Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၁)

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံဆွေးနွေးခြင်း

ကိုယ်ဝန်ဆောင်နဲ့ ဆီးချိုသွေးချိုအကြောင်း ဆွေးနွေးမယ်ဆိုရင်တော့ အရင်ဆုံးဆီးချိုရောဂါအကြောင်း ပြောရပါမယ်။ ဆီးချို ဘာကြောင့်ဖြစ်တာလဲ ဆိုတော့ သွေးထဲမှာ ဂလူးကို့စ်လို့ခေါ်တဲ့ အချိုဓာတ်များလို့ပါ။ ဂလူးကို့စ်ကို ခန္ဓာကိုယ်ရဲ့ အာဟာရအနေနဲ့ အသုံးချတဲ့အခါ ခန္ဓာကိုယ်မှာ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးလိုပါတယ်။ အင်ဆူလင်ကို မုန့်ချိုအိတ်က ထုတ်လုပ်ပေးပါတယ်။ ဒီတော့အင်ဆူလင်က လိုအပ်တဲ့ပမာဏ မထုတ်ခဲ့ဘူးဆိုရင် ဂလူးကို့စ်တွေသွေးထဲမှာများပြီး ဆီးချိုရောဂါဖြစ်လာတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်တာကို Gestational Diabetes လို့ ခေါ်ပါတယ်။ တချို့က ကိုယ်ဝန်ဆောင်တဲ့ အချိန်အတွင်းမှာပဲဖြစ်ပြီး ကလေးလည်း မွေးပြီးရော ဆီးချို လုံးဝပျောက်သွားတာမျိုး ရှိပါတယ်။ နောက်တစ်မျိုးက ကိုယ်ဝန်ဆောင်တဲ့အချိန်မှာဖြစ်ပြီး ကလေးမွေးပြီးတဲ့အခါမှာလည်း အမျိုးအစား(၂) ဆီးချိုရောဂါအနေနဲ့ ဆက်ဖြစ်တာမျိုး ရှိပါတယ်။ ဒီလိုဖြစ်တာမျိုးက နည်းနည်းတော့ စိတ်ပူရပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ

တချို့သူတွေမှာ ကိုယ်ဝန်မရှိခင်ကတည်းက ဆီးချိုရောဂါဖြစ်နေတာတွေ ရှိပါတယ်။ ဆီးချိုဖြစ်ဖူးတာ ရှိသလို အမျိုးအစား (၁)ဆီးချိုဖြစ်ခါနီး ခြေအနေမျိုးကို ကုသမှု မခံယူတာရှိပါတယ်။ ဒီလိုနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်ကျတော့ ကိုယ်အလေးချိန်က တဖြည်းဖြည်းတက်ပြီး ဂလူးကို့စ်အဆင့်ကလည်း များလာပါတယ်။

ဘယ်အချိန် အဖြစ်အများဆုံးလဲ

ကိုယ်ဝန်ဆောင်ချိန်ကို Trimester ဆိုတဲ့ သုံးလကာလ၊ သုံးပိုင်းဆက်တိုက်ကာလဆိုပြီး ခွဲခြား ထားပါတယ်။ ပထမသုံးလကာလကို First Trimester ၊ ဒုတိယ သုံးလကာလ Second Trimester နဲ့ တတိယသုံးလကာလ Third Trimester ဆိုပြီး ခေါ် ပါတယ်။ အများဆုံးက ဒုတိယကာလရဲ့ အလယ်ပိုင်း အချိန် (Second Half ) ၅ လနဲ့ ၆ လကြားမှာ Gestational Diabetes အဖြစ်များတာ တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန် အတွင်းမှာ လုံလောက်တဲ့ အင်ဆူလင်ဓာတ် မထုတ်ပေးနိုင်လို့ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အင်ဆူလင်ဓာတ်က သာမန်အချိန်ထက် ပိုလိုအပ်ပါတယ်။ မွေးဖွားပြီးတဲ့ အချိန်မှာ ဆီးချိုရောဂါ ထပ်မဖြစ်ဘဲ ပျောက်ကင်းသွားရင်တော့ ကိစ္စမရှိပေမယ့် မပျောက်ဘဲနောက်ထပ်ကိုယ်ဝန်ဆောင်ချိန်တွေမှာ ထပ်ဖြစ်မယ်ဆိုရင်တော့ အရင်ကဖြစ်ဖူးတာထက် နှစ်ဆပြန်ဖြစ်နိုင်ပါတယ်။

ပထမကိုယ်ဝန်မှာ ဆီးချိုရောဂါဖြစ်ခဲ့ဖူးတယ်ဆိုရင် ဒုတိယကိုယ်ဝန်ဆောင်တဲ့အခါ ဆီးချိုရောဂါ ပြန်ဖြစ်နိုင်ခြေများပါတယ်။

