Healthy Life Ad
Life Style

မျက်ခွံရောင်၍ ဖြစ်သော အဖုငယ် (Chalazion)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)နှင့်တွေ့ဆုံခြင်း

မေး. မျက်ခွံမှာအဖုပေါက်ခြင်း (Chalazion) က ဘာကြောင့်ဖြစ်ရတာပါ လဲဆရာ။

ဖြေ. Chalazion လို့ခေါ်တဲ့ မျက်စိမှာ အဖုပေါက်တာက မျက်ခွံ (Eyelid)မှာပဲဖြစ်တာပါ။ မျက်ခွံဟာ မာမာတင်းတင်းဖြစ်နေဖို့ Tansal Plate ဆိုတာရှိပါတယ်။ အဲဒီ Tansal Plate မှာ ဂလင်းတွေအများကြီး ရှိတဲ့အနက် Exocrine Gland ကနေ အဆီထွက်တာကို ပြွန်နဲ့ထွက်ပါတယ်။ အဲဒီအဆီဟာ မျက်ကြည်လွှာရှေ့မှာ မျက်ရည်စိုစွတ်နေအောင် Precorneal Tear Film အဖြစ် ဆောင်ရွက်ပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘဲ ပြွန်ကပိတ်သွားတဲ့အခါ အဆီခဲ (Lipid) စုလာပါတော့တယ်။ အဆီစုလာပြီး အကျိတ်ဖြစ်လာတာကို Chalazion လို့ ခေါ်ပါတယ်။

မေး. မျက်ခွံမှာ အဖုပေါက်တဲ့အခါ ဘာဆက်ဖြစ်လာနိုင်ပါသလဲ ဆရာ။

ဖြေ. မျက်ခွံမှာအဖုပေါက်တဲ့ အခြေအနေ (Stasis) ဖြစ်လာရင် ပိုးဝင်လာတတ်ပါတယ်။ မျက်ခွံမှာ အဖုပေါက်တဲ့ အခြေအနေကို ကုသတဲ့အခါ Drain လုပ်ပြီး ခြစ်ထုတ်ရပါတယ်။ ဒါကို ဆေးပညာအရ Incision နဲ့ Curettage လို့ ခေါ်ပါတယ်။ ပိုးဝင်တာကိုတော့ ပဋိဇီဝပိုးသတ်ဆေး (Antibiotic) နဲ့ပဲ ကုသရပါတယ်။

မေး. မျက်ခွံမှာ အဖုပေါက်တာကို မကုဘဲထားရင်ကော ဘာဖြစ်လာနိုင်ပါသလဲ ဆရာ။

ဖြေ. မျက်ခွံကအဖုကို မကုဘဲထားရင် ပေါက်သွားပြီး (burst) အဖုတစ်ခု (Granulorna) အဖြစ်ပေါ်လာတယ်။ အဲဒါကိုတော့ဖြတ်ထုတ်တဲ့နည်း (Excision) ကို သုံးရတယ်။ Chalazion ဖြစ်တိုင်း ခွဲစိတ်ရမယ်လို့တော့ မဟုတ်ပါဘူး။ ပဋိဇီဝပိုးသတ်ဆေးပေးလိုက်ပြီး ပိုးဝင်တာလျော့သွားရင် ကြပ်ထုပ်ထိုးတာ Warm Compress လုပ်လိုက်ရုံနဲ့ အဖုလျော့သွားလိမ့်မယ်။

မေး. မျက်ခွံမှာ အဖုပေါက်တာက ဘယ်သူတွေမှာ အဖြစ်များပါသလဲ ဆရာ။

ဖြေ. အပေါ်မျက်ခွံမှာ အဖုပေါက်တာများပါတယ်။ အပေါ်မျက်ခွံရဲ့ Meibormian Gland ရှိပြွန် (Duct) မှာ အဆီပိတ်ပြီးဖြစ်တာပါ။ အိုင်းလိုင်နာဆိုးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ မိန်းကလေးတွေဟာ အပေါ်မျက်တောင်စပ် Gray Line မှာ လိုင်နာဆိုးရာက အဆီပိတ်ပြီး ဖြစ်တတ်ပါတယ်။

