Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါ ပျောက်ကင်းနိုင်သလား (၁)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါဟာ ဖြစ်လာပြီးရင် ပြန်မပျောက်နိုင်ဘူးလို့ ပြောပြထားပြီးဖြစ်ပါတယ်။UKPDS လို့ခေါ်တဲ့ ယူကေနိုင်ငံမှ အမျိုးအစား(၂) ဆီးချိုသွေးချိုလူနာတွေကို လေ့လာထားတဲ့ သုတေသန ရဲ့ အဆိုအရ ဘယ်လိုနည်းလမ်းတွေနဲ့ပဲ ကုကု ဆီးချိုသက်ရင့်လာတာနဲ့အမျှ ဆီးချိုရောဂါဟာ မလွဲမသွေ ပိုပြီးဆိုးလာမှာပဲ။ မုန့်ချိုအိတ်ရှိ အင်ဆူလင် ထုတ်လုပ်တဲ့ ဘီတာဆဲလ်ကလာပ်စည်းတွေဟာလည်း ကြာလေကြာလေ လျော့နည်းသွားလေဖြစ်လာပါမယ်။ အင်ဆူလင် စစ်ထုတ်မှုနှုန်းထားရော၊ ထုတ်လုပ်တဲ့ပမာဏရော လျော့နည်းလာပါတယ်။ ဒါကြောင့် ၁၀နှစ်တာအတွင်းမှာ ၅၀ရာခိုင်နှုန်းသော ဆီးချိုလူနာတွေဟာ အင်ဆူလင်ထိုးဖို့ လိုအပ်လာတာဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ အမြဲဆေးကုနေရမယ့် မပျောက်နိုင်တဲ့ ရောဂါတစ်ခုလို့ အများသိထားပါတယ်။ ဆေးသုံးစရာမလိုဘဲ အပြီးပျောက်ကင်းသွားဖို့မရှိဘူးလို့ ယူဆထားပါတယ်။ ဆီးချိုကုထုံး လမ်းညွှန်တွေကလည်း ဆီးချိုကြာလာတာနဲ့အမျှ ဆီးချိုသွေးချိုထိန်းထားနိုင်ဖို့ ဆီးချိုဆေးတွေကိုအချိန်မီ ဆောလျင်စွာတိုးပေးဖို့ အရေးကြီးကြောင်း ညွှန်ကြားထားပါတယ်။

အခုနောက်ပိုင်းမှာတော့ ဆီးချိုသွေးချိုဟာ မပျောက်နိုင်ဘူးဆိုတဲ့ အယူအဆတွေက အမြဲမမှန်တဲ့ အကြောင်း တွေ့ရှိလာပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ အဝလွန်နေတဲ့ ဆီးချိုလူနာတွေကို ကိုယ်အလေးချိန်လျှော့ဖို့ အစာအိမ်ခွဲစိတ်ခြင်း (Bariatric Surgery) လုပ်လိုက်ပြီးတဲ့နောက်မှာ တွေ့ရတဲ့ ပြောင်းလဲမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်တွေ သိသိသာသာကျလာတာနဲ့အတူ

သွေးချိုတွေဟာလည်း ကျလာပြီး ဆေးတွေအများကြီးလျှော့လိုက်ရပါတယ်။ တော်တော်များများမှာ ဆေးမလိုဘဲ သွေးချိုတွေ ပုံမှန်ပြန်ဖြစ်သွားတာတွေ့ရပါတယ်။ အစားလျှော့၊ ဝိတ်လျှော့ခြင်းဖြင့် ဆီးချိုရောဂါပြန်မပေါ်လာဘဲ အကြာကြီးပျောက်သွားတာကို စိတ်ဝင်စားစရာ တွေ့ရှိရပါတယ်။ ဆီးချိုတွေ ဘာကြောင့် ဒီလိုပြန်ကောင်းသွားတာလဲဆိုတာ ရှင်းပြပါမယ်။

အခြေခံအချက်ကတော့ အစာအိမ်ကို သေးအောင် ချုံ့လိုက်တဲ့အခါ ဗိုက်မဆာတော့ဘဲ ဦးနှောက်ကို အစာပြည့်ပြီ ဒါမှမဟုတ် ဗိုက်ပြည့်နေပြီဆိုတဲ့ သတင်းတွေပေးတဲ့ ဓာတ်တွေ ပိုထွက်လာတယ်။ စားချင်တဲ့ စိတ်ကို နည်းနည်းစားရုံနဲ့ တင်းတိမ်နေပြီး အစာမရှာတော့ပါဘူး။ တစ်နေ့စာစားတဲ့ အစာတွေကလည်း အများကြီးလျော့သွားပါတယ်။ ကိုယ်အလေးချိန်လည်း သိသိသာသာ လျော့ကျသွားတာ တွေ့ရှိရပါတယ်။

