Healthy Life Ad
Health Tips

၀ူဟန်ဗိုင်းရပ်စ် သံသယလူနာရှိလာချိန်မှာ လူထုအနေနဲ့ ဘာတွေကို ဂရုစိုက်ဖို့ လိုအပ်သလဲ. . .

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

Q. ရက်အနည်းငယ်အကြာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း သံသယလူနာအဖြစ် စောင့်ကြည့်နေရသူတွေ ရှိလာတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံသူ/နိုင်ငံသားတွေအနေနဲ့ ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဘာတွေကို အထူးသိထားဖို့ လိုအပ်ပါသလဲ ဆရာ။

A. ဝူဟန်ဗိုင်းရပ်စ်စဖြစ်တဲ့ တရုတ်က ထိန်းသိမ်းမှု ညံ့လို့ဆိုပြီး အရေးပေါ်အခြေအနေလို့ ကြေညာတာ မဟုတ်ပါဘူး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒီဗိုင်းရပ်စ်ရောက်ခဲ့ရင် ထိန်းချုပ်မှုအပိုင်းနဲ့ ပတ်သက်ပြီး ပိုမိုဂရုပြု စနစ်တကျ ဆောင်ရွက်နိုင်အောင်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ယူဆမိပါတယ်။ ဝူဟန်ဗိုင်းရပ်စ်က ဗိုင်းရပ်စ်အသစ်ဖြစ်တယ်၊ ဒီဗိုင်းရပ်စ်ရဲ့ ဇီဝဖြစ်စဉ်နဲ့ ကူးစက်မှုနှုန်းတွေကို တိတိကျကျ မသိသေးဘူး။ ဒီတော့ အမျိုးအစားတူ ဗိုင်းရပ်စ်တွေရဲ့ ပျံ့နှံ့ပုံတွေနဲ့ပဲ ကာကွယ်ကုသနေရတာ ဖြစ်တယ်။ Incubation Periodက ၅ ရက်-၁၀ရက်၊ ဗိုင်းရပ်စ်ဝင်ပြီး လက္ခဏာပြသချိန်က နှစ်ပတ်ဖြစ်နိုင်တယ်ဆိုပြီး ဆက်လက်စောင့်ကြည့် ထုတ်ပြန်နေတုန်းပဲ။ ပြီးတော့ ကူးစက်ပုံကလည်း အမှုန်အမွှားတွေကနေ လူလူချင်း ကူးစက်တာတွေပါ ထပ်တွေ့လာရတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဒီလိုထုတ်ပြန်တယ်လို့ ယူဆရတယ်။ ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် ရောဂါကြီးက ပိုဆိုးလာတာလည်း မဟုတ်ဘူး။ ရောဂါက မူလဖြစ်မြဲအတိုင်း ဆက်ဖြစ်နေတယ်။

မြန်မာနိုင်ငံက လူတွေအနေနဲ့ ဒီလိုကြေငြာလိုက်တဲ့အတွက် အိမ်ထဲအောင်းနေရမယ်လို့တော့ မဟုတ်ပါဘူး။ ဒီပိုးက တရုတ်ပြည်ဝူဟန်က လူတချို့မှာ ကူးစက်ခံရတယ်။ တခြားလူတွေက နှစ်ပတ်အထိ လက္ခဏာမပြဘဲ ရှိနေနိုင်တယ်။ အဲဒီလူတွေက ကိုယ့်နိုင်ငံထဲ ဝင်ရောက်လာခဲ့လို့ရှိရင် နိုင်ငံတွင်းမှာ ပျံ့နှံ့မှုမရှိအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ အဓိက အချက်ဖြစ်ပါတယ်။

ကျောင်း၊ အလုပ်သွားရမလားဆိုတာကို ပြည်သူပြည်သားတစ်ယောက်အနေနဲ့ စဉ်းစားရမယ်ဆိုရင် ဒီပိုးက ကိုယ့်ပတ်ဝန်းကျင်အနီးအနားမှာ မရှိသေးသရွေ့ ဘာမှစိုးရိမ်စရာ မလိုပါဘူး။ ကိုယ့်နိုင်ငံကို ဒီပိုးဝင်မလာရင် ကြောက်နေစရာ မလိုပါဘူး။ဝူဟန်ဗိုင်းရပ်စ် ဘယ်လိုပျံ့နှံ့နိုင်သလဲဆိုရင် ဒီပိုးပျံ့နေတဲ့ မြို့ကလူတွေ ဝင်လာမှ ဒီဗိုင်းရပ်စ်က ပါလာနိုင်တာပါ။ လေဆိပ်၊ နယ်စပ်ဒေသတွေကနေ Thermal Scannerနဲ့ စောင့်ကြည့်တာက ပိုးပါ၊ မပါ မပြောနိုင်ပါဘူး။ ဖျားတာ၊ မဖျားတာပဲ ပြောနိုင်ပါတယ်။

