Healthy Life Ad
Life Style

ဆီးချိုရောဂါရှိသူတို့ စစ်ဆေးရသည့် HbA1c

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး ။ HbA1cဆိုတာ ဘာကို ခေါ်တာပါလဲ ဆရာ။
ဖြေ ။ HbA1c ဆိုတာ ဟေမိုဂလိုဘင် A1c ကို ဆိုလို တာဖြစ်ပြီး သွေးတွင်း သကြားဓာတ်အားလုံးကို ရက်၉၀(သုံးလ)နဲ့ စားပြီး ပျမ်းမျှယူတာပဲဖြစ်ပါတယ်။ သုံးလကာလအတွင်း သွေးတွင်းသကြားဓာတ် ဘယ်လောက်ရှိသလဲ ဆိုတာကို ပျမ်းမျှတွက်ချက်တာပဲ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ထိန်းတာ ကောင်း၊ မကောင်းတိုင်းတာတဲ့ စနစ်ဖြစ်ပါတယ်။

မေး ။ HbA1c ကို ဘယ်လောက် တစ်ကြိမ်စစ်ဆေးရပါသလဲဆရာ။
ဖြေ ။ သုံးလတစ်ခါ ပျမ်းမျှ စစ်ဆေးရပါတယ်။ ဒီသုံးလ အတွင်းမှာ သွေးတွင်း သကြားဓာတ် မြင့်တက်နေခဲ့ရင် HbA1c ရာခိုင်နှုန်းလည်းများမှာ ဖြစ်ပါတယ်။

မေး ။ HbA1c က ဆီးချိုရောဂါရှင်တွေအတွက် အရေးကြီးပါသလား ဆရာ။
ဖြေ ။ HbA1c က အရေးကြီးပါတယ်။ နှစ်နေရာမှာ သုံးပါတယ်။
(၁) သုံးလအတွင်း ဆီးချိုကို ထိန်းချုပ်နိုင်စွမ်းအား ကောင်း၊ မကောင်း တိုင်းတာနိုင်ပါတယ်။ ဆီးချိုရော ဂါရှိသူတွေမှာ HbA1c စစ်လို့ အကြမ်းဖျင်းအားဖြင့် ၇ အောက် ရောက်တယ်ဆိုရင် ကောင်းပါတယ်။
(၂) အခုနောက်ပိုင်းမှာ HbA1c ကို ရောဂါရှာဖွေရေးအတွက်ပါ သုံးလာကြပါတယ်။ အကြမ်းဖျင်းအားဖြင့် HbA1c က ၆ ဒသမ ၅ ကျော်ရင် ဆီးချိုရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။

မေး ။ ဆီးချိုရောဂါ ရှိသူတွေဟာ HbA1c ကိုအမြဲတမ်း စစ်နေဖို့ လိုပါသလား ဆရာ။
ဖြေ ။ ဆီးချိုရောဂါရှိသူတွေအနေနဲ့ မိမိရဲ့ သွေးတွင်းသကြားဓာတ်အတိုင်းအတာကို သိနိုင်ဖို့ HbA1c ကို ၃ လတစ်ကြိမ် စစ်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင် သုံးလအတွင်း ဆီးချို ထိန်းချုပ်မှု ကောင်း၊ မကောင်း သိနိုင်ပါတယ်။
တကယ်လို့ဆီးချိုထိန်းချုပ်နိုင်စွမ်းအားက သိပ်ကောင်းနေပြီဆိုရင်တော့ ခြောက်လတစ်ခါ စစ်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ တစ်နှစ်တစ်ကြိမ် စစ်ရပါမယ်။

မေး ။ ဆီးချိုသွေးချိုရောဂါထိန်းချုပ်မှုကောင်း၊ မကောင်းသိအောင်စစ်ဆေးနိုင်တဲ့ နည်းလမ်း ဘယ်နှမျိုး ရှိပါသလဲဆရာ။
ဖြေ ။ ဆီးချိုသွေးချိုရောဂါ ထိန်းချုပ်မှုကောင်း၊ မကောင်းသိနိုင်တဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။
(၁) SMBG(Self Monitoring Blood Glucose) လို့ ခေါ်တဲ့ ကိုယ့်အိမ်မှာကိုယ် စက်လေးနဲ့ စစ်တာဖြစ်ပါတယ်။ အိမ်မှာ စစ်တဲ့အခါ Fasting က ၉၀ နဲ့ ၁၃၀ ကြားမှာ ရှိရပါမယ်။ အစာစားပြီး နှစ်နာရီမှာစစ်ရင် ၁၄၀နဲ့ ၁၈၀ ကြား ရှိရပါမယ်။ ဘယ်အချိန် စစ်စစ် (Random) က ၂၀ဝ ရှိရပါမယ်။ ဒါကတော့ပုံသေမရှိပါဘူး။ အမျိုးအစား(၁) ဆီးချို ရောဂါဆိုရင် တစ်နေ့သုံးကြိမ်လောက် စစ်ရပါတယ်။ အမျိုးအစား(၂)ဆီးချိုရောဂါဆိုရင် ထိန်းချုပ်မှုကောင်းရင်ကောင်းသလို၊ မကောင်းရင်မကောင်းသလို စစ်ရပါတယ်။ ထိန်းချုပ်မှုကောင်းနေရင် သုံးရက်နေမှ တစ်ခါစစ်လည်း ရပေမယ့် ထိန်းချုပ်မှု မကောင်းရင်တော့ နေ့တိုင်းစစ်ဖို့ လိုပါတယ်။ ဒီစစ်နည်း သုံးမျိုး ထဲမှာ Fastingကို ဦးစားပေးပြီး စစ်ဖို့ လိုပါတယ်။
လူတစ်ယောက်ရဲ့ ဆီးချိုသွေးချို အတိုင်းအတာက တစ်နေ့တည်းမှာပင် အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် ပျမ်းမျှအတိုင်းအတာကို အဓိကယူပါတယ်။
(၂) HbA1c ကိုလည်း စစ်ဖို့လိုပါတယ်။
အကြမ်းအားဖြင့် ဒီစစ်နည်းအားလုံးနဲ့ စစ်လို့ အတိုင်းအတာအတွင်း ရှိနေမှသာ ဆီးချို ထိန်းချုပ်နိုင်စွမ်းအား ကောင်းတယ်လို့ သတ်မှတ်ကြပါတယ်။

