Healthy Life Ad
Health Tips

သက်ကြီးရွယ်အိုစိတ်ကျရောဂါ

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

ကမ္ဘာတစ်ဝန်းလုံးမှာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုဦးရေ တိုးပွားနေပါတယ်။ ၂၀၁၅ ခုနှစ်က တစ်ကမ္ဘာလုံးရှိ လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုတွေဖြစ်တယ်။ ၂၀၅၀ ပြည့်နှစ်ရောက်ရင် သက်ကြီးရွယ်အိုဦးရေဟာ တစ်ကမ္ဘာလုံးရှိ လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းအထိ တိုးပွားလာလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သက်ကြီးရွယ်အိုဦးရေက တစ်နိုင်ငံလုံးလူဦးရေရဲ့ ၉ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

သက်ကြီးရွယ်အိုတွေထဲမှာ ၂၀ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးပြဿနာရှိပါတယ်။ သက်ကြီးရွယ်အိုတွေထဲမှာ ဖြစ်ပွားမှုနှုန်းများတဲ့ စိတ်ရောဂါလေးမျိုးရှိတယ်။ အဲဒီရောဂါတွေကတော့-စိတ်ကျရောဂါ (ဖြစ်ပွားနှုန်း ၇ ရာခိုင်နှုန်း)၊ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါ (Dementia) (ဖြစ်ပွားနှုန်း ၅ ရာခိုင်နှုန်း)၊ စိုးရိမ်ပူပင်စိတ် လွန်ကဲရောဂါ (ဖြစ်ပွားနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း)နဲ့ အရက်စွဲ/မူးယစ်ဆေးစွဲ/အိပ်ဆေးစွဲရောဂါ (ဖြစ်ပွားနှုန်း ၁ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။ မိမိကိုယ်မိမိ သတ်သေနှုန်းက တစ်နှစ်အတွင်း လူဦးရေတစ်သိန်းမှာ ၁၀ ယောက်ဖြစ်တယ်။ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေထဲမှာ မိမိကိုယ်မိမိ သတ်သေနှုန်းက တစ်နှစ်အတွင်း လူတစ်သိန်းမှာ ၄၀ ယောက်ရှိကြောင်း သိရတယ်။

သက်ကြီးရွယ်အို စိတ်ကျရောဂါအကြောင်း ဖတ်မိတော့ စာရေးသူရဲ့ လူနာမစ်အေကို သတိရလာပါတယ်။ မစ်အေက အသက် ၇၀ အရွယ် မုဆိုးမတစ်ယောက်ဖြစ်တယ်။ သူ့ခင်ပွန်းသေဆုံးသွားတုန်းက မစ်အေပူဆွေးတမ်းတသောကဝေဒနာ နှစ်လလောက်ခံစားခဲ့ရပါတယ်။ အချိန်ကကုစားသွားလို့ ကြာလာတော့ အနေအထိုင် “အသားသေ”သွားပါတယ်။ ဒါက လွန်ခဲ့တဲ့တစ်နှစ်ကျော်က အဖြစ်အပျက်ပါ။

လွန်ခဲ့တဲ့ နှစ်လကျော်သုံးလလောက်ကစပြီး မစ်အေနေထိုင်မကောင်း ဖြစ်လာပါတယ်။ မကြာခဏဗိုက်နာတာ ခံစားလာရတယ်။ ခေါင်းမူးတယ်လို့လည်း ညည်းတွားနေတယ်။ ဆေးခန်းဆရာဝန်နဲ့ အကြိမ်ကြိမ်ဆေးစစ်တယ်။ ဆရာဝန်က ခန္ဓာကိုယ်ရောဂါ ရှာလို့မရဘူး။ မစ်အေကမကျေနပ်ဘူး။ “ကျွန်မမှာ နှလုံးရောဂါရှိသလား၊ ကင်ဆာရောဂါရှိသလား ဒေါက်တာ”လို့ အကြိမ်ကြိမ်မေးမြန်းနေတယ်။ အိပ်ဆေးကို ညွှန်ကြားတာထက် ပိုမိုပြီးသုံးစွဲလာတယ်။ ဒါကြောင့် ဂျီပီဆရာဝန်က စိတ်ကျန်းမာရေးဆေးခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။

