Healthy Life Ad
Health Tips

အံ့အားသင့်ဖွယ်ရာ ကျန်းမာရေး အချက်အလက် ၇ ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လတ်တလော ကျန်းမာရေးလေ့လာမှုတွေ အရသိရတဲ့ အံ့အားသင့်ဖွယ်ရာ ကျန်းမာရေးအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သကြားက စီးကရက်ကဲ့သို့ သင့်ကျန်းမာရေးအတွက် မကောင်းပါ

ကယ်လီဖိုးနီးယားတက္ကသိုလ်လေ့လာမှုအရ သကြားဟာ အယ်လ်ကိုဟောနဲ့ စီးကရက်လိုပဲ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း၊ ဒါကြောင့်တတ်နိုင်သမျှလျှော့ပြီး စားသင့်ကြောင်း သိရပါတယ်။

(၂) တစ်နာရီအိပ်စက်မှုက ငွေအနည်းငယ်ရခြင်းထက် ပိုပျော်ရွှင်စေနိုင်

ဘယ်အရာက သင့်ကို ပိုမိုပျော်ရွှင်စေတာလဲ၊ ပိုကောင်းတဲ့အလုပ်လား၊ ပိုကောင်းတဲ့လစာလား။ အမေရိကန်လေ့လာမှုတစ်ရပ်အရ မိသားစုဝင်ငွေတိုးတာကြောင့် တစ်နေ့တာ စိတ်ခံစားမှုအပေါ် သက်ရောက်မှုနည်းနည်းပဲရှိကြောင်း သိရပါတယ်။ ညတိုင်းတစ်နာရီ ပိုမိုအိပ်စက်မှသာ တစ်နေ့တာပျော်ရွှင်မှုကိုတိုးပြီး ရရှိစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

(၃) လေ့ကျင့်ခန်းတစ်မျိုးတည်းဖြင့် သင့်ကိုမပိန်စေပါ

ကိုယ်အလေး ချိန်ထိန်းတဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ် လေ့ရှိပေမယ့် လေ့လာမှုတွေအရ လေ့ကျင့်ခန်းနဲ့ အစားအသောက် စားသောက်ပုံကိုတွဲပြီး မလျှော့ချဘူးဆိုရင် ကိုယ်အလေးချိန်အပေါ်သက်ရောက်မှု လျော့နည်းစေကြောင်းသိရပါတယ်။ ဗြိတိန်အားကစားဆေးပညာ ဂျာနယ်ရဲ့လေ့လာမှုအရ အဝလွန်သူအဖွဲ့တစ်ခုဟာ အစာမလျှော့ဘဲ လေ့ကျင့်ခန်းကို ၁၂ ပတ်ကြာပြုလုပ်ခဲ့ရာ သိသာတဲ့ ကိုယ်အလေးချိန်လျော့ကျမှုကို မရရှိခဲ့ကြောင်းသိရပါတယ်။ လေ့ကျင့်ခန်းတစ်မျိုးတည်းလုပ်ရုံနဲ့ ကိုယ်အလေးချိန်မလျော့ကျပေမယ့် တခြားကျန်းမာရေး အကျိုးကျေးဇူး အများအပြား ရရှိခဲ့ပါတယ်။

(၄) ပီကေဝါးခြင်းကြောင့် မှတ်ဉာဏ်စွမ်းအားကောင်းမွန်

နံနက်ခင်း ကော်ဖီသောက်ဖို့ အချိန်မရဘူးလား။ ပီကေဝါးလိုက်ပါ။ ဒါဆိုရင် စိတ်လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ကိုဗာထရိုင်းတက္ကသိုလ် လေ့လာသူတွေက ပူရှိန်းရနံ့ရှိတဲ့ ပီကေဝါးတာကြောင့် မောပန်းနွမ်းနယ်တဲ့စိတ်ခံစားမှုကို သိသိသာသာ လျော့ကျစေကြောင်းသိရပါတယ်။ ပီကေဝါးတာကြောင့် စာမေးပွဲ ရမှတ်ပိုမို မြင့်မားရတာက မှတ်ဉာဏ်အဆင့်ကို ၃၅ ရာခိုင်နှုန်းတိုးတက်စေလို့ဖြစ်ပါတယ်။

(၅) ကော်ဖီကစိတ်ဓာတ်ကျခြင်းကိုသက်သာစေနိုင်

ကဖင်းဓာတ်ကို အများအပြားမှီဝဲတာက ကျန်းမာရေးအတွက် မကောင်းတာမှန်ပေမယ့် တစ်နေ့ ကော်ဖီလေးခွက်ခန့်သောက်တဲ့ အမျိုးသမီးတွေဟာ စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း ဟားဗတ်လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

(၆) အကောင်းမြင်ခြင်းဖြင့် အသက်ကယ်တင်နိုင်

အကောင်းမြင်တာကြောင့် ပျော်ရွှင်မှုကိုရရှိစေပြီး အသက်ရှည်ရှည်နေရစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဥရောပနှလုံးကျန်းမာရေးဂျာနယ်ရဲ့လေ့လာမှုအရအကောင်းမြင်တဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းကြောင်း သိရပါတယ်။ နှလုံးရောဂါရှိသူတွေအနက် အကောင်းပိုမြင်သူတွေက အကောင်းမမြင်တတ်သူတွေထက် ကုသမှုကြောင့် သက်ရှည်ကျန်းမာနိုင်ခြေပိုများကြောင်း လေ့လာသူတွေက ဆိုပါတယ်။

(၇) အသည်းကွဲဝေဒနာကို အမျိုးသမီးများက ကိုးဆပိုခံစားလွယ်

လူအများစုဟာ အသည်းကွဲတာကြောင့် သေဆုံးနိုင်ခြေရှိပါတယ်။ ရုတ်တရက် ပူဆွေးဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနဲ့ခံစားရတဲ့ နာကျင်ကြေကွဲမှုဝေဒနာတို့ကြောင့် အယ်ဒရီနယ်လင်ဟော်မုန်းအထွက်တိုးကာ အသည်းကွဲဝေဒနာဖြစ်ပြီး နှလုံးထိခိုက်သေဆုံးရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေကို အမျိုးသမီးတွေက ကိုးဆနဲ့အထက် ပိုခံစားဖြစ်ပေါ်ကြရကြောင်း လေ့လာမှုအရသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top