ဒီလိုကယ်လိုရီတွေ အနုတ်လက္ခဏာပြပြီး ကိုယ်အလေးချိန်ကို အများကြီးလျှော့ချလိုက်တဲ့အခါ အင်ဆူလင်တွန်းခံမှုတွေ လျော့သွားတဲ့အတွက် အင်ဆူလင်ထိရောက်မှုတွေ ပိုကောင်းလာတယ်။ တစ်ဖက်မှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်တွေမှ အင်ဆူလင်ထုတ်ပေးတဲ့ စွမ်းဆောင်မှုတွေကလည်း ပိုကောင်းလာပါတယ်။ ဒါကြောင့် သွေးချိုတွေလည်း ပုံမှန်ပြန်ကျလာတာဖြစ်ပါတယ်။

ဒီတွေ့ရှိချက်အရ လူတွေဟာ အစာမစားဘဲ လျှော့ချနိုင်ရင် ဆီးချိုပြန်ကောင်းသွားတတ်တယ် ဆိုတာကို သက်သေပြထားတာပဲ ဖြစ်ပါတယ်။
နောက်ထပ်တွေ့ရှိချက်တစ်ခုကလည်း အလွန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒါကတော့ ယူကေနိုင်ငံမှ ပါမောက္ခရွိုင်တေလာ Professor Roy Taylor ရဲ့ ၂၀၁၇ EASD ဥရောပ ဆီးချိုလေ့လာရေးအဖွဲ့အစည်းရဲ့ ညီလာခံမှာတင်ပြခဲ့တဲ့ တွေ့ရှိချက်ပဲဖြစ်ပါတယ်။ အဲ့ဒီစမ်းသပ်ချက်မှာ ဆီးချိုလူနာတွေကို ဖြည့်အစွက်အစာနဲ့ကယ်လိုရီကို အနည်းဆုံး လျှော့စားစေပြီး ကိုယ်အလေးချိန်လျော့ချလိုက်တဲ့အခါ ဆီးချိုပျောက်ကင်းသွားတာ တွေ့ရှိရတဲ့အချက်ပဲဖြစ်ပါတယ်။
သူရဲ့စမ်းသပ်ချက်မှာ လူနာ ၁၁ ဦး ပါဝင်ခဲ့ပါတယ်။ တစ်ရက်ကို ကယ်လိုရီ ၆၀ဝ ပဲစားသုံးစေပြီး နှစ်လကြာတဲ့အထိ ဒီအတိုင်းစားစေကာ ပြောင်းလဲမှုတွေကိုလေ့လာကြည့်တဲ့အခါ လူနာအားလုံး သွေးချိုပုံမှန်ပြန်ဖြစ်သွားတာတွေ့ရပါတယ်။

စမ်းသပ်ကာလတစ်ပတ်အတွင်းမှာပဲ နံနက်စောစောသွေးချိုတွေဟာ ပုံမှန်အဆင့်ကိုပြန်ကျ သွားတာတွေ့ရပါတယ်။ အဆီဓာတ်တွေနဲ့ သွေးချိုဆက်စပ်ပုံကိုလည်း လေ့လာတွေ့ရှိရပါတယ်။ သူတို့ ရဲ့စမ်းသပ်ချက်တွေမှာ Special MRI အထူးသံလိုက်ဓာတ်မှန်အသုံးပြုပြီး အသည်းနဲ့ မုန့်ချိုအိတ် မှာဝင်နေတဲ့ အဆီတွေကို လက်တွေ့တိုင်းထွာကြည့်တဲ့အခါမှာ အဆီတွေ များနေရာမှ ပုံမှန်ပြန်လျော့သွားတာတွေ့ရပါတယ်။

ဒီတွေ့ရှိချက်နဲ့အတူ သွေးတွင်းအင်ဆူလင်ကိုလည်းတိုင်းပြီး လေ့လာထားတာဖြစ်လို့ အစားလျှော့လိုက်ရင် အင်ဆူလင်စစ်ထုတ်ခြင်းတွေလည်း ပုံမှန်ပြန်ဖြစ်သွားပြီး အစာစားပြီး၂ နာရီမှာတိုင်းတဲ့ သွေးချိုဓာတ်တွေလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားတာတွေ့ရပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top