Healthy Life Ad
International

မင်္ဂလာဆောင်ခါနီး ကိုယ်အလေးချိန်များစွာ လျော့ချလိုက်နိုင်သည့် အဝလွန်မိန်းကလေး

၊ ကိုထက် ၊

ကိုယ်ဝန်ရှိနေတယ်လို့ အများရဲ့ အထင်မှားခံရလောက်အောင် အဝလွန်နေတဲ့ လူစီဟာ သူချစ်တဲ့သူနဲ့ တွေ့ဆုံခဲ့တဲ့နောက်ပိုင်းမှစပြီး ကိုယ်အလေးချိန်များစွာလျှော့ချနိုင်ခဲ့ပါတယ်။ အသက် ၂၀အရွယ်မှာ ကိုယ်အလေးချိန် ပေါင် ၂၃၀ ကျော်ရှိနေခဲ့တဲ့ လူစီက ၂၅ နှစ်အရွယ်မှာ အဝလွန်နေသူပါ။

လူစီဟာ အသားတွေ၊ ဂျုံတွေသာမက ဥတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်း စတာတွေကို အလွန်အကျွံ စားသောက်ခဲ့သူဖြစ်ပြီး ကိုယ်အလေးချိန် အလွန်အမင်းတက်လာတာကြောင့် ကလေးအဝတ်အစားတွေ ဝတ်လို့မရတော့ဘဲ လူကြီးအဝတ်အစားတွေ ဝတ်ဆင်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ “တချို့လူတွေက ကျွန်မကို ကိုယ်ဝန်ရှိနေတယ်ထင်ပြီး ဘယ်တော့မွေးတော့မှာလဲလို့ လာမေးခံရချိန်တွေဟာ စိတ်အညစ်ဆုံးအချိန်တွေပါပဲ” လို့ လူစီက ပြောပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂျက်ဆန်ဘရန့်နဲ့ ချစ်သူဖြစ်ခဲ့ပြီး ၂၀၁၅ အောက်တိုဘာမှာ ဂျက်ဆန်က လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပြီးနောက် ကိုယ်အလေးချိန်ချဖို့ ဆုံးဖြတ်ချက်ချကာ အားကစားခန်းမတစ်ခုမှာ စာရင်းသွင်းလေ့ကျင့်ခဲ့ပါတယ်။ အစားအသောက်ကိုလည်း စနစ်တကျ စားသောက်နေထိုင်ခဲ့ပါတယ်။ ဇွဲကောင်းတဲ့လူစီရဲ့ ကြိုးစားမှုကြောင့် သူမဟာ ပေါင် ၇၀ ကျော်ကျသွားပြီဖြစ်ပြီး အရင်ဝတ်ဆင်နေတဲ့ အင်္ကျီတွေထက် ၅ ဆိုက် ပိုသေးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်နိုင်ပြီဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ဖေဖော်ဝါရီလမှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပြီး အခုအချိန်မှာ အရပ် ငါးပေငါးလက်မရှိပြီး ကိုယ်အလေးချိန် ၁၅၇ ပေါင်ရှိနေပါတယ်။

လူဝီဟာ မနက်စာကို အဆီအအိမ့်မပါဘဲ ဗိုက်ပြည့်စေမယ့်အစားအသောက်ကိုစားပါတယ်၊ နေ့လယ်စာကို အသီးအရွက်တွေသာစားသောက်ပြီး ညနေစာကိုတော့ အိမ်မှာချက်တဲ့ အသားဟင်းတစ်ပွဲစားပါတယ်။ အခုချိန်မှာ လူစီဟာ သူမျှော်မှန်းခဲ့တဲ့ ပျော်ရွှင်စရာမင်္ဂလာဆောင်အတွက် စိတ်ကူးယဉ်စီစဉ်နေပြီး အရင်က မှားပြီးမေးနေကြတဲ့ ဘယ်တော့မွေးမှာလဲဆိုတဲ့ မေးခွန်းကို ဒီတစ်ခါတော့ တကယ်ကိုယ်ဝန်ဆောင်ပြီး ပြန်ဖြေနိုင်တော့မှာပါလို့ ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top