Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အဝလွန်ခြင်း ဆက်စပ်မှု

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းဆက်စပ်မှုကို ရှင်းပြပေးပါ ဆရာ။

ဖြေ. ဆီးချိုရောဂါမှာ အမျိုးအစား(၁) ဆီးချိုရောဂါနဲ့ အမျိုးအစား(၂)ဆီးချိုရောဂါဆိုပြီး နှစ်မျိုးရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါရှိသူတွေက အသက်ငယ်ပြီး ပိန်ကြပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေက ဝပြီးအသက်ကြီးကြပါတယ်။ ဝရင် Insulin Resistance ဖြစ်ပြီး ဆီးချိုပိုဖြစ်လေလေပါပဲ။ ဒါကြောင့် ဝတဲ့သူတွေက ဆီးချိုဖြစ်နိုင်ခြေ ပိုများရတာဖြစ်ပါတယ်။

ဒီနေရာမှာ ဝရင်ကြောက်ရလား၊ ဗိုက်ပူရင်ကြောက်ရလားဆိုတဲ့ မေးခွန်းကို မေးစရာရှိလာပါတယ်။ ဗိုက်ပူတာကို ကြောက်ရပါတယ်။ ဗိုက်ပူတာက Metabolic Syndrome လို့ခေါ်တဲ့ Insulin Resistance ဖြစ်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ဗိုက်ရွှဲပြီးဝတဲ့သူတွေမှာ ဆီးချိုရောဂါဖြစ်နှုန်းများတယ်ဆိုတာ မှန်ပါတယ်။

မေး. အဝလွန်သူတစ်ဦးက ဆီးချိုရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ ဆရာ။

ဖြေ. လူတစ်ယောက် ဆီးချိုသွေးချိုရောဂါဖြစ်ဖို့ရာမှာ

(၁) ဗီဇပါရတယ်။

(၂) ပတ်ဝန်းကျင်အခြေအနေ (ဥပမာ- အချို၊ အဆီအအိမ့်များတဲ့ အစာအစားများရင်၊ အဝလွန်ရင်၊ လေ့ကျင့်ခန်းမရှိဘူး)ရှိတယ်

ဒီနှစ်ချက်နဲ့ ပြည့်စုံရင် ဆီးချိုဖြစ်ဖို့ အခွင့်အလမ်းအရမ်းများပါတယ်။ ဒါကြောင့် အဝလွန်တဲ့သူတစ်ဦး ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ဖို့ဆိုရင်-

(၁) ကိုယ်ရဲ့ကိုယ်အလေးချိန်ကို ရအောင်လျှော့ချရပါမယ်။ ပေါင် ၂၀ဝ ကနေ ပေါင် ၁၀ဝ ဖြစ်အောင် လျှော့ချနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ ဒါကြောင့် လက်ရှိကိုယ်အလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်းကို လေးလအတွင်း လျှော့ချနိုင်ရင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ ဒူးနာတာစတဲ့ ရောဂါတွေကိုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံကို လိုက်နာရပါမယ်။ လေ့ကျင့်ခန်းလုပ်ပါ၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှရှောင်ရပါမယ်။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချရပါမယ်။ ဒီနည်းအားဖြင့် ဆီးချိုရောဂါမဖြစ်အောင် ၅၈ ရာခိုင်နှုန်း ကာကွယ်နိုင်ပါတယ်။ ဒီနည်းနှစ်မျိုးနဲ့ ထိန်းလို့မရမှသာ Metformin ဆိုတဲ့ ဆေးကို ပေးရပါတယ်။

မေး. ဆီးချိုသွေးချိုရောဂါကြောင့် အဝလွန်နိုင်ခြေ များပါသလား ဆရာ။

ဖြေ. ဆီးချိုရောဂါနဲ့ အဝလွန်တာနှစ်ခုက ဆက်စပ်နေပါတယ်။ ဆီးချိုရောဂါရှိသူတွေက အစာကိုများများစားရင် ပိုဝလာနိုင်ပါတယ်။ အလားတူ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ပိုဝလာနိုင်ပါတယ်။ Insulin Resistance ကြောင့် ဆီးချိုရောဂါဖြစ်တယ်။ Insulin Resistance ကြောင့် ဝစေပါတယ်။ ဒါကြောင့် ဒီနှစ်ခုက ဆက်စပ်နေပါတယ်။

မေး. ဆီးချိုရောဂါနဲ့ အဝလွန်တာတွဲနေရင် ဘယ်လိုကုသမှုပေးရပါသလဲ ဆရာ။

ဖြေ. ဆီးချိုကို နိုင်အောင်ထိန်းပါ၊ အဝမလွန်အောင်ထိန်းပါ။ ကိုယ်အလေးချိန်ရဲ့ ၅-၁၀ ရာခိုင်နှုန်းကို လေးလအတွင်း လျှော့ချနိုင်အောင် ကြိုးစားပါ။ အဝလွန်တာကို ထိန်းနိုင်ဖို့အတွက်က ကာဗိုဟိုက်ဒရိတ်နည်းနည်း၊ အဆီနည်းနည်း (Low Carbohydrate, Low Fat)အစာကိုစားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးရပါမယ်။ ကျန်းမာချင်ရင် တစ်နေ့ မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်လို့ရပေမယ့် ပိန်ချင်ရင်တော့ တစ်နေ့ ၄၅ မိနစ်-၁နာရီ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ တကယ်လို့ ကိုယ်အလေးချိန်ကို မလျှော့ချနိုင်ဘူးဆိုရင် လက်ရှိကိုယ်အလေးချိန်ထက် ပိုမတက်လာပါစေနဲ့။ ကိုယ်အလေးချိန်ကို မလျှော့ချနိုင်ရင် ပေါင်ချိန်စက်တစ်ခုနဲ့တိုင်းတာပြီး ကိုယ်ရဲ့ကိုယ်အလေးချိန်ကို မှတ်ထားရပါမယ်။ ဒါမှ ကိုယ်ဝလာလား၊ ပိန်လာလား၊ လက်ရှိအတိုင်းပဲလားဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။