မစ်အေနဲ့အတူ သူရဲ့တူမအရင်း ဂျူလီယာလည်း လိုက်ပါလာတယ်။

“ကျွန်မအဒေါ်ချူချာလာတာ မကြာသေးပါဘူး။ ၃ လလောက်ပဲ ရှိမယ်ထင်တယ်။ အဒေါ်နဲ့အတူနေထိုင်တဲ့ သူ့သမီးက အလုပ်ကောင်းရလို့ နယူး

“စိတ်ဝေဒနာကြောင့် ခန္ဓာကိုယ်ရောဂါလက္ခဏာ ခံစားလာရတာ ရှိနိုင်ပါတယ်။ ဥပမာ စိတ်ကျရောဂါဆိုပါတော့။ အသက်ကြီးမှ စိတ်ကျရောဂါ ရရှိလာရင် ရှက်စရာကောင်းတယ်လို့ ယူဆတတ်ကြတယ်။ စိတ်ညစ်ညူးနေသလို ခံစားရရင် အသက်အရွယ်ကြောင့် ဖြစ်တာပဲလေလို့ သဘောထားလိုက်ကြတာလည်း ရှိပါတယ်” . . .

ဇီလန်ကို ပြောင်းသွားပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်မအဒေါ် နေထိုင်မကောင်းဖြစ်လာတယ်လို့ ထင်ပါတယ်။ ကျွန်မက အဒေါ်နဲ့အတူမနေပါဘူး။ တစ်လမ်းကျော်မှာ နေတာပါ”

“မစ်အေတစ်ယောက်တည်း အထီးကျန်ဖြစ်နေလို့ ငြီးငွေ့နေတာလား”

မစ်အေက ကြားဝင်ပြီး ကန့်ကွက်တဲ့လေသံနဲ့ ပြောတယ်။

“သမီးအတွက် ကောင်းစားဖို့ပဲ၊ ကျွန်မဘာမှ ပူစရာမရှိပါဘူး။ ယောကျာ်းသေဆုံးတုန်းကလည်း ကျွန်မဒီလိုပဲ နေခဲ့တာပဲ”

စာရေးသူက ဆေးပညာအမြင်ကို ရှင်းပြပါတယ်။

“သက်ကြီးရွယ်အိုတွေ တစ်ယောက်တည်း နေရတာကြာလာရင် စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်”

“ဗိုက်နာတာ၊ ခေါင်းမူးတာမသက်သာလို့ ကျွန်မစိတ်ပူနေတာပါ။ အဲဒါ ဘာရောဂါဖြစ်နိုင်သလဲ ဒေါက်တာ”

“စိတ်ဝေဒနာကြောင့် ခန္ဓာကိုယ်ရောဂါလက္ခဏာ ခံစားလာရတာ ရှိနိုင်ပါတယ်။ ဥပမာ စိတ်ကျရောဂါဆိုပါတော့။ အသက်ကြီးမှ စိတ်ကျရောဂါ ရရှိလာရင် ရှက်စရာကောင်းတယ်လို့ ယူဆတတ်ကြတယ်။ စိတ်ညစ်ညူးနေသလို ခံစားရရင် အသက်အရွယ်ကြောင့် ဖြစ်တာပဲလေလို့ သဘောထားလိုက်ကြတာလည်း ရှိပါတယ်။ သက်ကြီးရွယ်အိုက လူငယ်တွေလို ပျော်ရွှင်မြူးထူးနေရမှာလားလို့ ခံယူပြီး မပျော်မရွှင်ဖြစ်လာတာကို လျစ်လျူရှုတတ်ကြပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ စိတ်ကျရောဂါ ခံစားလာရရင် စိတ်ညစ်နေတယ်လို့ ဖွင့်ဟမပြောဘဲ တခြားရောဂါလက္ခဏာတွေကိုသာ ဖော်ပြတာကို တွေ့ရှိရပါတယ်”

