ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)
သွေးတွင်းအဆီများခြင်းနှင့် လေငန်းရောဂါ(Dyslipidaemia)
သွေးတွင်းအဆီတွေထဲက လေငန်းရောဂါကို ပိုဖြစ်စေတဲ့အဆီကတော့ ကိုလက်စထရော (Cholesterol) ဒါမှမဟုတ် ကိုလက်စထရောတွေကို သယ်ဆောင်ထားတဲ့ ပရိုတင်း LDL တွေပဲ ဖြစ်ပါတယ်။ Lipid profile ခေါ် သွေးတွင်းအဆီဓာတ်မျိုးစုံကို ဓာတ်ခွဲဆန်းစစ်ကြည့်ရင် သိနိုင်ပါတယ်။ စစ်ဆေးရာမှာပါတဲ့ အဆီဓာတ်တွေကတော့ (၁) Cholesterol ကိုလက်စထရော၊ (၂) Triglyceride ထရိုင်ဂလစ်စရိုက်၊ (၃) HDL အိပ်ဒီအယ်လ်၊ (၄) LDL အယ်လ်ဒီအယ်လ်စတဲ့ အဆီဓာတ်တွေပဲဖြစ်ပါတယ်။ အဆီတွေများတာမကောင်းပါဘူး။ ဒီထဲမှာ သွေးကြောတွေ အဆီပိတ်စေတဲ့ အရေးကြီးဆုံး အဆီဓာတ်ကတော့ LDL အယ်လ်ဒီအယ်လ်ပဲ ဖြစ်ပါတယ်။ LDL ကိုအလွယ်တကူ သဘောပေါက် လွယ်အောင်ပြောရရင် ဆိုးတဲ့ ကိုလက်စထရောလို့ မှတ်သားနိုင်ပါတယ်။ LDLတွေ များလေလေ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေငန်းရောဂါတွေ ပိုဖြစ်လေလေပါပဲ။ Total Cholesterol စုစုပေါင်း ကိုလက်စထရောကို တိုက်ရိုက်တိုင်းတာထက် ပိုပြီးအရေးကြီးပါတယ်။ HDL အိပ်ချ်ဒီအယ်လ်အဆီ ဓာတ်ကတော့ များလေလေကောင်းလေလေ ဖြစ်ပါတယ်။ HDL ဟာ သွေးကြောမကျဉ်းအောင်ကာကွယ်တဲ့ ကိုလက်စထရောလို့ မှတ်ရပါမယ်။
တချို့လူတွေမှာ စုစုပေါင်း ကိုလက်စထရော Total Cholesterol များပေမယ့် HDL က ပုံမှန်ထက်များနေရင်သိပ်စိတ်မပူရပါဘူး။ Cholesterol ကိုလက်စထရော သိပ်မများဘဲ HDL အရမ်းနည်းနေ တာကလည်း ဆိုးနိုင်ပါတယ်။ HDL များအောင် လုပ်ဖို့လည်း အရေးကြီးပါတယ်။
Cholesterol : HDL ကိုလက်စထရောနဲ့ အိပ်ချ်ဒီအယ်လ်အချိုးချရင် ၅ထက် မကျော်သင့်ပါဘူး။ LDL အဆီဓာတ်နည်းအောင် statin ဆေးတွေ (ဥပမာ Atorvastatin, Rosuvastatin, Simvastatin) တာရှည်ပေးခြင်းဖြင့် လေဖြတ်တာကာကွယ်နိုင်ပါတယ်။
ကိုလက်စထရော ကျစေတဲ့ဆေးကောင်းတွေ ရှိပေမယ့် အခုထိ HDL ထိထိရောက်ရောက် များစေနိုင်တဲ့ ဆေးကိုရှာဖွေနေဆဲပါ။ ပိန်အောင်လုပ်တာ၊ အစားလျှော့စားတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာကတော့ HDLတက်လာဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
လေငန်းကာကွယ်ဖို့ သွေးတွင်းအဆီဓာတ်တွေကို စစ်ပြီးထိရောက်အောင်၊ ပန်းတိုင်အမှတ်(target) ရောက်အောင်ချရပါမယ်။ အဆီချဆေးတွေကို သွေးကြောပိတ်မယ့် အလားအလာများ၊ မများ CVD risk တွက်ချက်ပြီးများရင် ပေးရပါမယ်။ သွေးကြောပိတ်ဖူးသူတွေမှာတော့ လူတိုင်းကို အဆီကျဆေးပေးရပါမယ်။
ဒါပေမဲ့ ဆီးချိုသွေးချိုရှိသူတွေမှာတော့ သွေးကြောပိတ်ဖူးတာမရှိသေးပေမယ့် သွေးကြောပိတ်မယ့် အလားအလာ (CVD risk) တွေ တွက်ချက်ဖို့ မလိုပါဘူး။ CARD study လေ့လာချက်အရ ဆီးချိုရှိသူအားလုံးကို သွေးကြောပိတ်ဖူးသူအဆင့်လိုယူဆပြီး ကိုလက်စထရောချဆေးကို လူနာတိုင်းအားပေးသင့်တယ်လို့ ဆိုပါတယ်။ ကုထုံးလမ်းညွှန်တွေအရလည်း Cholesterol lowering drugs ကိုလက်စထရောကျဆေးတွေကို ဆီးချိုလူနာတွေမှာ စောစောစပေးရမယ်။ အဖြေထိရောက်အောင် ကုရမယ်။ အမြဲစွဲသောက်ရမယ်လို့ ဆိုထားပါတယ်။ နောက်ပိုင်းမှာ တွေ့ရှိလာတဲ့အချက်ကတော့ စတက်တင် statin ဆေးတွေကို ဆေးအားအများကြီးသုံးစွဲပြီး high intensity ကုထုံးသုံးရင် သွေးကြောတွေ ပိုပြီးကောင်းလာပြီး သာမန်ဆေးအားတွေနဲ့ ကုသတာထက်များစွာပိုအကျိုးရှိတာကို တွေ့ရပါတယ်။
