Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အင်ဒိုခရိုင်းဖျက်သည့် ဓာတုပစ္စည်းများအကြောင်း (Diabetes and Enviroment : Endocrine disrupting chemicals) (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

ဒီနေ့ကမ္ဘာမှာ ဆီးချိုသွေးချိုတွေ များပြားလာတာ ဘာကြောင့်လဲဆိုတာ စူးစမ်းရှာဖွေနေဆဲဖြစ်ပါတယ်။ မျိုးရိုးဗီဇရှိသူတွေမှာ ပိုဖြစ်တတ်ပေမယ့် မျိုးရိုးဗီဇမရှိသူတွေမှာလည်း ဖြစ်နေတာတွေ့ရပါမယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ လူတွေရဲ့ ဘဝနေထိုင်မှုပုံစံ မမှန်ကန်လို့ဖြစ်ပါတယ်။ ဒီ့အပြင် လူတွေနေ့စဉ် ထိတွေ့နေရတဲ့ ခေတ်မှီတိုးတက်တဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဆီးချိုသွေးချိုတွေများပြားလာတာဖြစ်ကြောင်း အသိပေးလိုပါတယ်။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေက ဆီးချိုကိုဖြစ်စေရာမှာအရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။

လူတွေရဲ့ပတ်ဝန်းကျင်မှာ နေ့စဉ်ထိတွေ့နေရတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ သောက်သုံးရေရှိ ဓာတုပစ္စည်းတွေ၊ အစားအသောက်ကိုထုပ်ပိုးတဲ့ ပလပ်စတစ်ပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ၊ အလှကုန်တွေ စတာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ တာရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေအားလုံးကိုခြုံပြီး အင်ဒိုခရိုင်းဖျက် ဓာတုပစ္စည်းများ (Endocrine disrupting chemicals) လို့ သတ်မှတ်ထားပါတယ်။

ဒါတွေကိုဆက်ပြီးမပြောမီ အင်ဒိုခရိုင်းဆိုတာဘာလဲဆိုတာ အရင်ရှင်းပြပါမယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းဓာတ်တွေစစ်ထုတ်ပေးတဲ့ အင်္ဂါအစိတ်အပိုင်း(ဂလင်း)တွေကို စုပေါင်းပြီး အင်ဒိုခရိုင်းစနစ်တွေလို့ ခေါ်ပါတယ်။ ဟော်မုန်းစစ်ထုတ်ပေးတဲ့ အင်ဒိုခရိုင်းစနစ်တွေဟာ ခန္ဓာကိုယ်အနှံ့မှာရှိပါတယ်။ ခန္ဓာရဲ့ဇီဝဖြစ်စဉ်တွေအားလုံးမှာ ဟော်မုန်းတွေရဲ့လုပ်ဆောင်ချက် မပါရင်မပြီးပါဘူး။ လူတွေအသက်ရှင်သန်ဖို့ ဟော်မုန်းတွေဟာ အလွန်အရေးကြီးလှပါတယ်။ သန္ဓေသားအရွယ်ကစပြီး အရေးကြီးပါတယ်။

ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက်ရင် အင်ဆူလင်ထုတ်လုပ်ပေးတဲ့ အင်ဒိုခရိုင်းဂလင်း အစိတ်အပိုင်းကတော့ မုန့်ချိုအိပ်မှာရှိတဲ့ ဘီတာဆဲလ်တွေပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အင်ဒိုခရိုင်းစနစ်တွေအလုပ်ကို ဘယ်လိုလုပ်ဆောင်နေကြသလဲဆိုတာ အရင်ရှင်းပြပါမယ်။ ဟော်မုန်းတွေကို အင်ဒိုခရိုင်းဂလင်းတွေမှာရှိတဲ့ အင်ဒိုခရိုင်း ကလာပ်စည်းတွေမှ သွေးထဲသို့ တိုက်ရိုက်စစ်ထုတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုဟော်မုန်းစစ်ထုတ်ပေးတဲ့ ကလာပ်စည်းတွေကို လှုံ့ဆော်ချက်တစ်ခုခုနဲ့ အချက်ပေးမှသာ ဟော်မုန်းစစ်ထုတ်ပါတယ်။ ခန္ဓာကိုယ်က ဒီဟော်မုန်းဓာတ်ကိုမလိုရင် မထုတ်ပါဘူး။ များသွားရင်လည်း အထုတ်နည်းအောင် ပြန်ထိန်းထားတဲ့စနစ်တွေရှိပါတယ်။ အလွန်တိကျအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တစ်စုံတစ်ရာ မှားယွင်းတာနဲ့ပြဿနာတွေများစွာ ရှိနိုင်ပါတယ်။

ဥပမာ- ပန်ကရိယ မုန့်ချိုအိတ်မှ ဘီတာဆဲလ်ကလာပ်စည်းတွေဟာ သွေးထဲမှာသကြားဓာတ်တွေ မြင့်တက်လာပြီဆိုတဲ့ အချက်ပြလှုံ့ဆော်ချက်ကြောင့် အင်ဆူလင်ဆိုတဲ့ဟော်မုန်းဓာတ်ကို သွေးကြောထဲ ထုတ်လွှတ်ပေးလိုက်ပါတယ်။ အစာမရှိရင် အင်ဆူလင်ထုတ်တာ အလိုအလျောက်ပြန်နည်းသွားပါတယ်။

