Healthy Life Ad
International

တစ်နှစ်ကြာ အာလူးတစ်မျိုးတည်းစားသည့် အမျိုးသား ကိုယ်အလေးချိန် ပေါင် ၁၁၀ ကျသွား

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ အန်ဒရူးတေလာဆိုတဲ့ အမျိုးသားဟာ ဆီကြော်စာတွေ၊ ရေခဲမုန့်၊ ကိတ်မုန့်၊ ချောကလက်နဲ့ ပီဇာတွေအလွန်အမင်း ကြိုက်နှစ်သက်သူဖြစ်ပြီး ကိုယ်အလေးချိန် ၃၃၄ ပေါင်ကျော်ရှိပါတယ်။ သူရဲ့ အစားစွဲလန်းမှုကို ရပ်တန့်ဖို့ အန်ဒရူးက အာလူးတစ်မျိုးတည်းစားပြီး ကိုယ်အလေးချိန် ထိန်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။


အာလူးမှာ ကာဗိုဟိုက်ဒရိတ် အများအပြားပါဝင်သလို ပရိုတင်း၊ အဆီလုံလုံလောက်လောက်ပါဝင်ပြီး အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ သံဓာတ်လည်းပါဝင်တယ်လို့ အန်ဒရူးက ပြောပြပါတယ်။ အန်ဒရူးက ပုံမှန်အာလူးနဲ့ အာလူးအချိုအပါအဝင် အာလူး ၃ ကီလိုဂရမ်ကို နေ့စဉ်စားသုံးခဲ့ပါတယ်။ ကယ်လိုရီ ၉၉ ရာခိုင်နှုန်းကို အာလူးမှရရှိပြီး အဆီနည်းဆော့စ်တွေမှ တခြားကယ်လိုရီရရှိတယ်လို့ သိရပါတယ်။

အံသြစရာကောင်းအောင်ပဲ တစ်နှစ်လုံး အာလူးသီးသန့်စားတာ၊ တစ်ရက်တစ်နာရီ စက်ဘီးစီးတာတို့ကြောင့် သူရဲ့ကိုယ်အလေးချိန် ပေါင် ၁၁၀ ကျသွားခဲ့ပါတယ်။ တစ်နှစ်တာအတွင်း ဆရာဝန်နဲ့ပုံမှန်ဆေးစစ်ခဲ့တဲ့ အန်ဒရူးရဲ့ကျန်းမာရေးဟာ ပိုမိုကောင်းမွန်လာနေကာ ကိုလက်စထရောကျတာ၊ သွေးတိုးကျတာနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကျဆင်းသွားတာတို့ကို တွေ့ရှိခဲ့ပါတယ်။

ပညာရှင်တွေကတော့ အာလူးမှာ ပရိုတင်းရရှိဖို့၊ ဆဲလ်တွေပြုပြင်ဖို့နဲ့ ရောဂါတွေခုခံဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်ပါဝင်ပေမယ့် သူ့တစ်မျိုးတည်းစားရုံနဲ့ ဗီတာမင်ချို့ယွင်းမှုဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။ သံဓာတ်ချို့ယွင်းတာကြောင့် မောပန်းနွမ်းနယ်စေသလို ကယ်လ် ဆီယမ်မလုံလောက်တာကြောင့် အရိုးကျန်းမာရေးကို ထိခိုက်စေတာကြောင့် အန္တရာယ်များလှတဲ့ ဒီလိုစားသောက်နေထိုင်မှုမျိုးကိုမပြုလုပ်ဖို့ လူတွေကို တိုက်တွန်းထားပါတယ်။

(Ref; NAU)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top