Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အင်ဒိုခရိုင်းဖျက်သည့် ဓာတုပစ္စည်းများအကြောင်း(Diabetes and Enviroment : Endocrine disrupting chemicals)(၂)

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

အာဆင်းနစ် (Arsenic)ဓာတ်တွေဟာ သောက်သုံးရေတွေနဲ့ အစားအစာတွေမှာ အနည်းနဲ့ အများပါဝင်တတ်ပါတယ်။ သောက်ရေမှာ အာဆင်းနစ်ပါဝင်မှု ၁၅၀ppm ထက်များတဲ့ဒေသတွေမှာ ဆီးချိုဖြစ်တာပိုများတဲ့ သာဓကတွေ တွေ့ရှိရပါတယ်။ အာဆင်းနစ်ဟာ အစာရေစာတွေက တဆင့် လူတွေရဲ့ ခန္ဓာကိုယ်ထဲ ရောက်ရှိ လာတာဖြစ်ပါတယ်။ Inorganic အာဆင်းနစ် အမျိုးအစားက ပိုပြီးဥပဒ် ဖြစ်စေပါတယ်။ အာဆင်းနစ်တွေဟာ သဘာဝအလျောက် မြေကြီးမှာ ရှိပါတယ်။ ဆန်စပါးတွေဟာ တခြားသီးနှံပင်တွေနဲ့စာရင် မြေကြီးမှ အာဆင်းနစ်ဓာတ်တွေ အများဆုံး စုပ်ယူထားနိုင်တဲ့ သဘာဝရှိပါတယ်။ တခြားအစားအစာနဲ့နှိုင်းစာရင် အာဆင်းနစ် ပါဝင်မှု ၅ဆ အထိပိုများနိုင်ပါတယ်။ မြေကြီးမှာ အာစင်းနစ်ပါဝင်မှုများတဲ့နေရာက ဆန်စပါးတွေမှာ အာစင်းနစ်ပါဝင်မှုပိုများနိုင်ပါတယ်။

နောက် EDC တစ်ခုကတော့ BPA ဘီပီအေ ခေါ် Bisphenol A ဘဲဖြစ်ပါတယ်။ Bisphenol A (BPA)ဟာ အီစထရိုဂျင် Oestrogen ခေါ် ‘မ’ ဟော်မုန်းနဲ့ဓာတ်ချင်းဆင်ပါတယ်။ ဒီ ‘မ’ ဟော်မုန်းဓာတ်နဲ့ တူတဲ့ BPA တွေဟာ ‘မ’ဟော်မုန်းဓာတ်တွေ လှုံ့ဆော်မှုကို ခံယူရတဲ့ အင်္ဂါအစိပ်အပိုင်းမှာ သွားရောက်လှုံ့ဆော်တဲ့အပြင် မုန့်ချိုအိတ်ရှိ ဘီတာကလပ်စည်းတွေကိုလည်း လှုံ့ဆော်ပေးနိုင်တဲ့အတွက် သွေးထဲမှာ အင်ဆူလင်များတဲ့ အကျိုးဆက်တွေ Hyper­insulinaemia ဖြစ်စေပါတယ်။ အင်ဆူလင်များရင် ဗိုက်ပိုဆာပြီး အဝလွန်တာ ဖြစ်လာပါမယ်။ ဒါက BPA ရဲ့ဆိုးကျိုးက အဝလွန်ရောဂါတွေဖြစ်စေနိုင်တာကို ရှင်းပြထားခြင်းဖြစ်ပါတယ်။ ဒီလိုဆက်တိုက် လှုံ့ဆော်ခံနေရတဲ့ ဘီတာကလပ်စီးတွေလည်း ကြာလာရင် အားကုန်ပြီး ထုတ်လုပ်အားတွေပြန်ကျသွားပါမယ်။ ဒီ့အပြင် BPA က တစ်ဖက်မှာလည်း အင်ဆူလင်ခုခံမှုတွေ (Insulin­Resistant) များလာစေ တဲ့အတွက် ရှိတဲ့အင်ဆူလင်ထက် ပိုသုံးမှအလုပ်ဖြစ်ပါတယ်။ ဒီအချက်နှစ်ခုရဲ့ရလဒ်ကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်လာရခြင်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အင်ဆူလင်ဟော်မုန်းလိုအပ်ချက် ပိုများလာတဲ့ အခြေအနေနဲ့ အင်ဆူလင်ထုတ်လုပ်ပေးနိုင်စွမ်း နည်းသွားမှုတို့ ပေါင်းစပ်ပြီး ဆီးချိုသွေးချိုကို စောစောစဖြစ်အောင် တွန်းပို့လိုက်သလိုဖြစ်စေပါတယ်။ ဒါဆိုရင် ဒီ BPA ဆိုတာကဘာလဲ။ ဆီးချိုဖြစ်စေနိုင်တဲ့ ဒီ BPA ဆိုတဲ့ဓာတ်တွေက လူတွေရဲ့ပတ်ဝန်းကျင် ဘယ်နေရာမှာတွေ့ရှိရတတ်သလဲဆိုတာ စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။