မေး ။ HbA1c စစ်ဆေးတဲ့အခါမှားနိုင်ပါသလား ဆရာ။
ဖြေ ။

HbA1c က နည်းလမ်း အမျိုးမျိုးရှိပေမယ့် အခုတော့ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့စနစ်ကိုပဲ သုံးရမယ် လို့သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ စံချိန် စံညွန်းနဲ့အညီ စစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေရှိပါတယ်။ အဲဒီလို စံချိန်စံညွှန်းနဲ့ မညီတဲ့ စနစ်ကို သုံးပြီး စစ်ရင်တော့ HbA1c က မှားနိုင်ပါတယ်။

မေး ။ HbA1c စစ်တဲ့အခါ Fasting လုပ်ဖို့ လိုပါသလားဆရာ။
ဖြေ ။ မလိုပါဘူး။ ရိုးရိုး သွေးဖောက်စစ်ဆေးတာပဲ ဖြစ်ပါတယ်။

မေး ။ HbA1c ကတခြားအကြောင်းတွေကြောင့် ပြောင်းလဲသွားနိုင်ပါသလား ဆရာ။
ဖြေ ။ HbA1c က တခြားအကြောင်းတွေကြောင့် ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ ဆိုပါစို့၊ သွေးအားနည်းတဲ့ရောဂါတွေမှာဆိုရင် HbA1c က မှားနိုင်ပါတယ်။

မေး ။ HbA1c ကဘယ်နေရာမှာ အသုံးကျပါသလဲဆရာ။
ဖြေ ။ အဓိကကတော့ ဆီးချိုရောဂါ ထိန်းချုပ်ရာမှာ အသုံးကြပါတယ်။ ပြီးတော့ ရောဂါရှာဖွေရေးမှာလည်း အသုံးဝင်ပါတယ်။
တစ်ခါတလေ ဆရာတို့ ဆေးရုံတွေမှာ စိတ်ဖိစီးမှုကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်တဲ့ အခြေအနေ (Stress Hyperglycaemia) ဖြစ်နေတဲ့ လူနာတွေကို တွေ့ရတတ်တယ်။ တကယ်တော့ သူတို့မှာ ဆီးချိုရောဂါက မရှိဘူး။ စိတ်ဖိစီးမှု အခြေအနေ တစ်ခုခုကြောင့် ဆီးချိုက ခဏတက်နေတာ ဖြစ်တယ်။ တကယ် ဆီးချိုရောဂါ ဖြစ်တာလား၊ စိတ်ဖိစီးမှုကြောင့် ဆီးချို ခဏ တက်နေတာလားဆိုတာ ဆေးရုံမှာ ခွဲရခက်ပါတယ်။ နဂိုက ဆီးချိုလက္ခဏာ တစ်ခုမှ မရှိခဲ့ဘူး၊ ဒါပေမဲ့ သွေးဖောက်စစ်လိုက်တော့ လည်း သွေးတွင်းသကြားဓာတ်က မြင့်တက်နေတယ်၊ ဒီလို လူနာတွေမှာ HbA1c ကို ဖောက်စစ်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ သုံးလက ဆီးချိုကို ပြတာဆိုတော့ HbA1c သာ Positive ဖြစ်နေရင် နဂိုကတည်းက ဆီးချိုရောဂါ ရှိနေတာကို မသိလို့ ဖြစ်ပါတယ်။ HbA1c က Negative ဖြစ်နေရင် စိတ်ဖိစီးမှုကြောင့် ဆီးချို ခဏတက်တဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။

မေး ။ ဆီးချိုရောဂါရှိသူတွေကို ဘာမှာကြားလိုပါသလဲ ဆရာ။
ဖြေ ။ အဓိက အနေနဲ့ SMBG လည်း မှန်ရမယ်၊ Fasting လည်းမှန်ရမယ်၊ HbA1c လည်း မှန်ရမယ်၊ ဒီသုံးမျိုးစလုံး မှန်နေရင်တော့ အကောင်းဆုံးပါပဲ။ ဒါ ကြောင့် HbA1c ကို စစ်ဆေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top