့်ပါ။ တွေ့ကရာစားရောဂါမှာတော့ အစားအစာမဟုတ်တဲ့ ပစ္စည်းကို စားသုံးချင်စိတ်ဖြစ်မယ်။ အဲဒီလိုစိတ်ဖြစ်စဉ်ကို ကာယကံရှင်လူနာက လက်မခံဘူး။ ဒီလိုအတွေးမျိုး စိတ်ဆန္ဒမျိုး မရှိသင့်ဘူးဆိုတာ သိတယ်။ တွေ့ကရာစားရောဂါရှင်က သူစားချင်နေတဲ့ မြေကြီး၊ အုတ်ခဲ စတဲ့ အရာတွေကို မစားသင့်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ အဲဒီလို အလိုအလျောက်ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒကို ဖျောက်ဖျက်ပစ်လို့မရဘူး။ ဒါကြောင့် စိတ်ထဲမှာ တင်းကျပ်တဲ့ ဖိစီးမှုကို ခံစားရတယ်။ စိတ်ဆန္ဒအတိုင်း လုပ်လိုက်ရမှ စိတ်ပြေပျောက်သက်သာသွားတယ်။ ဒီလိုနဲ့ OCD ရောဂါကြောင့် တွေ့ကရာစားတဲ့ အလေ့အထ ဖြစ်ပေါ်လာတာပါ”

တွေ့ကရာစားရောဂါရဲ့ ဘေးထွက်ဆိုးကျိုးများ

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တွေ့ကရာစားရောဂါ (PICA) အပြုအမူရှိရင် ခန္ဓာကိုယ်ရောဂါများ ထပ်ဆင့်ဖြစ်ပွားနိုင်တယ်။

(က) အာဟာရချို့တဲ့ခြင်း-တွေ့ကရာစားတဲ့ ဝတ္ထုပစ္စည်းတွေကြောင့် ပုံမှန်အစားအစာကို အူထဲကစုပ်ယူနိုင်မှု ကျဆင်းလာမယ်။ ဒါကြောင့် အာဟာရချို့တဲ့လာမယ်။ တွေ့ကရာစားရောဂါရှိသူတွေထဲမှာ သံဓာတ်ချို့ယွင်းတဲ့ သွေးအားနည်းရောဂါ (Microcystic Anaemia) ဖြစ်တာများတယ်။

(ခ) အစာလမ်းကြောင်းရောဂါများ-သံတွယ်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အစာလမ်းကြောင်းတွင်း သွေးယိုစိမ့်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အူပိတ်ရောဂါဖြစ်ခြင်း စတဲ့ရောဂါတွေ ဖြစ်ပွာနိုင်တယ်။

(ဂ) ခဲအဆိပ်တက်ခြင်း-ခဲဓာတ်များများပါရှိတဲ့ မြေကြီး၊ ရွှံ့စေးကိုစားရင် ခန္ဓာကိုယ်နဲ့ သွေးထဲမှာ ခဲဓာတ်စုစည်းနေပြီး ခဲအဆိပ်တက်ရောဂါ ရရှိနိုင်တယ်။ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်တိုခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အားအင်ကုန်ခမ်းချိနဲ့ခြင်း၊ ကလေးတွေမှာ ဖွံ့ဖြိုးကြီးထွားမှု နှေးကွေးခြင်း စတဲ့လက္ခဏာတွေ တွေ့ရှိရမယ်”

တွေ့ကရာစားရောဂါလက္ခဏာရှိတဲ့ စိတ်ရောဂါလူနာတွေကို နမူနာအဖြစ် ဖော်ပြပါမယ်။

ဉာဏ်ထိုင်းတဲ့ကလေး

အသက် ၄ နှစ်သားအရွယ် “အတော်အတန် ဉာဏ်ထိုင်းရောဂါ”ရှိတဲ့ ကလေးတစ်ယောက် ဆေးရုံရောက်လာပါတယ်။ အစာစားဖို့ ငြင်းဆန်နေခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်ဖောင်းပွလာခြင်း၊ မောပန်းလွယ်ခြင်း စတဲ့ ဝေဒနာ ခံစားနေရလို့ပါ။ ကလေးရဲ့ဝမ်းဗိုက်က ပူဖောင်းဖောင်းရှိပြီး လက်နဲ့ဖိနှိပ်စမ်းသပ်ကြည့်ရင် နာကျင်ပါတယ်။ သွေးအားနည်းရောဂါ ရှိနေတာကိုလည်း တွေ့ရတယ်။ သွေးထဲမှာ သံဓာတ်ပမာဏ အလွန်နည်းပါးနေတယ်။ ဝမ်းဗိုက်ကို ဓာတ်မှန်ရိုက်ကြည့်တော့ အူမကြီးတလျှောက်မှာ အစိုင်အခဲလုံး ပုံရိပ်အများအပြား တွေ့ရှိရပါတယ်။ ကလေးက မြေကြီးခဲတွေကို မကြာခဏ ကောက်ယူစားသုံးတဲ့ အကျင့်ရှိနေတယ်လို့ မိခင်ကပြောတယ်။ (သြစတြေးလျမိသားစုဆရာဝန်ဂျာနယ် ၂၀၁၃)

