Healthy Life Ad
Q & A

၀က်ခြံလား၊ အနာစိမ်းလားဝက်ခြံလား၊ အနာစိမ်းလား

မေး ။ ကျွန်တော့်ခန္ဓာကိုယ်အနှံ့အပြားမှာ မကြာခဏဆိုသလိုအနာစိမ်းလား၊ ဝက်ခြံလားဆိုတာ ပေါက်လေ့ရှိပါတယ်။ ဘာကြောင့်ပေါက်ရသလဲ။ ကျေးဇူးပြုပြီး တိကျစွာခွဲခြားသိရှိနိုင်ဖို့ သရုပ်ပြပုံနဲ့တကွဖော်ပြပေးပါခင်ဗျာ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။
ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ အနာစိမ်း

အနာစိမ်းဆိုတာ အဆီဂလင်း ဒါမှမဟုတ် ဆံချည်မျှင်အိတ်မှာ စတင်ဖြစ်တဲ့ အရေပြားပိုးဝင်တဲ့ အခြေအနေတစ်ရပ်ပါ။ အရင်ဆုံး အရေပြားက ပိုးဝင်တဲ့ နေရာမှာ နီလာပြီး ဖောင်းလာပါတယ်၊ အလုံးအဖု ဖြစ်လာပါတယ်။ ၄-၇ ရက်လောက်မှာ ပြည်စုလာပါတယ်။

အနာစိမ်းအဖြစ်များတဲ့ နေရာတွေက မျက်နှာ၊ လည်ပင်း၊ ချိုင်း(ဂျိုင်း)၊ ပခုံးနဲ့ တင်ပါးနေရာတွေပါ။အနာစိမ်းပေါက်ရတာက စတပ်ဖိုင်လိုကော့ကိုင်း ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူ၊ ကိုယ်ခံအားကျနေသူ၊ အာဟာရချို့ယွင်းသူ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းသူ၊ အရေပြားကို ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများသူတွေမှာ အနာစိမ်းပေါက်နိုင်ခြေများတတ်ပါတယ်။

အနာစိမ်းပေါက်တဲ့အခါ စစချင်း လက်မဝက် အရွယ်ကနေ ရက်အနည်းငယ်အကြာမှာ ကြီးပြီး နာကျင်လာပါတယ်။ အနာစိမ်းများရင် ဖျားတတ်ပါတယ်။
အနာစိမ်းပေါက်တဲ့အခါ သက်သာအောင်-

ရေနွေးဝတ်နဲ့သုတ်ပေးပါ။ ဒီနည်းက နာကျင်မှု သက်သာစေပြီး အနာစိမ်းမျက်နှာပြင်က ပြည်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပြည်ကင်းစင်ပြီး စခြောက်လာတာနဲ့ အရက်ပျံနဲ့သန့်စင်ပေးပါ။

အနာစိမ်းကို အပ်နဲ့မထိုးဖောက်ပါနဲ့။ ပိုးဝင်တာကို ပိုဆိုးစေနိုင်ပါတယ်။

အနာစိမ်း နောက်ထပ် မဖြစ်စေဖို့ အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါ၊ ကိုယ်တိုက်ပဝါ၊ အဝတ်အစား စတာတွေကို သေချာလျှော်ပါ။ အနာစိမ်းပေါက်ထားသူရဲ့ အသုံးအဆောင်တွေကို သီးသန့်ထားပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ။ ကျန်းမာပြီး အာဟာရပြည့်အောင် နေထိုင်စားသောက်ပါ။

ဝက်ခြံ

အဆီဆိုတာက လူ့အရေပြားကို ခြောက်သွေ့မှုမှ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ အင်ဒရိုဂျင် (androgens) အထွက်အများဆုံးဖြစ်တဲ့ အရွယ်ရောက်ချိန်မှာ အဆီကျိတ်တွေ ကြီးလာပြီး အဆီကျိတ်ကနေ အဆီထုတ်လုပ်တဲ့ လုပ်ငန်းများလာပါတယ်။ အဆီကျိတ်မှထွက်လာတဲ့ အဆီတွေအားလုံးကုန်တဲ့အထိ မထွက်နိုင်တဲ့အခါ အပေါက်တွေ ပိတ်ဆို့လာပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ပိုးက အရေပြားပေါ်မှာ ပုံမှန်အဖြစ် ရှိနေရာမှ အဆီပေါက်အတွင်း ဝင်ရောက်လာကာ၊ ဝက်ခြံအဖုများစွာ ဖြစ်လာပါတော့တယ်။အရေပြားဟာ အဆီကျိတ်တွေ ပုံမှန်ရှိနေရာမှ ပုံမမှန်တော့တဲ့ အတွက် ရောင်ရမ်းလာပါတယ်။ အရေပြားပေါ်ရှိ တခြားဘက်တီးရီးယားပိုးတွေပါ အဆီကျိတ်နေရာကို ရောက်ရှိလာတာကြောင့် ဝက်ခြံဖုက ပိုမိုရောင်ရမ်းလာကာ ပြည်ဖုအသွင် ကူးပြောင်းသွားပါတော့တယ်။

ဝက်ခြံက သူ့အလိုလို ပျောက်နိုင်ပေမယ့်လည်း စောင့်နေရမယ့်အချိန်က စိတ်ပျက်စရာ ကောင်းပါလိမ့်မယ်။ ဆိုးကျိုးအနေနဲ့ အမာရွတ်ကျန်တာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ပူပန်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဝက်ခြံကို ပျောက်ကင်းတဲ့အထိ ဆေးကုသသင့်ပါတယ်။ အချိန်တို ကုသပျောက်ကင်းတယ် ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ အမှန်မှာ ဝက်ခြံအမှန်တကယ် ပျောက်ကင်းဖို့ လိုအပ်တဲ့ကာလမှာ တစ်လ-နှစ်လ အနည်းဆုံးဖြစ်ပါတယ်။ နောက်တစ်ခု သိစေချင်တာက ဝက်ခြံကုသမှုရဲ့ ရည်ရွယ်ချက်ဟာ လက်တလောရှိနေတဲ့ ဝက်ခြံတွေကို အနာကျက်သွားစေရုံသာမက နောင်ဖြစ်မယ့် ဝက်ခြံတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။ ဝက်ခြံ ကုသနေတဲ့ အချိန်အတွင်းမှာ ဝက်ခြံအသစ်တွေလည်း ထွက်နေနိုင်ပါတယ်။

ဝက်ခြံက ကုသပျောက်ကင်းပါတယ်။ ဒါပေမဲ့ လများစွာကြာနိုင်တယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေက စောစောကုသဖို့နဲ့ အမာရွတ်မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဆေးကုလိုက်ရင် ဝက်ခြံအဟောင်းတွေ ပျောက်သွားရုံသာမက ဝက်ခြံအသစ်တွေ ထပ်မထွက်စေတော့ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top