Healthy Life Ad
Q & A

သိုင်းရွိုက်ရောဂါနှင့် မျက်စိကျန်းမာရေး ဆက်စပ်မှု

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်စိနဲ့ သိုင်းရွိုက်ရောဂါ ဆက်စပ်ပုံကို သိပါရစေ ဆရာ။

ဖြေ. အများအားဖြင့်တော့ အသက် ၃၀-၄၀ ကျော် အရွယ်အမျိုးသမီးမှာ မျက်စိကပြူးလာရင်တော့ သိုင်းရွိုက်ရောဂါလို့ ဆရာတို့က ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဟုတ်၊ မဟုတ်စစ်ဆေးပြီး သိုင်းရွိုက်ရောဂါဖြစ်ခဲ့ရင် သိုင်းရွိုက်ရောဂါကို ကုသဖို့ သက်ဆိုင်ရာဆရာဝန်ထံ လွှဲလေ့ရှိပါတယ်။

အများအားဖြင့်တော့ အသက် ၃၀-၄၀ ကျော်အရွယ်အမျိုးသမီးမှာ မျက်စိကပြူးလာရင်တော့ သိုင်းရွိုက်ရောဂါလို့ ဆရာတို့က ခန့်မှန်းကြပါတယ်။ ဒါကြောင့် ဟုတ်၊ မဟုတ်စစ်ဆေးပြီး သိုင်းရွိုက်ရောဂါဖြစ်ခဲ့ရင် သိုင်းရွိုက်ရောဂါကိုကုသဖို့ သက်ဆိုင်ရာဆရာဝန်ထံ လွှဲလေ့ရှိပါတယ်။

မျက်ဆန် (Eyeball)က မျက်လုံးအိမ် (Socket) ထဲမှာ ရှိနေရမယ်။ အကြောင်းတစ်ခုခုကြောင့် Orbital Wall ပေါ်မှာ တစ်ခုခုဖြစ်လာပြီဆိုရင် မျက်စိကို တွန်းထုတ်တာကြောင် မျက်စိက ရှေ့ကိုပြူးထွက်လာတတ်ပါတယ်။ ဒီလိုမျက်စိက ပုံမှန်အတိုင်းမဟုတ်ဘဲ မျက်စိပြူးလာတဲ့အကြောင်းရင်းက နှစ်ခုရှိပါတယ်။

ပထမအကြောင်းရင်းတစ်ခုက မျက်လုံးအိမ်ရဲ့နောက်မှာ အကျိတ် (Tumor) ရှိတာကြောင့်ပါ။ မျက်လုံးအိမ်ရဲ့နောက်မှာ အကျိတ်ရှိနေရင် ရှေ့ကို တွန်းထုတ်လိုက်ပါတယ်။ ဒါကို ဆေးပညာအရ Axial Proptosis လို့ ခေါ်ပါတယ်။

ဒုတိယအချက်က သိုင်းရွိုက်ရောဂါကြောင့် လည်ပင်းကြီးတဲ့သူတွေမှာလည်း Orbital ထဲမှာရှိတဲ့ ကြွက်သား (Muscle) နဲ့ အဆီ (Fats) တွေက Immune Mechanism ကြောင့် ရောင်ရမ်းတာတွေ ဖြစ်လာတယ်။ အဲဒီအခါ မျက်လုံးအိမ် (Eyeball)ကို တွန်းလိုက်တာကြောင့် မျက်စိကရှေ့ကို ပြူးထွက်လာတတ်ပါတယ်။

မေး. ဒီလိုဖြစ်တဲ့အခါ ဘယ်လိုကုသမှု ပြုလုပ်ရပါသလဲဆရာ။

ဖြေ. ဆေးပညာမှာဖြစ်တဲ့ အကြောင်းရင်းကို ကုသတာနဲ့ လက္ခဏာကို ကုသတာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဓိကကတော့ ဖြစ်တဲ့အကြောင်းရင်းကို ကုသရပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို ကုသနေစဉ်မှာ လက္ခဏာကိုသက်သာအောင် ကုသမှုပေးတာမျိုးလည်း ရှိပါတယ်။

