Healthy Life Ad
Q & A

သွေးစုနာ မကြာခဏပေါက်ခြင်း

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ကျွန်တော် သက်ကြီးသူတစ်ဦးဖြစ်ပြီး တင်ပါးမှာ မကြာခဏဆိုသလို သွေးစုနာလို ပေါက်လေ့ရှိပါတယ်။ အဲဒီသွေးစုနာပေါက်တာကို အမြစ်ပြတ်အောင် ဘယ်လိုကုသမှု ဆောင်ရွက်ရမှာလဲ၊ ခွဲစိတ်ကုသမှ အမြစ်ပြတ်ပျောက်ကင်းမယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။ ကျွန်တော် သွေးစုနာပေါက်တာကို တစ်ခါပေါက်ရင် ပဋိဇီဝပိုးသတ်ဆေးတွေ လိမ်းဆေးတွေ သောက်သုံးနေရပါတယ်။ အဲဒီလို အချိန်ကာလ ကြာရှည်လာတဲ့အခါ လူကိုဒုက္ခပေးမှာလား။ ကင်ဆာဖြစ်သွားမှာလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

A. သွေးစုနာဆိုတာ အရေပြားမွေးညင်းပေါက်ထဲကို ပိုးဝင်ပြီး ရောင်ရမ်းတဲ့အခြေအနေပါ။ အရေပြားမသန့်ရှင်းလို့ရယ်၊ ကိုယ်ခံအားစနစ်ကျဆင်းလို့ရယ် သွေးစုနာမကြာခဏ ပေါက်တာတွေ့ရပါတယ်။ ကိုယ်ခံအားစနစ် ကျဆင်းစေတဲ့ အခြေအနေတွေက ဆီးချိုရောဂါရှိတာ၊ ကင်ဆာဖြစ်တာ၊ ကင်ဆာကုထုံးတွေ ခံယူနေတာ၊ စတီးရွိုက်၊ ပရက်နီစလုံးစတာတွေ မှီဝဲနေတာ စတာတွေဖြစ်ပြီး ဒီလိုကိုယ်ခံအားစနစ်ကျနေရင် မွေးညင်းပေါက်ထဲ ပိုးဝင်ရောင်ရမ်းပြီး သွေးစုနာပေါက်တတ်ပါတယ်။ ဒီလိုရောဂါတွေနဲ့ တွဲဖက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အရေပြားသန့်ရှင်းရေး အလေးထားပြီး အသီးအရွက်၊ အသီးအနှံ များများစားပေးဖို့ လိုအပ်ပါတယ်။

သွေးစုနာဖြစ်ပြီဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးမှီဝဲလိုက်ရင် ပြန်ချပ်သွားတတ်ပါတယ်။ ဖြစ်တာကြာပြီးမှ ပြည်တည်နာဖြစ်လာရင် ဆေးထည့်မှ ပျောက်တတ်ပါတယ်။ သွေးစုနာကနေ ကင်ဆာအဖြစ် ပြောင်းလဲသွားတဲ့ လေ့လာမှုမျိုး မတွေ့ဖူးသေးပါဘူး။ ဒါကြောင့် ကင်ဆာရောဂါ မဖြစ်သွားနိုင်ပါဘူး။ ပိုးဝင်တဲ့အတွက် ပဋိဇီဝပိုးသတ်ဆေးသောက်ပြီး ပျောက်အောင်ပဲ ကုလို့ရပါတယ်။ ရေရှည်မဖြစ်အောင်ကတော့ ကိုယ်ခံအားစနစ်ကောင်းအောင် လုပ်ဖို့နဲ့ အခြေခံရောဂါဝေဒနာတစ်ခုခုရှိရင် ရှာဖွေကုသမှုခံယူဖို့ လိုတယ်လို့ပဲ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top