နောက်ဆုံးပေါ်ကုထုံးအရ သွေးကြောပိတ်ဖူးသူတွေ၊ ဆီးချိုလူနာတွေမှာ မပိတ်ဖူးသေးသူများ အပါအဝင် အဆီချဆေးပေးရင် High Dose ဆေးအား များများပေးရပါမယ်။ High Intensity ဆေးအားမြင့်အဆီချကုထုံးဖြစ်ပါတယ်။ ဒီကုထုံးမှာ ပေးရတဲ့ အဆီချဆေး ပမာဏက ခါတိုင်းပေးနေကြတာထက် ၄ဆလောက် ပိုပေးရတာဖြစ်ပါတယ်။ အဆီချဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ကြွက်သားနာခြင်းက ဆေးအားမြင့်ကုထုံးအတွက် အတားအဆီးဖြစ်နေပါတယ်။ ဒါကို အကျိုးရှိမယ့် ရလဒ်များရင် လူနာတွေကို ဘေးဥပါဒ် ရှိ၊ မရှိ စစ်ဆေးစောင့်ကြည့်ပြီး ရှင်းပြရပါမယ်။
နောက်ထပ် အဆီတစ်မျိုးဖြစ်တဲ့ ထရိုင်ဂလစ်စရိုဒ်(Triglyceride)အကြောင်း အနည်းငယ်ပြောလိုပါတယ်။ ဆီးချိုလူနာ အားလုံးနီးပါး(၈၀%)ခန့်မှာ ထရိုင်ဂလစ်စရိုဒ်တက်ပါတယ်။ ကိုလက်စထရော အဆီနဲ့ ထရိုင်ဂလစ်ရိုဒ် ဘာကွာသလဲ။ သူကရော အရေးမကြီးဘူးလားဆိုတာ သိလိုကြပါလိမ့်မယ်။ ထရိုင်ဂလစ်စရိုဒ်များသူတွေကကောင်းတဲ့ ကိုလက်စထရော HDL အိပ်ချ်ဒီအယ်လ်နည်းတာနဲ့ အမြဲ ဆက်စပ်နေတတ်ပါတယ်။ ဝတဲ့သူ၊ သွေးချိုမြင့်တဲ့သူတွေနဲ့လည်း ဆက်စပ်ပါတယ်။
ဝမ်းဗိုက်လုံးပတ်ကြီးတာ (increased waist circumference)နဲ့လည်း ဒွန်တွဲနေတတ်ပါတယ်။ သွေးတိုးတာနဲ့လည်း အတူတွေ့တတ်ပါတယ်။ ဒါတွေအားလုံး တစ်ဦးထဲမှာ စုပြီးတွေ့နေရတာကို မက်တာ ဘောလစ်ဆင်ဒရုန်း(Metabolic syndrome) လို့ ခေါ်ပါတယ်။ ဒီလိုရောဂါစုကြီးရှိသူတွေဟာ ပိုပြီး လေဖြတ်နိုင်ပါတယ်။ ဆီးချိုနဲ့ ထရိုင်ဂလစ်စရိုဒ်များတာ ဒွန်တွဲနေရင် နှလုံးသွေးကြောပိတ်ခြင်း၊ သူငယ်ပြန်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ အာရုံကြောထုံခြင်း စတာတွေ ဖြစ်လာဖို့များပါတယ်။ ထရိုင်ဂလစ်စရိုဒ်ကျအောင် ကယ်လိုရီလျှော့ခြင်း ဒါမှမဟုတ် တစ်နေ့စာ စားတာလျှော့ခြင်း၊ အထူးသဖြင့် ကစီဓာတ်(Carbohydrate)လျှော့ခြင်း၊ ချိုတဲ့ မုန့်၊ ချိုတဲ့ဖျော်ရည်၊ သိပ်ချိုတဲ့ သစ်သီးတွေ လျှော့ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရင် ထရိုင်ဂလစ်စရိုဒ်ကျတာ အထိရောက်ဆုံးဖြစ်ပါတယ်။ ထရိုင်ဂလစ်စရိုဒ်သိပ်များမှ ဆေးအနေနဲ့ Fibrate ဆေးတွေသုံးနိုင်ပါတယ်။ ဥပမာ Fenofibrate ဖြစ်ပါတယ်။
လေငန်းရောဂါဖြစ်စေသည့် အခြားအကြောင်းရင်းများ
ရှေ့မှာဖော်ပြလိုက်တဲ့ အကြောင်းရင်း ၃ချက်အပြင် တခြားအရေးကြီးတဲ့ အကြောင်းရင်းတွေထဲ မှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ အဝလွန်ခြင်းနှင့် ဆက်စပ်သောရောဂါစု (Metabolic syndrome)၊ နှလုံးအားနည်းခြင်း၊ နှလုံးမငြိမ်ခြင်း (Atrial fibrillation)၊ ယခင်က လေဖြတ်ဖူးခြင်း၊ မိသားစုမှာလေဖြတ်မျိုးရိုးရှိခြင်း၊ သွေးတွင်း ယူရစ်အက်စစ်ဓာတ်များခြင်း၊ ဆီး၌အသားဓာတ် အနည်းငယ်ပါခြင်း (Microalbuminuria) စတဲ့ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဆီးချိုရှိသူတွေလေမဖြတ်အောင် ကာကွယ်ဖို့ ဒီအချက်တွေကို ပြုပြင်ရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)