မေး. ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အဝလွန်တာကို လျှော့ချနိုင်ရင် ရောဂါသက်သာမှုအတွက် အထောက်အပံ့ရှိပါသလား ဆရာ။

ဖြေ. ဆီးချိုရောဂါရှိသူတွေမှာ အဝလွန်တာကိုလျှော့ချနိုင်ရင် ဆေးတွေသောက်ရတာလည်း လျော့သွားပါတယ်။ အင်ဆူလင်ထိုးရတဲ့ပမာဏလည်း လျော့သွားပါတယ်။ ဒါကြောင့် အဝလွန်တာကို လျှော့ချနိုင်ရင် ကောင်းပါတယ်။

မေး. ဆီးချိုရောဂါရှိတဲ့ အဝလွန်သူတွေမှာ တခြားဘယ်လိုရောဂါတွေ ဖြစ်နိုင်ခြေရှိပါသေးသလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါနဲ့ အဝလွန်တာတွဲနေရင်-

– သည်းခြေအိတ်မှာ ကျောက်တည်တတ်ပါတယ်။

– အသည်းအဆီဖုံးတတ်ပါတယ်။

– အသည်းရောဂါ ဖြစ်နိုင်ခြေများပါတယ်။

– ဒူးနာတတ်ပါတယ်။

– သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။

– နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးသွေးကြော ပိတ်တာတွေဖြစ်တတ်ပါတယ်။

– ကင်ဆာရောဂါ (အထူးသဖြင့် အသည်းကင်ဆာနဲ့ အူမကြီးကင်ဆာ) အဖြစ်များပါတယ်။

– OSA (အိပ်ပျော်နေရင်း အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက်ဖြစ်တဲ့ရောဂါ) အဖြစ်များပါတယ်။

မေး. ဆီးချိုရောဂါရှိတဲ့ အဝလွန်သူတစ်ဦး ကိုယ်ဝန်ဆောင်မယ်ဆိုရင် ဘယ်လိုအချက်တွေကို အရင်ဆုံး လိုက်နာသင့်ပါသလဲဆရာ။

ဖြေ. ဆီးချိုရောဂါရှိတဲ့ အဝလွန်သူတစ်ဦးက ကိုယ်ဝန်မဆောင်ခင်မှာ ဆီးချိုကိုနိုင်အောင် ထိန်းရပါမယ်။ ကိုယ်အလေးချိန်ကို လျှော့ချရပါမယ်။

မေး. ဆီးချိုရောဂါနဲ့ အဝလွန်တာကြောင့် နောက်ဆက်တွဲရောဂါဝေဒနာတွေမခံစားရအောင် ဘယ်လိုထိန်းသိမ်းသင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုရောဂါနဲ့ အဝလွန်တာကြောင့် နောက်ဆက်တွဲရောဂါဝေဒနာမဖြစ်အောင် လုပ်သင့်တာက ကိုယ်အလေးချိန်ကိုလျှော့ချပါ။ ကိုယ်အလေးချိန်ကို အများကြီးမလျှော့ချနိုင်ရင်တောင် လေးလအတွင်းကိုယ်အလေးချိန်ရဲ့ ၅-၁၀ရာခိုင်နှုန်းကို လျှော့ချသင့်ပါတယ်။

ဆီးချိုရောဂါနဲ့ အဝလွန်တာတွဲနေသူတွေအနေနဲ့ကတော့ ကိုယ့်ဆီးချိုကို အမြဲထိန်းပါ၊ ကိုယ်အလေးချိန်ကို လျှော့ချပါ။ အစားအသောက်၊ အနေအထိုင်နဲ့လေ့ကျင့်ခန်းကို ကျန်းမာရေးနဲ့ညီညွတ်အောင်လိုက်နာရင်း ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။ တကယ်လို့ အဲဒီနည်းတွေနဲ့ မထိန်းနိုင်မှသာ ဆေးနဲ့ကုသရပါတယ် . . .

မေး. ဆီးချိုရောဂါနဲ့ အဝလွန်ခြင်းအကြောင်း အများပြည်သူကို ပညာပေးလိုတဲ့အချက်တွေရှိရင် ပြောပြပေးပါဆရာ။

ဖြေ. ဆီးချိုရောဂါနဲ့ အဝလွန်တာတွဲနေသူတွေအနေနဲ့ကတော့ ကိုယ့်ဆီးချိုကို အမြဲထိန်းပါ၊ ကိုယ်အလေးချိန်ကို လျှော့ချပါ။ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်းကို ကျန်းမာရေးနဲ့ညီညွတ်အောင်လိုက်နာရင်း ကိုယ်အလေးချိန်ကို ထိန်းသင့်ပါတယ်။ တကယ်လို့ အဲဒီနည်းတွေနဲ့ မထိန်းနိုင်မှသာ ဆေးနဲ့ကုသရပါတယ်။ ဆေးနဲ့မထိန်းနိုင်မှသာ ခွဲစိတ်ကုသတဲ့နည်းကို သုံးရပါတယ်။ နောက်တစ်ခုအနေနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာကလည်း အဝလွန်စေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာကို လျှော့ချဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top