BPA ကို လူတွေ နေ့စဉ်ထိတွေ့သုံးစွဲနေရတဲ့ ပလတ်စတစ်အမာတွေမှာ တွေ့ရပါမယ်။ ဥပမာ ရေသန့်ဘူး၊ နို့ဘူး၊ ကလေးကစားစရာအရုပ်၊ အစားအစာထည့်တဲ့ကော်ဘူး၊ ပလက်စတစ်ပန်းကန်ခွက်ယောက်တွေ၊ ဖော့ဘူး၊ သွားဖာတဲ့နေရာမှာသုံးတဲ့ပစ္စည်း၊ ဆေးကုသရာရာမှာသုံးတဲ့ ပစ္စည်းကိရိယာတွေ၊ ဗီဒီယိုနဲ့ စီဒီခွေ၊ လျှပ်စစ်သုံးပစ္စည်း၊ အားကစားပစ္စည်း၊ စည်သွပ်ဘူး (အတွင်းဘက်မှာ BPA ပါတဲ့ပစ္စည်းနဲ့ သုတ်လိမ်းထားခြင်း) စတဲ့ အသုံးအဆောင်တွေအားလုံးမှာ BPA တွေ ပါပါတယ်။ ဒီပစ္စည်းတွေကို တာရှည်အသုံးပြုရာမှတဆင့် လူ့ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းများပြား လာပါမယ်။ ဒီဓာတ်တွေဟာ သွေးထဲကနေ အဆီတွေထဲမှာဝင်ရောက် စုဆောင်းထားပြီး တစ်ချိန်မှာ သွေးထဲပြန်ထုတ်လွှတ်ပေးနေတဲ့အတွက် တာရှည်မှာ ဒုက္ခပေးလာတာ ဖြစ်ပါတယ်။

စစ်ဆေးကြည့်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းသော လူတွေရဲ့ကိုယ်ခန္ဓာမှာ BPA တွေ ရောက်ရှိနေတာ တွေ့ရပါမယ်။ အနည်းငယ်စီထိတွေ့တာက အန္တရာယ်ရှိတဲ့အဆင့်မရောက်ပေမယ့် ထိတွေ့မှုအကြိမ်များ လာရင်၊ကြာမြင့်လာရင် ဒုက္ခပေးနိုင်ပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေ မှာပိုပြီး ထိခိုက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် BPA တွေနဲ့ထိတွေ့မှုများပါက သန္ဓေသားနဲ့ မွေးခါစကလေးငယ်တွေမှာ ဦးနောက်ထိခြင်း၊ အမူအရာ မူမမှန်ခြင်း၊ ပရောစတိတ်ခေါ် ဆီးကျိတ် ပုံမမှန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီကလေးကြီးလာရင် အဝလွန်ကာ ဆီးချိုဖြစ်လာတတ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top