မေး. မျက်ခွံမှာ အဖုမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. မိန်းကလေးတွေ အိုင်းလိုင်နာဆိုးတဲ့အခါ အပြင်ကနေ ပြန်ရောက်လာရင် ကြက်သီးနွေးရေ ဒါမှမဟုတ် ရိုးရိုးရေနဲ့ မျက်စိနဲ့ မျက်တောင်စပ်တွေကို သေချာဆေးကြောပေးရပါမယ်။ အိုင်းလိုင်နာမဆိုးရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အိုင်းလိုင်နာဆိုးပြီး မျက်လုံးကိုလှအောင်ခြယ်သပြီးရင် အထူးသဖြင့် ကြက်သီးနွေးရေနဲ့ သေချာဆေးကြောပြီး မျက်ခွံသန့်ရှင်းရေး (Eye Lid Hygience) ကို ဂရုစိုက်ဖို့ပဲလိုပါတယ်။ ဒါဆိုရင် ပြွန်လမ်းကြောင်းမှာ အဆီပိတ်နိုင်တဲ့ အခွင့်အလမ်းနည်းသွားပါတယ်။

မေး. မျက်ခွံမှာ အဖုဖြစ်တဲ့သူတွေက မကြာခဏ ပြန်ဖြစ်တာကို တွေ့ရပါတယ်။ အဲဒါကကော ဘာကြောင့်ပါလဲ ဆရာ။

ဖြေ. အပေါ်မျက်ခွံမှာ ဂလင်းပေါင်း ၂၈ ခုရှိပါတယ်။ ဂလင်းတွေက ပွင့်နေပေမယ့် အကြောင်းတစ်ခုခုကြောင့် ပြွန် (Duct) ပိတ်ပြီး Chalazion ဖြစ်ရင် နောက်ဂလင်းတွေလည်း လိုက်ပိတ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်ပြီးတဲ့သူတွေမှာ မကြာခဏဖြစ်နေတာပါ။

Chalazion က မျက်ခွံမှာ အဖုပေါက်တာပါ။ မျက်စိစွန်တာက မျက်တောင်အခြေက Hair Follicle မှာ ပိုးဝင်ပြီးဖြစ်တာပါ။ Hair Follicle ရောင်ပြီး မျက်စိစွန်တာက Staphylococcus ပိုးကြောင့်ဖြစ်တာပါ။ မျက်စိစွန်တာကိုတော့ ပဋိဇီဝပိုးသတ်ဆေး ပေးလိုက်ရုံနဲ့သက်သာပါတယ်။

မေး. မျက်ခွံအဖုပေါက်တာနဲ့ မျက်စိစွန်တာက ဘာကွာခြားမှုရှိပါသလဲ ဆရာ။

ဖြေ. Chalazion က မျက်ခွံမှာ အဖုပေါက်တာပါ။ မျက်စိစွန်တာက မျက်တောင်အခြေက Hair Follicle မှာ ပိုးဝင်ပြီးဖြစ်တာပါ။ Hair Follicle ရောင်ပြီး မျက်စိစွန်တာက Staphylococcus ပိုးကြောင့်ဖြစ်တာပါ။ မျက်စိစွန်တာကိုတော့ ပဋိဇီဝပိုးသတ်ဆေးပေးလိုက်ရုံနဲ့ သက်သာပါတယ်။ ဒါမှမဟုတ်ရင်လည်း အဖုရှိတဲ့ မျက်တောင်ကို ဆွဲနုတ်လိုက်ရုံနဲ့ သက်သာပါတယ်။ အဲဒါကို Epilation လို့ ခေါ်ပါတယ်။

မေး. မျက်ခွံမှာ အဖုပေါက်တာနဲ့ပတ်သက်ပြီး အများပြည်သူကို ဘာပြောလိုပါသေးသလဲ ဆရာ။

ဖြေ. မျက်ခွံမှာ အဖုပေါက်တာကို ခြစ်ထုတ်တာက အသေးစားခွဲစိတ်မှုပါ။ ဘာစိုးရိမ်စရာမှမလိုပါဘူး။ ခြစ်ထုတ်ပြီးရင်လည်း ပဋိဇီဝပိုးသတ်ဆေး (Antibiotic) သောက်ရုံနဲ့ သက်သာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top