Healthy Life Ad
Q & A

ရက်ခြား ခေါင်းကိုက်တတ်တဲ့ ဝေဒနာ

မေး. မင်္ဂလာပါ။ ကျွန်တော့်အသက် ၂၅ နှစ်ပါဗျ။ ကျွန်တော့်မှာ ရက်ခြား ရက်ခြား မကြာမကြာ ခေါင်းကိုက်တတ်တဲ့ ဝေဒနာဖြစ်နေပါတယ်။ အဲဒီလို ခေါင်းကိုက်ဝေဒနာဟာ ဘယ်လိုရောဂါမျိုးတွေနဲ့ ဆက်စပ်မှုတွေ ဖြစ်နိုင်ပါသလဲဒေါက်တာ။ ဘယ်လို ဆင်ခြင်ပြုမူ နေထိုင်သင့်ပါသလဲဆိုတာ ဆွေးနွေးအကြံပြု ဖြေကြားပေးစေလိုပါတယ်ဗျ။
ဟန်မင်းမောင် (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လောကကြီးမှာ ခေါင်းမကိုက်ဖူးတဲ့သူဆိုတာ မရှိပါဘူး။ အများအားဖြင့် ခေါင်းကိုက်တယ်ဆိုတာက ဖျားနာပြီး ကိုယ်အပူချိန်တက်တဲ့အခါ ခေါင်းကိုက်တတ်ပါတယ်။ မဖျားဘဲနဲ့ အအေးမိတဲ့အခါမှာလည်း ခေါင်းကိုက်တတ်ပါတယ်။ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ရှုပ်စရာတွေများတာ၊ ရာသီဥတု ပူလွန်းတဲ့ နေရာကိုသွားတာ စတဲ့ အခြေအနေတွေမှာ ခေါင်းကိုက်တာကို တွေ့ရပါတယ်။ ဒါက လူတိုင်း ခေါင်းကိုက်လေ့ရှိတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ ဆက်စပ်နေရင် အဲဒီအချက်တွေကို ဖယ်ရှားလိုက်မှပဲ သက်သာသွားမှာပါ။ နည်းနည်းပါးပါး ခေါင်းကိုက်တာကတော့ ကိုယ့်ဘာသာ မှီဝဲလို့ရတဲ့ အကိုက်အခဲပျောက်ဆေးလေးသောက်ပြီး သက်သာအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်သောက်ရတဲ့ ဆေးကများလာပြီး တစ်ရက်ခြား-နှစ်ရက်ခြားသောက်နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ခေါင်းကိုက်တဲ့ လူတစ်ယောက်ကို ထပ်မံစစ်ဆေးဖို့ လိုသလား၊ မလိုဘူးလားလို့ အကြမ်းဖျင်းသုံးသပ်တဲ့အခါမှာ ခေါင်းကိုက်တာကြောင့် အလုပ်အကိုင်ပျက်တယ်ဆိုရင် ဘာကြောင့်ကိုက်သလဲဆိုတာ ရှာဖွေဆန်းစစ်သင့်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ အရေးကြီးသလဲဆိုရင် ဖျားတာနဲ့တွဲတဲ့ ခေါင်းကိုက်ခြင်း၊ အမြင်ဝေ၀ါးတာနဲ့တွဲတဲ့ ခေါင်းကိုက်ခြင်း၊ ခြေလက်တစ်ဖက်ဖက် အားနည်းတာနဲ့တွဲတဲ့ ခေါင်းကိုက်ခြင်း စတာတွေက အရေးကြီးပါတယ်။ ဒါမျိုးတွေဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top