Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် လေငန်းရောဂါအကြောင်း (၅)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ယခင်တစ်ပတ်မှအဆက်

လေဖြတ်တာရဲ့ သမရိုးကျကုထုံးတွေကတော့ လူနာအသက်ရှင်ရေးနဲ့ ပျက်စီးသွားတဲ့ ဦးနှောက်ကို ပိုမဆိုးအောင် ကာကွယ်စောင့်ရှောက်ရေး၊ ရေနဲ့ အာဟာရဓာတ်တွေဖြည့်ပေးခြင်း၊ အဖျားပိုး၊ ဆီးပိုး မဝင်အောင်ပြုစုခြင်း၊ အိပ်ရာနာမပေါက်အောင် ကိုယ် ခန္ဓာလှည့်ပေးခြင်း၊ ဆီးဝမ်းတွေ သွားလို့ရအောင် ပြုစု ခြင်းစတာတွေကို ဦးစားပေးဆောင်ရွက်ရပါမယ်။ နောက်ပိုင်းမှာတော့ ပြန်လည်သန်စွမ်းရေး လေ့ကျင့် ခန်းတွေ(Physiotherapy)ပြုလုပ်နိုင်ရင် အမြန်ဆုံး မိမိကိုယ်မိမိ အားကိုးနိုင်တဲ့အဆင့်၊ လမ်းလျှောက်နိုင်တဲ့အဆင့်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိသူတွေ လေဖြတ်ရင်
သွေးချိုကျတာ၊ သွေးချိုသိပ်များနေတာ မရှိရအောင် ထိန်းညှိဖို့ အလွန်အရေးကြီးပါတယ်။ တချို့ဆီးချိုမရှိခဲ့သူတွေမှာလည်း လေဖြတ်တဲ့ အခိုက်အတံ့မှာ သွေးတွေချိုလာတတ်ပါတယ်။သွေးချိုယာယီ မြင့်တက်လာတာက ရောဂါပြင်းထန်လို့ဖြစ်တဲ့ Stress Hyperglycemia ဖြစ်ပါတယ်။ ဒါဟာ မကောင်းတဲ့ လက္ခဏာတစ်ခုလို့လည်း ယူဆရပါမယ်။ သွေးသိပ်တိုးတာကမကောင်းပေမယ့် သွေးပေါင်ချိန်သိပ်ကျတာကလည်း ပိုဆိုးတတ်ပါတယ်။ ဒါကိုလည်း သတိပြုရပါမယ်။

ဦးနှောက်ကို သွေးများများရောက်ရှိဖို့ လိုအပ်ပါတယ်။ သွေးကြောပေါက်သွားလို့ လေဖြတ်သူတွေ အဖို့ ဦးခေါင်းထဲမှာ သွေးခဲပြည့်နေရင် တခြားအရေးကြီးတဲ့ ဦးနှောက်ပိုင်းတွေဖိပြီး အသက်သေဆုံးနိုင်ပါတယ်။

ဦးနှောက်ခွဲစိတ်အထူးကုဆရာဝန်တွေက သွေးတွေကို စုပ်ထုတ်ပေးလို့ရပါတယ်။ ချက်ချင်းသက်သာသွားပြီး အသက်ကယ်နိုင်တဲ့ ကုထုံးဖြစ်ပါတယ်။ ဒါပေမဲ့ သွေးကြောပေါက်တဲ့လူနာအားလုံး ဒီနည်းနဲ့ ကုလို့မရတဲ့ အခြေအနေတွေလည်း ရှိတတ်ကြောင်း သိထားစေလိုပါတယ်။ ကျွမ်းကျင်သူတွေရဲ့ဆုံးဖြတ်ချက်က အလွန်အရေးကြီးပါတယ်။

ရှေ့အလားအလာ (Prognosis)
ဆီးချိုလူနာတွေ လေဖြတ်ရင် သာမန်လူတွေ လေဖြတ်တာထက် အသေအပျောက်များပါတယ်။ နာလန်ထလည်း နှေးကွေးပါတယ်။ တခြားရှုပ်ထွေးမှုတွေတစ်ခုပြီးတစ်ခု ပေါ်လာတတ်ပါတယ်။ အများအားဖြင့် နောက်ဆက်တွဲရောဂါတွေရှိနေတာကို မစစ်ဆေးဖူးလို့ ကြိုတင်မသိခဲ့တာများပါတယ်။ ဆေးရုံရောက်တော့မှ စစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။ လေဖြတ်ပြီးမှ နှလုံးကဖောက်ပြန်တာဖြစ်လာတတ်သလို၊ နှလုံးဖြစ်ပြီး သွေးပေါင်မမှန်လို့ လေဖြတ်နိုင်ပါတယ်။ နှလုံးခုန်စည်းချက်မမှန်ရင် Atrial fibrillation ဖြစ်ရင်လည်း နှလုံးမှသွေးခဲလေးတွေလွင့်မျောပြီး ဦးနှောက်သွေးကြောမှာ Cerebral embolism ဖြစ်ပြီး ပိတ်သွားတတ်ပါတယ်။

လေဖြတ်ပြီး ကျောက်ကပ်ရောဂါ ပိုဆိုးသွားတာကလည်း တွေ့နေကျဖြစ်ပါတယ်။ တစ်ခုယိုင်ရင် နောက်တစ်ခုပြိုလဲကျတာမျိုးဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးမှာလည်း ပိုနှေးကွေးတတ်ပါတယ်။
အချုပ်ပြောရရင် ဆီးချိုရောဂါနဲ့ လေငန်းရောဂါဟာ တွဲပြီးဖြစ်နေကျရောဂါတွေဖြစ်ပါတယ်။ ဖြစ်လာခဲ့ရင်လည်း သာမန်လေငန်းဖြစ်သူတွေထက် ပိုဆိုးတတ်ပါတယ်။ ကုသရတာ ပိုပြီး ခက်ခဲတတ်ပါတယ်။ ရှုပ်ထွေးမှုတွေ ပိုဖြစ်တတ်ပါတယ်။ ပြန်လည် ထူထောင်ဖို့လည်း ကြာတတ်ပါတယ်။

ဆီးချိုသွေးချိုကို ထိရောက်အောင် ထိန်းထားမယ်၊ သွေးတိုးရောဂါကို လိုအပ်တဲ့ ပန်းတိုင်ရောက်အောင် ချထားမယ်၊ အဆီကျဆေးတွေ မှန်မှန်သောက်မယ်၊ ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်မယ်၊ သွေးကျဲဆေးတွေ လိုအပ်ရင် သောက်ထားမယ်၊ အငန်နဲ့ တိရစ္ဆာန်အဆီတွေ ရှောင်ရမယ်၊ လေ့ကျင့်ခန်းနဲ့ သွက်လက်လှုပ်ရှားစွာ နေထိုင်ခြင်း ပြုလုပ်မယ်ဆိုရင် လေငန်းရောဂါကို တားဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top