ဂျူလီယာက ကြားဖြတ်မေးမြန်းပါတယ်။

“ဘယ်လိုလက္ခဏာတွေကို ဖော်ပြတတ်ကြသလဲ ဒေါက်တာ”

“(က) ခန္ဓာကိုယ်လက္ခဏာတွေကိုသာ ညည်းတွားနေတာ ရှိနိုင်တယ်။ ဥပမာ-ခေါင်းမူးတယ်၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်၊ အားအင်ကုန်ခမ်းနေတယ်၊ ခြေလက်တွေ လေးလံနေတယ်၊ လည်ပင်းထဲမှာ တစ်ဆို့ဆို့ကြီး ဝမ်းချုပ်နေတယ် စတဲ့လက္ခဏာတွေပါ။

(ခ) တချို့ကတော့ အလွန်အမင်းရောဂါကြောင့် ကြစိတ် (Hypochondrasis) ဖြစ်ပွားနေတယ်။

(ဂ) တချို့လူနာတွေကတော့ အကြောင်းမဲ့ အလွန်အမင်း စိုးရိမ်ပူပင်နေတတ်တယ်။ အကြောင်းရင်းကို မယ်မယ်ရရမပြောပြနိုင်ဘဲ သောကမီးပွား များနေခြင်းရှိမယ်။

(ဃ) မိမိရဲ့ ပုံမှန်ကိုယ်ကျင့်တရားနဲ့ မအပ်စပ်တဲ့ အပြုအမူတွေ၊ အရွယ်နဲ့မလိုက်တဲ့ အပြုအမူတွေကို စတင်ဖော်ပြလာတဲ့ လူနာမျိုးလည်းရှိတယ်။

(င) တချို့ကတော့ နှုတ်ကဘာမှမပြောပြဘူး။ သူတို့အမူအရာတွေကိုကြည့်ရင် စိတ်ခံစားမှု ဆိတ်သုဉ်းနေသလို ဒါမှမဟုတ် အကြောင်းမဲ့ ဂနာမငြိမ်ဖြစ်နေသလို တွေ့ရှိရမယ်။

(စ) နားထဲမှာ သူတို့ကို ပြစ်တင်ရှုံ့ချပြီး ပြောနေတဲ့စကားပြောသံတွေကို ကြားခြင်း၊ ယုံမှားမှုလွန်ကဲစိတ် ပွားများနေခြင်း စတဲ့စိတ္တဇရောဂါ လက္ခဏာတွေကိုသာ ရေရွတ်ပြောကြားနေတဲ့ လူနာတွေလည်းရှိပါတယ်။

အဲဒီလို အပြင်ပန်းပြလက္ခဏာတွေကြောင့် စိတ်ကျရောဂါရှိသူကို စိတ်ကျရောဂါခံစားနေရတယ်လို့ မထင်မှတ်မိတာ ရှိနိုင်တယ်”

စာရေးသူစကားဆုံးတော့ မစ်အေက ဘာမှပြန်မပြောဘဲ ကြမ်းပြင်ကိုသာ စူးစိုက်ကြည့်နေပါတယ်။

ဂျူလီယာက ဆက်လက်မေးမြန်းပါတယ်။

“ဒေါ်လေးအေက ဗိုက်နာတာ၊ ခေါင်းမူးတာတွေအတွက် စိတ်ပူနေတာပါ ဒေါက်တာ၊ စိတ်ကျရောဂါရှိတယ်လို့ ဒေါက်တာယူဆသလား”

“အခု ကျွန်တော်တို့ စစ်ဆေးကြည့်ရမှာပါ”

စာရေးသူက စိတ်ကျရောဂါ အဓိကလက္ခဏာတစ်ခုချင်းကို မေးမြန်းစစ်ဆေးပါတယ်။ ဂျူလီယာကလည်း လိုအပ်သလို အကူအညီပေးပါတယ်။ စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း အဖြေပေးဖို့ ဂျူလီယာက သူ့အဒေါ်ကို တိုက်တွန်းအားပေးတယ်။