အိမ်နံရံခွာစားတဲ့ မိန်းကလေး

အစွဲအလမ်းကြီး ထပ်တလဲလဲပြုမူရောဂါ (OCD) ကြောင့်ဖြစ်ပွားတဲ့ တွေ့ကရာစားရောဂါ လူနာတစ်ယောက်အကြောင်းကို SAGE ဆေးပညာဂျာနယ် (၂၀ဝ၈)မှာ ဖော်ပြထားတာရှိတယ်။ လူနာက အာဖရိကတိုက် အီသီရိုးပီးယားနိုင်ငံ တောရွာတစ်ရွာမှာနေထိုင်တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးဖြစ်တယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ တောရွာဓလေ့ထုံးစံအရ အိမ်နံရံကို ရွှံ့စေးနဲ့ ဆောက်လုပ်လေ့ရှိပါတယ်။ လူနာအမျိုးသမီးက အိမ်နံရံက ရွှံ့စေးခြောက်ကို ခွာယူပြီး ဝါးစားတတ်တဲ့ အကျင့်ရှိလာပါတယ်။ သူ့စိတ်ထဲမှာ နံရံကရွှံ့စေးကို ခွဲယူပြီးစားတဲ့ အတွေးပုံရိပ်တွေက သူမတွေးချင်ဘဲနဲ့ အလိုအလျောက် ပေါ်ပေါက်လာတယ်။ အဲဒီစိတ်ဆန္ဒကြောင့် စိတ်ဖိစီးမှုခံစားရတယ်။ အခံရခက်တဲ့ သောကဝေဒနာ ခံစားရတယ်။ နံရံကရွှံ့စေးကို ခွာစားလိုက်ရမှ စိတ်တင်းကျပ်နေတာ ပြေပျောက်သွားတယ်။ ဒါကြောင့် ဒီလိုအကျင့်စွဲ ရရှိလာတာပါလို့ လူနာမိန်းကလေးက ပြောပြပါတယ်”

ဘာမဆိုစားလို့ရတဲ့ တန်ခိုးရှင်

အသက် ၁၉ နှစ်အရွယ် အိန္ဒိယအမျိုးသား လူငယ်တစ်ယောက်ကို သူ့ဖခင်က စိတ်ကျန်းမာရေးဆေးရုံကို ခေါ်ဆောင်လာပါတယ်။ လူနာစိတ်ကျန်းမာရေးချို့တဲ့လာတာ တစ်နှစ်ကျော်ရှိပါပြီ။ နားထဲမှာ စကားပြောသံတွေ ကြားနေရတယ်လို့ လူနာကပြောပါတယ်။ အကြောင်းမဲ့ တစ်ယောက်တည်း ရယ်မောနေတာလည်း တွေ့ရတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း ပေါင်းသင်းဆက်ဆံမှု မရှိတော့ဘူး။ ညဘက်မှာ ညဉ့်နက်သန်းခေါင်အထိ မအိပ်ဘဲ တစ်ယောက်တည်း စကားပြောတတ်တယ်။ မိဘတွေက ရိုးရာကုထုံးနဲ့ အိမ်ထဲမှာပဲ တိုးတိုးတိတ်တိတ်လေး ကုသပေးနေတာပါ။ လူနာက အခုတလော ပိုမိုထူးခြားလာတယ်။ ပိုးဟပ်၊ ပင့်ကူ၊ တီကောင်စတဲ့ သတ္တဝါလေးတွေကို အရှင်ဝါးစားနေတာ တွေ့ရတယ်။ လူနာကိုမေးကြည့်တော့ “သူကလူစွမ်းကောင်း၊ တန်ခိုးရှင်၊ ဘာမဆိုစားလို့ရတယ်”လို့ ပြောပါတယ်။ ယုံမှားမှုလွန်ကဲစိတ် (Delusion) ရှိနေတာဖြစ်တယ်။ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရသူ၊ တွေ့ကရာစားရောဂါ ရရှိနိုင်တဲ့ ဥပမာတစ်ခုပါ။ (အိန္ဒိယစိတ်ကျန်းမာရေး ဆေးပညာဂျာနယ်၊ ၂၀ဝ၉)။

စာရေးသူတင်ပြတာ ပြီးဆုံးတော့ ဘွဲ့လွန်သင်တန်းသား ဒေါက်တာတွမ်က မေးမြန်းတယ်။

“ဒီလိုဆိုတော့ တွေ့ကရာစားရောဂါ (Delusion) က ရောဂါမဟုတ်ဘူးပေါ့။ စိတ်ရောဂါမျိုးစုံမှာ တွေ့ရှိနိုင်တဲ့ ရောဂါလက္ခဏာတစ်ခုလို့ ဆိုရမှာလား” “မှန်ပါတယ်။ တွေ့ကရာစားအပြုအမူရှိရင် မူလအကြောင်းရင်းဖြစ်တဲ့ စိတ်ရောဂါကို ရှာဖွေရမယ်။ ကုသမှုကတော့ မူလစိတ်ရောဂါကို အဓိကထားကုသပေးရင် တွေ့ကရာစားတဲ့အကျင့် ပျောက်ကင်းသွားမှာပါ” “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို . . .” “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ကရာစားချင်တဲ့စိတ်က ကိုယ်ဝန်လရင့်လာတဲ့အခါ အလိုအလျောက် ပျောက်ကင်းသွားပါတယ်။ အာဟာရချို့တဲ့မှုမရှိအောင် ပြုစုစောင့်ရှောက်ဖို့တော့ လိုအပ်မှာပါ”

Most Popular

Healthy Life Ad
To Top