Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အယ်လ်ဇိုင်းမားသူငယ်ပြန်ရောဂါ ( Diabetes and Alzheimer’s disease ) (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

အယ်လ်ဇိုင်းမားရောဂါနှင့် ဆီးချိုရောဂါ ဆက်စပ်ပုံ

ဆီးချိုဖြစ်ခါနီး Prediabedes အကြိုဆီးချို ရှိသူတွေ အပါအဝင် အမျိုးအစား၂ ဆီးချိုရှိသူတွေဟာ အသက်ကြီးလာရင် အယ်လ်ဇိုင်းမားသူငယ်ပြန်ရောဂါ ဖြစ်လာမယ့်အလားအလာ ပိုရှိပါတယ်။

သိပ္ပံပညာရှင်တွေက ဆီးချိုသွေးချိုထိန်းသိမ်းတာ မကောင်းရင် မှတ်ဉာဏ်နဲ့အသိဉာဏ်တွေ ချို့တဲ့တာ ပိုဖြစ်တတ်ကြောင်း တွေ့ရှိထားပါတယ်။
အံ့သြစရာတစ်ခုကတော့ Anzheimer’s အယ်လ် ဇိုင်းမားရောဂါနဲ့ အမျိုးအစား၂ ဆီးချိုရောဂါ နှစ်ခုစ လုံးမှာ (degeneration)ဒီဂျင်နရေးရှင်းလို့ခေါ်တဲ့ (aging)ဟောင်းနွမ်းအိုမင်းခြင်းရဲ့ ဖြစ်ပျက်စဉ်တွေတွေ့ပြီး အခြေခံဖြစ်စဉ်တွေလည်း တော်တော်လေး တူနေတာတွေ့ရပါတယ်။ လူတိုင်းရဲ့ ခန္ဓာအစိတ်အပိုင်းတွေဟာ အသက်ကြီးလာရင် Degeneration ဖြစ်ကြပါတယ်။ ဒီဂျင်နရေးရှင်းဆိုတာ ကလာပ်စည်းတွေ သက်တမ်းကုန်ပြီး သေသွားတာ (cell death or apoptosis)များပြီး ကလာပ်စည်းအသစ် ပြန်လည်ဖြည့်ဆည်းတာလည်း လျော့သွားတဲ့ အိုခြင်း(Aging)ရဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒီဂျင်နရေးရှင်းဖြစ်စဉ်ကြောင့် အသက်ကြီးလာပြီး အိုလာရင် အင်္ဂါအစိတ်အပိုင်းအားလုံးရဲ့ စွမ်းဆောင်ရည်တွေ လျော့ကျသွားပြီး အရွယ်အစားတွေဟာလည်း သေးငယ်သွားကြပါတယ်။ တစ်ဦးနဲ့တစ်ဦးမှာ ဒီဂျင်နရေး

“ဆီးချိုရောဂါရှိသူတွေမှာရော အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာပါ နှစ်ဦးစလုံးရဲ့ဦးနှောက်မှာ အယ်လ်ဇိုင်းမားရောဂါရဲ့ ထင်ရှားတဲ့ဝိသေသဖြစ်တဲ့ (Amyloid peptide) အမိုင်လွိုက်ဓာတ်တစ်မျိုး ဦးနှောက်မှာ စုပုံများပြားနေတာတွေ့ရတာချင်း တူနေပါတယ်” . . .

ရှင်းဟာ အနှေးနဲ့အမြန်သာ ကွာခြားကြပါတယ်။ ဒီဂျင်နရေးရှင်းဖြစ်စဉ်တွေဟာ အယ်လ်ဇိုင်းမားရဲ့ အခြေခံဖြစ်စဉ်တွေ ဖြစ်ပါတယ်။

ဒီဂျင်နရေးရှင်းဖြစ်စဉ်တွေနဲ့ ဆီးချိုရောဂါ နောက်ဆက်တွဲ ရောဂါဖြစ်စဉ်တွေ ဘယ်နေရာမှာ တူနေကြတာလဲဆိုတာ ဆက်လက်ဆွေးနွေးပါမယ်။ ကလာပ်စည်းတိုင်းမှာ ဂလူးကို့စ်ကို သုံးပြီး energy အင်နာဂျီခေါ် စွမ်းအားတွေရရှိဖို့ အင်ဆူလင်ရဲ့ နှိုးဆော်မှု (Insulin signaling) လိုပါတယ်။ အင်ဆူလင်ပမာဏ လုံလောက်မှုသာမကဘဲ ၎င်းအင်ဆူလင်ရဲ့ ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့လည်း အရေးကြီးပါတယ်။