ဒီတော့ ရောဂါပိုးနဲ့ထိတွေ့ပြီး အဲဒီဒေသက ပြန်လာသူတွေ ကိုယ့်နိုင်ငံထဲ ရောက်နေခဲ့ရင်တော့ သူနဲ့နီးစပ်ထိတွေ့နေသူတွေက ကူးစက်နိုင်ခြေ များပါတယ်။ ဒီတော့ ကိုယ့်အလုပ်ခွင်ထဲမှာ အဲဒီနိုင်ငံကနေ နှစ်ပတ်အတွင်း ပြန်လာသူတွေရှိနေရင် စနစ်တကျ ကာကွယ်နည်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းဆိုရင် ကိုယ့်ဆီလာပြတဲ့ လူနာက အဲဒီနိုင်ငံက ပြန်လာသူဖြစ်ပြီး ပိုးရှိနေရင် ကူးစက်နိုင်ခြေ ရှိပါတယ်။ ရောဂါပိုးသယ်ဆောင်ပြီး ရောဂါလက္ခဏာ မပြသေးသူနဲ့ တွေ့ဆုံမိရင် ကူးစက်နိုင်တယ်။

ဒါကြောင့် လူအများကြီးရှိတဲ့ ပွဲလမ်းသဘင်၊ ရှော့ပင်းမောတွေကို အခုချိန်မှာ မသွားသင့်သေးပါဘူး။ အခုကူးစက်နှုန်းကို ကြည့်လိုက်တဲ့အခါမှာ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ သိပ်များများစားစား မရှိဘဲနဲ့ လူလတ်ပိုင်းတွေများတယ်။ သေဆုံးသူတွေကို ကြည့်လိုက်တဲ့အခါမှာ ၅၀ ရာခိုင်နှုန်းလောက်ကပဲ နာတာရှည်ရောဂါရှိသူဖြစ်ပြီး ကျန်တဲ့သူတွေက နဂိုကျန်းမာတဲ့သူတွေ ဖြစ်နေတယ်။ ဒါက လူလတ်ပိုင်းတွေကပဲ အပြင်ထွက်၊ ခရီးသွားလုပ်တာများလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရောဂါဖြစ်ပွားတဲ့ ဒေသက ပြန်လာတဲ့သူတွေကလည်း နှစ်ပတ်အတွင်း အပြင်မထွက်သင့်သေးပါဘူး။ ကျောင်း၊ အလုပ်တွေကို မသွားသင့်သေးပါဘူး။ အဲဒီအချိန်မှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာရင် သတ်မှတ်ထားတဲ့ ဝေဘာဂီဆေးရုံ၊ မန္တလေးဆေးရုံတွေကို သွားပြဖို့လိုပါတယ်။

အခုသံသယလူနာတွေကတော့ လေဆိပ်မှာပဲတွေ့တဲ့အတွက် တစ်ခါတည်း ဝေဘာဂီဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။ စိတ်ပူစရာရှိတာက ရောက်လာသူတွေထဲက ပိုးရှိပြီး လက္ခဏာမပြသေးတဲ့သူတွေများ ရှိနေမလားဆိုတာပါ။ နောက်တစ်ခုကတော့ ဘယ်သူမဆို ကိုယ်နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ တစ်သျှူး၊ လက်ကိုင်ပဝါ၊ လက်တံတောင်နဲ့ အုပ်မိုးတဲ့ Cough Etiquette ကို လိုက်နာဖို့ လိုအပ်ပါတယ်။ လက်ဆေးတဲ့အကျင့်ကိုလည်း ငယ်ငယ်ကတည်းက လုပ်ဆောင်ဖြစ်အောင် ကျောင်းတွေမှာ ကလေးတွေကို ဆရာ၊ ဆရာမတွေက စနစ်တကျ သင်ပေးထားသင့်ပါတယ်။ တခြားအချက်တွေကတော့ ပုံမှန်အတိုင်း အာဟာရပြည့်ပြည့်ဝ၀စားတာ၊ အိပ်ရေးဝ၀ အိပ်စက်အနားယူတာ၊ လူကြားထဲ မဖြစ်မနေ သွားရတဲ့အခါ နှာခေါင်းစည်း (Mask)တပ်တာတွေကို လိုက်နာဖို့ အကြံပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top