Healthy Life Ad
International

အသက်အန္တရာယ် စိုးရိမ်ရလောက်အောင် အဝလွန်လာသည့် မိန်းကလေး ဝိတ်ချနိုင်ခဲ့ပြီ

၊ ကိုထက် ၊

ဘရစ်စဘဗင်မှာ နေထိုင်တဲ့ အသက် ၃၃ နှစ် အရွယ်ရှိ ဗီရိုနီကာဟာ အလွန်အမင်း အဝလွန်တာကြောင့် အသက်အန္တရာယ်တောင် စိုးရိမ်ရတဲ့အခြေအနေထိဖြစ်လာခဲ့ပါတယ်။ ဗီရိုနီကာဟာ လွန်ခဲ့တဲ့ သုံးနှစ်ခန့်ကစပြီး အဝလွန်တာကြောင့် ဖြစ်ပေါ်လာတဲ့ အသက်ရှူရခက်ခဲတဲ့ ဝေဒနာတွေ၊ ခေါင်းမူးခေါင်းကိုက်တာတွေဖြစ်ပေါ်လာခဲ့ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်လာနေပြီဆိုတာကို သိရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူရဲ့ကိုယ်အလေးချိန်ဟာ ၃၂၇ပေါင် (၁၄၉ ကီလိုဂရမ်)ရှိနေပြီဖြစ်ပါတယ်။

သူ့ကို ဆရာဝန်က ကိုယ်အလေးချိန် အလျှင်အမြန်လျှော့ချဖို့နဲ့ မလျှော့ချနိုင်ရင်လည်း ခွဲစိတ်ပြီး အဆီပိုတွေ အမြန်ဆုံးဖယ်ရှားသင့်ကြောင်း အကြံပေးခဲ့စဉ်က ဆရာဝန်က သူရဲ့ ခန္ဓာကိုယ်ဝနေတာကို ထိခိုက်ပြောဆိုနေခဲ့တယ်လို့ ထင်ခဲ့မိပါတယ်။ သိပ်မကြာခင်မှာပဲ သူရဲ့ အဆီပိုတွေကြောင့် နှလုံးထိခိုက်မှုတွေစတင်ဖြစ်ပေါ်လာခဲ့တယ်လို့ သူက ပြောပြခဲ့ပါတယ်။

သူဟာ စိုးရိမ်စိတ်တွေအလွန်များခဲ့ပြီး စားသောက်မှုပုံစံတွေလည်း အမျိုးမျိုးပြောင်းကြည့်ခဲ့ပြီး လေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်ကြည့်ခဲ့ပေမယ့် မထူးခြားတဲ့အတွက် နောက်ဆုံးမှာ သူရဲ့ အစာအိမ် လမ်းကြောင်းကို ချုံ့ပြီး အစာအိမ်မှ အစာနည်းနည်းပဲ လက်ခံနိုင်အောင် ပြုလုပ်ဖို့ ဆရာဝန်တွေက ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ အစာလမ်းကြောင်းအတွင်းသို့ ပြွန်ငယ်လေးတစ်ချောင်းထည့်ပြီး လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ခိုင်းခဲ့အတွက် သူရဲ့ကိုယ်အလေးချိန်ဟာ တဖြည်းဖြည်းချင်း ပြန်လည်လျော့ကျလာခဲ့ပါတယ်။ ဒီလိုအဆီပိုတွေ လျော့ကျလာတဲ့အခါ ရင်သားတွေ၊ ဝမ်းဗိုက်နဲ့ အရင်က အဆီပိုတွေရှိခဲ့တဲ့နေရာတွေက အရေပြားတွေဟာ လျော့ရဲလာခဲ့ပြီး ပုံစံမကျဖြစ်လာပါတော့တယ်။

ဒါကြောင့် သူရဲ့ကြည့်လို့မကောင်းဘဲ တွဲကျနေတဲ့ အရေပြားပိုတွေကိုလည်း ခွဲစိတ်ဖယ်ရှားဖို့ စီစဉ်ခဲ့ရပါတယ်။ သူဟာ ကိုယ်အလေးချိန် ၁၉၈ ပေါင်လောက်ကို လျှော့ချပြီးချိန်မှာတော့ အရေပြားပိုတွေဟာ အလွန်ကြည့်ရဆိုးနေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ၁၁ ပေါင်ခန့်အလေးချိန်ရှိတဲ့ အသားပိုတွေကို ခွဲစိတ်ဖယ်ရှားပစ်ခဲ့ရပါတယ်။

သူဟာ လေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်ပြီး နေထိုင်စားသောက်မှုပုံစံကိုလည်း စနစ်တကျပြုလုပ်ခဲ့တဲအတွက် ကိုယ်အလေးချိန် ၅၉ ကီလိုဂရမ်အထိ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် သူဟာ ခန္ဓာကိုယ် ပုံစံပြောင်းလဲနိုင်စွမ်းပြိုင်ပွဲမှာ ပထမဆုကို ရရှိခဲ့ပါတယ်။ “ ဒီပြိုင်ပွဲမှာ အခြေအနေအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ပုံစံချို့ယွင်းလာတာကို ပုံမှန်နီးပါးပြန်ဖြစ်လာအောင် ကြိုးစားခဲ့ကြသူတွေအများကြီးပါပဲ၊ ကျွန်မထက်အောင် ပိုပြီး စိတ်အားထက်သန်တဲ့သူတွေ ကြိုးစားအားထုတ်ခဲ့ရသူတွေ တွေ့ခဲ့ရပါတယ်၊ ဒါပေမဲ့ ဆုကို ကျွန်မရလိုက်တယ်ဆိုတော့ အရမ်းအံ့သြပြီး ဝမ်းသာမိပါတယ်”လို့ သူကပြောပြခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ကျွန်မက ဝတုတ်မကြီးပါပဲ၊ ဘယ်တော့မှ ငါ့ရဲ့ကိုယ်အလေး ချိန်ကျမှာမဟုတ်တော့ဘူးလို့ ထင်နေခဲ့သူပါ၊ အခုတော့ အရမ်းကိုကွဲပြားသွားပြီ၊ ပိုကျန်းမာလာတယ်၊ ပိုပြီးကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတယ်၊ ပိုပြီးတော့ ဘဝရဲ့အရသာကို ခံစားမိလာတယ်”လို့ သူကပြော ပြခဲ့ပါသေးတယ်။

သူဟာ အရင်က သွေးတွင်းသကြားဓာတ် လျော့နည်းနေခဲ့သူဖြစ်ပါတယ်။ အဲ့ဒီအတွက် သကြားဓာတ်ပါတဲ့ အစာတွေကို စားပေးမှဖြစ်မယ်လို့ တွေးပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို အလွန်အမင်းစားတာ၊ အချိုရည်အလွန်အမင်း သောက်ခဲ့တာတွေကို ၂၀ဝ၈ ခုနှစ်ထဲက ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top