ဒါက ဦးနောက်အပါအဝင် တခြားတစ်ကိုယ်လုံးမှာ သွေးတွင်းဂလူးကို့စ်ကို အသုံးချခြင်းရဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။ ဒီ့အပြင် အင်ဆူလင်ဟာ ဦးနောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ ကလာပ်စည်းတိုင်းမှာ Growth Factor ခေါ် ကလာပ်စည်းတွေ ပွားများခြင်းကိုလှုံ့ဆော်တဲ့ ဓာတ်တစ်ခုအဖြစ်လည်း လုပ်ဆောင်ပေးရပါတယ်။ ဦးနှောက်ကလာပ်စည်းဖြစ်တဲ့ Neurons တွေဟာ ဒီ Growth Factor အပေါ်များစွာ မှီခိုနေပါတယ်။ ဒီအင်ဆူလင် Growth Factor ဓာတ်တွေမရှိရင် ဦးနှောက်ကလာပ်စည်းတွေ စောစောသေသွားကြပါမယ်။ ဒါကြောင့် အင်ဆူလင် အလုံအလောက်ရှိခြင်းနဲ့ အင်ဆူလင်လှုံ့ဆော်မှုကောင်းပြီး အင်ဆူလင်ရဲ့လုပ်ငန်းတွေ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ ဆီးချိုရောဂါရှိရှိ၊ မရှိရှိ အယ်လ်ဇိုင်းမားတွေရဲ့ ဦးနှောက်မှာ အင်ဆူလင်ကိုတွန်းခံမှု(Insulin Resistance)များခြင်းကြောင့် အင်ဆူလင်နှိုးဆော်မှု(Insulin signaling) ပုံမှန်မလုပ်နိုင်ဘဲ ချို့ယွင်းချက်ရှိနေခြင်းကြောင့် ကလာပ်စည်းတွေပွားခြင်း(cell growth)၊ အထူးကလာပ်စည်းတွေအဖြစ် ပြောင်းလဲခြင်း( differentiation) (ဥပမာ ရိုးရိုးအခြေခံ ကလာပ်စည်းမှ အထူးတာဝန်ထမ်းဆောင်နိုင်တဲ့ ဦးနှောက်ကလာပ်စည်းတွေအဖြစ် ပြောင်းလဲခြင်း) ကလာပ်စည်း ပြန်လည်ပြုပြင်ဖြည့်ဆည်းခြင်း(cellular repair mechanism)တွေလည်း ပုံမှန်မပြုလုပ်နိုင်တော့ပါဘူး။ အဟောင်းနေရာမှာ အသစ်ပြန်မဖြည့်ပေးနိုင်တော့ခြင်းပင်ဖြစ်ပါတယ်။ ဒါဟာ အိုမင်းခြင်းရဲ့ဖြစ်စဉ်နဲ့ အတူတူပါပဲ။ ဒီဖြစ်စဉ်မှာ အင်ဆူလင်ဓာတ်ဟာ အရေးပါလှပါတယ်။

ဆီးချိုရောဂါ ရှိသူတွေမှာရော အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာပါ နှစ်ဦးစလုံးရဲ့ ဦးနှောက်မှာ အယ်လ်ဇိုင်းမားရောဂါရဲ့ ထင်ရှားတဲ့ဝိသေသဖြစ်တဲ့ (Amyloid peptide )အမိုင်လွိုက်ဓာတ်တစ်မျိုး ဦးနှောက်မှာစုပုံများပြားနေတာ တွေ့ရတာချင်း တူနေပါတယ်။ ဦးနှောက်မှာ အမိုင်လွိုက်ပက်ပ်တိုက်ဒ်တွေ များခြင်းနဲ့ အင်ဆူလင်တွန်းခံမှုများခြင်းတွေ များစွာဆက်စပ်မှုရှိတဲ့သာဓကတွေကြောင့် ဆီးချိုသွေးချိုရောဂါဟာ အယ်လ်ဇိုင်းမားဖြစ်စဉ်နဲ့တူနေတာ အမှန်ပဲဖြစ်ပါတယ်။

ကလပ်စည်းများသေဆုံးခြင်း(ပျက်စဉ်)ကို ပိုဆိုးစေတဲ့ အခြားအချက်တစ်ခုကတော့ ခန္ဓာကိုယ်မှာ Free radicals များလာခြင်း သို့မဟုတ် oxidative ခေါ် ဓာတ်တိုးဖြစ်စဉ် များပြားလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီ Free radicals တွေများလာရင် apoptosis လို့ခေါ်တဲ့ ကလာပ်စည်းတွေ သေဆုံးခြင်း၊ ပျက်ဆီးခြင်းတွေ ပိုဖြစ်စေပါတယ်။

အင်ဆူလင်အလုပ်မလုပ်နိုင်ရင် Free radicals ခေါ် ဓာတ်တိုးခြင်းတွေများလာပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးနဲ့ အယ်လ်ဇိုင်းမားနှစ်ခုစလုံးမှာ ဒီ Free radicals ကြောင့် ရောဂါပိုဆိုးလာတာ ဖြစ်ပါတယ်။

ဆီးချိုမရှိဘဲ အယ်လ်ဇိုင်းမားရောဂါပဲရှိသူတွေရဲ့ ဦးနှောက်မှာ ဖြစ်နေတဲ့ အခြေခံဖြစ်စဉ်တွေဟာလည်း ဆီးချိုရဲ့ ကလာပ်စည်းတွေမှာဖြစ်နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် သိပ္ပံပညာရှင်တွေက အယ်လ် ဇိုင်းမားရောဂါကို ဆီးချိုရောဂါအမျိုးအစား (၃) Type 3 Diabetes လို့ခေါ်နိုင်ကြောင်း ပြောကြားထားပါတယ်။ ဒါကြောင့် ဒီရောဂါနှစ်ခုစလုံးအတွက် ကာကွယ်ကုသနည်းတွေလည်း တူနိုင်မယ်လို့ ယူဆပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top