မစ်အေမှာ စိတ်ညစ်ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ စိတ်ကျရောဂါလက္ခဏာတွေကတော့-

“စိတ်ညစ်ခြင်း၊ အရင်ကလို စိတ်သာယာပျော်ရွှင်မှု မခံစားနိုင်ခြင်း၊ မိမိနှစ်ခြိုက်တဲ့ ဝါသနာအလုပ်အကိုင်ကို စိတ်ဝင်စားမှုမရှိတော့ခြင်း၊ အကြောင်းမဲ့ သိမ်ငယ်စိတ်ဖြစ်ပေါ်နေခြင်း၊ မိမိကိုယ်မိမိ လိုတာထက်ပိုပြီး အပြစ်တင်နေခြင်း၊ အနာဂတ်မှာ မျှော်လင့်ချက်ကုန်ဆုံးနေသလို ခံစားရခြင်း၊ မိမိအသက်ကို အန္တရာယ်ပြုချင်တဲ့ အတွေးစိတ်များ ပေါ်ပေါက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ တဖြည်းဖြည်းပိန်ချုံးလာခြင်း၊ အိပ်မပျော်ခြင်း၊ သန်းခေါင်ကျော်နိုးပြီး ပြန်လည်အိပ်မရခြင်း၊ အာရုံစူးစိုက်မှုချို့ယွင်းခြင်း၊ သတိမေ့တတ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတို့ ဖြစ်ပါတယ်။

အားလုံးပြီးတော့ စာရေးသူက မှတ်ချက်ချပါတယ်။

“မစ်အေ စိတ်ကျရောဂါ ခံစားနေရတယ်လို့ ကျွန်တော်ယူဆပါတယ်။ မစ်အေသဘောတူပါသလား”

မစ်အေက ကြမ်းပြင်ကို စူးစိုက်ကြည့်နေရာက စာရေးသူကို တစ်ချက်လှမ်းကြည့်ပါတယ်။ သူ့မျက်လုံးထောင့်မှာ မျက်ရည်တွေစို့နေတာ တွေ့ရတယ်။ မစ်အေက တိုးတိုးလေး အဖြေပေးတယ်။

“ဟုတ်ကဲ့ပါ”

နောက်ပြီး သူ့တူမလက်ခုံကို ဆုပ်ကိုင်လိုက်ပါတယ်။ မစ်အေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်စက်တွေ စီးကျလာပါပြီ။

အားမငယ်ပါနဲ့မစ်အေ၊ စိတ်ကျရောဂါက ကုသရင် ပျောက်ကင်းနိုင်တဲ့ ရောဂါပါ”

မစ်အေက အားကိုးတဲ့အမူအရာနဲ့ ကြည့်ပြီး မချိပြုံးပြုံးပြပါတယ်။ ဂျူလီယာက မစ်အေရဲ့လက်ဖျံကို ပွတ်သပ်ပေးရင် မေးမြန်းပါတယ်။

“ဒေါ်လေးအေ ဘဝတစ်လျှောက်လုံးမှာ စိတ်ကျရောဂါ မဖြစ်ဖူးပါဘူး။ ဒီအရွယ်ရောက်မှ ဘာကြောင့် စိတ်ကျရောဂါ ဖြစ်ပွားလာရတာလဲ”