ဒီဟော်မုန်းတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာ ဆက်ပြီးဖော်ပြလိုပါတယ်။ ဒီထုတ်လိုက်တဲ့ ဟော်မုန်း(အင်ဆူလင်)တွေဟာ သွေးစီးကြောင်းတစ်လျှောက်ပြန့်သွားပြီး ခန္ဓာကိုယ်အနှံ့မှ အင်္ဂါအစိတ်အပိုင်းတွေရှိ ကလာပ်စည်းတွေဆီ ရောက်သွားပါမယ်။ ဒီကလာပ်စည်းတွေရဲ့အပေါ်ယံမျက်နှာပြင်မှာ Receptors လို့ခေါ်တဲ့ ဟော်မုန်းလက်ခံတဲ့ နေရာတွေရှိပါတယ်။ သွေးထဲကရောက်ရှိလာတဲ့ ဟော်မုန်း(အင်ဆူလင်)တွေနဲ့ ဟော်မုန်းလက်ခံ Receptors တို့ ထိတွေ့ချိတ်ဆက်စေပြီးမှသာ ၎င်းကလာပ်စည်းတွေက ဂလူးကို့စ်သကြားတွေကို ကလာပ်စည်းအတွင်းသို့ တံခါးဖွင့်ပေးလိုက်သလို ဝင်ရောက်စေနိုင်မှာဖြစ်ပါတယ်။ ဟော်မုန်းတွေနည်းရင် ဒါမှမဟုတ် ဟော်မုန်းလက်ခံတဲ့နေရာ Receptor တွေနည်းနေရင် ဟော်မုန်းရဲ့လုပ်ငန်းစဉ်တွေ နှောင့်နှေးသွားမှာဖြစ်ပါတယ်။

အင်ဒိုခရိုင်းစနစ်တွေကို နှောင့်ယှက်ဖျက်ဆီးတဲ့ဓာတ်တွေဖြစ်တဲ့ အင်ဒိုခရိုင်းဖျက်တဲ့အရာ(Endocrine disruptors) တွေဟာ ဟော်မုန်းစစ်ထုတ်တာကို နည်းမျိုးစုံနဲ့အနှောက်အယှက်ပေးနိုင်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေဟာ ဟော်မုန်းစစ်ထုတ်တာကို နည်းမျိုးစုံနဲ့အနှောက်အယှက်ပေးနိုင်ပါတယ်။ ရှေ့မှာဖော်ပြထားတဲ့အတိုင်း ဒီဓာတ်ပစ္စည်းလေးတွေဟာ ဟော်မုန်းလက်ခံရာနေရာ Receptor တွေမှာ လိုက်တွယ်ကပ်ပြီး ပိတ်ဆို့ထားတဲ့အတွက် တကယ့်ဟော်မုန်းတွေလာရင် တွယ်ကပ်စရာ Receptor ဟော်မုန်းလက်ခံရာနေရာမရှိတော့လို့ ကလာပ်စည်းတွေ အလုပ်မလုပ်နိုင်တော့ပါဘူး။ တချို့ကလည်း ဟော်မုန်းလိုပြုမူပြီး ဟော်မုန်းအတုအနေနဲ့ နှောက်ယှက်တတ်ပါတယ်။ ဒါကြောင့် ဒီအင်ဒိုခရိုင်းဖျက်တဲ့ ဓာတ်တွေဟာ ကလာပ်စည်းတွေမှာ ဟော်မုန်းရဲ့ သက်ရောက်မှုတွေ၊ လုပ်ငန်းတွေကို နည်းစေတာရော/ များစေတာရော ဖြစ်စေတတ်ပါတယ်။

အင်ဒိုခရိုင်းဖျက်တဲ့ဓာတ်တွေဟာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ ဝန်းရံလျက်ရှိပါတယ်။ လူတွေနေ့စဉ် ထိတွေ့၊ ကိုင်တွယ်၊ စားသုံးနေတဲ့ ပစ္စည်းတွေ အစားအစာတွေမှာ ရှိနေပါတယ်။ ဒီပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေပါဝင်ပါတယ်။ အရေးကြီးတဲ့ အင်ဒိုခရိုင်းဖျက်ဆီးတဲ့ဓာတ်တွေကတော့ . . .

ဒီအင်ဒိုခရိုင်းဖျက်တဲ့ ဓာတ်တွေဟာ လူတွေရဲ့ပတ်ဝန်းကျင်မှာ ဝန်းရံလျက်ရှိပါတယ်။ လူတွေနေ့ စဉ် ထိတွေ့၊ ကိုင်တွယ်၊ စားသုံးနေတဲ့ ပစ္စည်းတွေ အစားအစာတွေမှာ ရှိနေပါတယ်။ ဒီပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေ ပါဝင်ပါတယ်။

အရေးကြီးတဲ့ အင်ဒိုခရိုင်းဖျက်ဆီးတဲ့ဓာတ်တွေကတော့ အာစင်းနစ် (Arsenic) တွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေတဲ့ POP or persistent organic poolutants တွေဖြစ်ပါတယ်။ ဒီ POP တွေမှာ PCBs, dioxin, bisphenol A, phthalates, pesticides and nitrates စတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top