ဘယ်လိုလူတွေမှာ အများဆုံးဖြစ်သလဲ

ကိုယ်အလေးချိန်များတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်အရဆိုရင် ၃၅နှစ်ကျော် ကိုယ်ဝန်ဆောင်တွေမှာဖြစ်ပါတယ်။ နောက်တစ်ခုကပထမကိုယ်ဝန်တုန်းက ဆီးချိုတော့မရှိခဲ့ဘူး။ ဒါပေမဲ့ ကလေးကို ပေါင်ချိန်များများ မွေးခဲ့တယ်။ ဥပမာ- ရှစ်ပေါင်လောက်ရှိတဲ့ ကလေးကို မွေးဖူးခဲ့တယ်ဆိုရင် ဒုတိယ ကိုယ်ဝန်မှာဆို Gestational Diabetes ဖြစ်ဖို့များပါတယ်။ မိသားစုထဲမှာ ဆီးချိုရောဂါဖြစ်ဖူးတဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ဆီးချိုဖြစ်နိုင်ခြေများပါတယ်။ ဒါကတော့ မျိုးရိုးလိုက်တာကြောင့်ပါ။ တချို့ကျတော့ နဂိုကတည်းက အစားအသောက် မဆင်ခြင်တာ၊ ကိုယ်အလေးချိန် မထိန်းတာတွေကြောင့် ဆီးချိုရောဂါဖြစ်ခါနီး ဒါမှမဟုတ် ဖြစ်နေရင်တောင် ဖြစ်နေမှန်းမသိဘဲ ကိုယ်ဝန်ဆောင်လိုက်တဲ့အခြေအနေမျိုးကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်သွားတာမျိုးရှိပါတယ်။

ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။

အကျိုးဆက်အနေနဲ့ ကိုယ်ဝန်မဆောင်ခင်ရော၊ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်အတောအတွင်းမှာပါ ဆီးချိုရောဂါရှိနေတဲ့သူတွေ ကလေးမွေးတဲ့အခါ ကိုယ်အလေးချိန် များတဲ့ကလေး ပေါင်ချိန် ၈-၁၀ပေါင်ကြားမွေးပါတယ်။ ဆီးချိုရှိလို့ ကိုယ်အလေးချိန်များတဲ့ ကလေးမွေးရမယ်ဆိုရင် မြို့နဲ့ဝေးတဲ့နေရာတွေမှာ မွေးရတဲ့ မိခင်တွေအနေနဲ့ ရိုးရိုးမွေးဖွားဖို့ ခက်ခဲနိုင်လို့ သတိထားဖို့လိုပါတယ်။

မြို့တွေမှာကတော့ ခွဲမွေးတာများလို့ ပြဿနာမရှိပေမယ့် မြို့နဲ့ဝေးတဲ့ နေရာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဒုက္ခရောက်တာတွေ ရှိပါတယ်။ ဖြစ်နိုင်ရင် မြို့ကိုလာပြီး ခွဲမွေးဖို့လိုပါတယ်။ ဒီလိုမှမလုပ်ရင် မိခင်ရော၊ ကလေးပါ အသက်ဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်များတဲ့ ကလေးကို ကိုယ်ဝန်ဆောင်ထားလို့ မွေးဖွားရတော့မယ်ဆိုရင် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ စနစ်တကျ တိုင်ပင်တာ အကောင်းဆုံးပါပဲ။

ဘယ်လို ကြိုတင်ဆောင်ရွက်သင့်ပါသလဲ

ဆရာမတို့အနေနဲ့ ကိုယ်ဝန်ဆောင်တွေကို ကိုယ်အလေးချိန် ချိန်ခိုင်းပါတယ်။ တစ်ပတ်ကို တစ်ပေါင်တက်မယ်ဆိုရင် တစ်လကိုလေးပေါင်ဖြစ်မှာပါ။ အဲလိုမျိုးမဟုတ်ဘဲနဲ့ တစ်ပတ်ထဲမှာပဲ ရုတ်တရက်ကြီး ဆယ်ပေါင်လောက်တက်လာတာမျိုးဆိုရင်တော့ မိမိတိုင်ပင်နေကျဆရာဝန်ကို ချက်ချင်းအကြောင်းကြားပြီး ဆီးချိုရှိ၊ မရှိသွေးစစ်ရပါမယ်။

_ _ _

နောက်တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

See More

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၂)

ကိုယ်ဝန်ဆောင်ချိန်ဆီးချိုဖြစ်ခြင်းနှင့် အာဟာရ (၃)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top