“သက်ကြီးရွယ်အိုအချိန်မှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရောဂါတစ်ခုခုကြောင့် စိတ်ကျရောဂါ ရရှိနိုင်ပါတယ်။ အဲဒီအချက်ကို ကျွန်တော်တို့ သတိထားကြည့်ရမယ်။ဥပမာ-သိုင်းရွိုက်ဟော်မုန်းအကျိတ်ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်သွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါ၊ ဖုံးကွယ်နေတဲ့ ကင်ဆာရောဂါတို့ ဖြစ်ပါတယ်။ နောက်ပြီး အာဟာရဓာတ်တစ်မျိုးချို့တဲ့ရင်လည်း စိတ်ကျရောဂါ ဖြစ်ပွားနိုင်တယ်။ ဥပမာ-ဗီတာမင် ဒီ၊ ဗီတာမင် ဘီ-၆၊ ဗီတာမင် ဘီ-၁၂ ချို့တဲ့ရောဂါများ။ အိုင်အိုဒင်းဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဆီလီနီယမ်(Selenium) ဓာတ်နဲ့ သွပ်သတ္တုဓာတ်ချို့တဲ့ရောဂါတွေ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Dementia) နုစအချိန်မှာ စိတ်ကျရောဂါစတင်ဖြစ်ပွားတာ တွေ့ရှိရပါတယ်။

သက်ကြီးရွယ်အိုတွေမှာ နာတာရှည်ရောဂါ တစ်ခုမဟုတ်တစ်ခု ခံစားရတာရှိနိုင်တယ်။ အဲဒီရောဂါတွေအတွက် စားသုံးနေရတဲ့ဆေးကြောင့် စိတ်ကျရောဂါဖြစ်ပွားနိုင်ပါတယ်။ ဥပမာ-နှလုံးရောဂါနဲ့ သွေးတိုးရောဂါကုသဆေး (Clonodine? Reserpine ? Metaprolol? Propranolol)။ ကိုလက်စထရော အဆီကျဆေး(Simvastatin? Pravastatin)၊ ပါကင်ဆန်(Parkinson Disease)အကြောဆွဲရောဂါကုသဆေး(Caridopa? Levodopa)၊ အစာအိမ်အနာကုသဆေး (Cimetidine? Ranitidine)၊ စတီးရွိုက်ဟော်မုန်းဆေး (Cortisone? Prednisolone)၊ သွေးဆုံးဝေဒနာကု“မလိင်ဟော်မုန်း”ဆေး(Premarin) စတဲ့ ဆေးတွေဖြစ်ပါတယ်။ ဒါကြောင့် မစ်အေစိတ်ကျရောဂါ ခံစားရတာက ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကြောင့် ဖြစ်မဖြစ်ဆက်လက်စစ်ဆေးရမှာပါ”

ဂျူလီယာက သူရဲ့ထင်မြင်ယူဆချက်ကို ပြောပါတယ်။

“ဒေါ်လေးအေကတော့ အထီးကျန်ဘဝကို ငြီးငွေ့နေလို့ ဒီလိုဖြစ်လာတာလို့ ကျွန်မထင်ပါတယ်”

“လူမှုရေးအပြောင်းအလဲ ဖိစီးမှုဒဏ်ကြောင့် သက်ကြီးရွယ်အိုစိတ်ကျရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဥပမာ-ခန္ဓာကိုယ်ရောဂါကြောင့် ချည့်နဲ့ပြီး အရင်ကလို လှုပ်ရှားသွားလာနိုင်မှုမရှိခြင်း၊ အလုပ်မှ အနားယူခြင်း၊ မိတ်ဆွေဟောင်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အလမ်းနည်းပါးလာခြင်း၊ မိမိဝါသနာပါတဲ့ ကိစ္စတွေကို မဆောင်ရွက်နိုင်တော့ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ စားဝတ်နေရေးအတွက် အကူအညီလိုအပ်လာခြင်း၊ မိသားစုဝင်အိမ်သားများ သေဆုံးခြင်း၊ သားသမီးတွေနဲ့ ခွဲခွာနေထိုင်ရခြင်း စသဖြင့်ပေါ့”

“ငှက်သိုက်အိမ်ဟင်းလမ်းဖြစ်သွားတဲ့ (Empty Nest) အခြေအနေကိုပြောတာလား”

“မှန်ပါတယ်။ ဒါကြောင့် မစ်အေကိုကုသတဲ့အခါမှာ အထီးကျန်ဘဝအခြေအနေကို ပြုပြင်ပေးဖို့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်”

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုရန်

Most Popular

Healthy Life Ad
To Top