မျက်စိက ပြူးလာတော့ လေနဲ့အမြဲထိတွေ့နေရပြီး မျက်စိက နီရဲနေတတ်ပါတယ်။ အဲဒီအခါ မျက်စိနီရဲတာ သက်သာအောင် ဆေးပေးရပါတယ်။ တစ်ပြိုင်တည်းမှာပဲ မျက်စိပြူးရတဲ့အကြောင်းရင်းက ဘာလဲဆိုတာ သိအောင်ရှာပြီး ကုသရပါတယ်။ သိုင်းရွိုက်ရောဂါကြောင့်မဟုတ်ဘဲ မျက်စိမှာ အကျိတ်တစ်ခုခု (Tumor) ကြောင့် မျက်စိပြူးတာဆိုရင် အဲဒီအကျိတ်ကို ထုတ်ပေးရပါတယ်။

သိုင်းရွိုက်ရောဂါကြောင့် မျက်စိပြူးနေတယ်ဆိုရင် သိုင်းရွိုက်ရောဂါကို ကုသပြီးချိန်မှာ Orbital ထဲမှာရှိတဲ့ ကြွက်သား (Muscle)နဲ့ အဆီ (Fats)တွေက ရောင်ရမ်းလို့ မျက်စိက ပြူးထွက်နေတာဆိုတော့ ဆေးကုသလိုက်လို့ ရောင်တာကျသွားရင် မျက်စိက ပုံမှန်ပြန်ဖြစ်သွားမှာပါ။

မေး. ဒါနဲ့ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. မျက်စိပြူးထွက်စေတဲ့ အကျိတ်အမျိုးအစားက အမျိုးမျိုးပါပဲ။ Orbit ထဲမှာဖြစ်နေတဲ့ အကျိတ်တွေကြောင့် မျက်စိပြူးထွက်တတ်သလို မျက်လုံးအိမ် (Eyeball) ထဲမှာဖြစ်နေတဲ့ Intraocular Tumor အကျိတ်တွေကြောင့်လည်း မျက်စိပြူးထွက်တတ်ပါတယ်။ Orbit ထဲမှာဆိုရင် အရိုး (Bone)၊ ကြွက်သား (Muscle)၊ သွေးကြော (Vessel)၊ နာ့ဗ်ကြော (Nerve) တွေရှိပါတယ်။ ဒီအရာလေးခုစလုံးမှာ အကျိတ် (Tumor)တွေ ထွက်နိုင်ပါတယ်။

ဒီနေရာမှာလည်း ခွဲစိတ်တဲ့အပိုင်းက နှစ်ပိုင်းရှိပါတယ်။ ဆရာတို့ မျက်စိဆရာဝန်တွေက ခွဲစိတ်ကုသသလို ဦးနှောက်နဲ့ အာရုံကြောအထူးကု ဆရာဝန်တွေကလည်း ခွဲစိတ်ကုသမှုပေးပါတယ်။ ဒီအကျိတ်တွေဖြစ်တဲ့အပိုင်းတွေက မျက်စိနဲ့ဆိုင်သလို ဦးနှောက်၊ အာရုံကြောတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ တချို့အကျိတ်တွေကို ခွဲစိတ်ကုသတဲ့အခါမှာ နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန် (ENT Surgeon) နဲ့ တွဲကုရတာမျိုးလည်းရှိပါတယ်။ ဆေးပညာက ကျယ်ပြန့်တော့ တစ်ဦးတည်း ကုသတာထက် အားလုံးစုပေါင်းတိုင်ပင်ပြီး ကုသတာက လူနာအတွက် ပိုပြီးအကျိုးကျေးဇူးများတယ်လို့ ဆရာ မြင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top