Healthy Life Ad
Q & A

ချိုင်းအကျိတ်(Axillary lymph nodes)

ဒေါက်တာတင့်ဆွေ

– ဆရာ သမီးအသက်က ၂၁နှစ်ပါ။ ချိုင်းမှာ အကျိတ်ဖုလေးထွက်နေပါတယ်။ ဘယ်အချိန်တည်းကတော့ မခန့်မှန်းတတ်ပါဘူး။ ဒါပေမဲ့ နာကျင်မှု တော့ခံစားနေရပါတယ်။ ဇီးသီးလုံးလောက်လေး ဖြစ်နေပါတယ်။ ရင်သားကင်ဆာဖြစ်မှာစိုးရိမ်မိပါတယ်။ ရင်သားကင်ဆာဖြစ်မဖြစ်သိအောင် (ကန်တော့ပါဆရာ)ရင်သားကို အကျိတ်၊ ရှိမရှိ စမ်းသပ်ကြည့်ပေမယ့်သေချာမသိပါဘူး။ အကျိတ် ပုံစံတွေ့ပေမယ့် မိန်းကလေးတွေအားလုံး ရှိတတ် တယ်ထင်ပါတယ်။
_ _ _

မိန်ကလေး-အမျိုးသမီးတွေက ကျန်းမာ ရေးမေးလာရင် အသက်သာမက ရာသီနဲ့အိမ်ထောင်ရေးကိုပါ ဆရာဝန်က သိချင်တယ်။
Axillary lymph nodes ချိုင်း(ဂျိုင်း)မှာ စမ်းလို့ရတဲ့အကျိတ်ဆိုတာ တက်စေ့ခေါ် (လင့်ဖ်နုတ်)လေးတွေ ရောင်လာတာဖြစ်မယ်။ လူတိုင်းမှာ စမ်းလို့ မရတဲ့ အဲတာတွေ ၂၀-၃၀ ရှိကြတယ်။ စမ်းရတယ်ဆိုရင် တစ်နေရာမှာ တစ်ခုခုဖြစ်လို့။ တစ်နေရာဆိုတာ ဆိုင်တဲ့ဖက်က ရင်သားရဲ့လေး ပုံတစ်ပုံ + ရင်ဘတ်နံရံအပေါ်ယံနေရာ + ဗိုက် အထက်ပိုင်း + ခြေထောက်နေရာတွေကနေ လာမယ်။

ရင်သားကင်ဆာဖြစ်ရင်လည်း ၇၅ ရာခိုင် နှုန်းက ချိုင်းဆီကိုရောက်လာတယ်။ ကင်ဆာမှာလည်း ရင်သားတစ်ခုသာမဟုတ်ပါ။ လူကီးမီးယား၊ ဟော့ချ်ကင်းလင်ဖိုးမား၊ မယ်လင်နိုးမားတွေကနေလည်း ချိုင်းအကျိတ်တွေကြီးနေနိုင်တယ်။

ကင်ဆာမဟုတ်ဘဲ ချိုင်းအကျိတ်လေးတွေ ကြီးနေတာက ပိုများတယ်။ ချိုင်းနဲ့လက်မှာ ထိခိုက်မိတာ၊ ပိုးဝင်တာတွေကနေ ဖြစ်စေတယ်။ တီဘီအကျိတ်လည်းရှိတယ်။ ဗိုင်းရပ်စ်နဲ့ မှို(ဖန်းဂတ်စ်)ကြောင့်လည်းဖြစ်မယ်။ လက်မှာကာကွယ် ဆေးထိုးလို့လည်းဖြစ်တယ်။ ယာယီသာဖြစ်မယ်။

ဆိုင်ရာနေရာမှာ ခြင်၊ ပုရွက်ဆိတ်ကိုက်လို့၊ ယားလို့ကုပ်မိရာကနေ ဆက်ဖြစ်တာလည်းရှိတယ်။ ချိုင်းအကျိတ်ကနာတယ်ဆိုရင် ရောင်ရမ်းဖြစ်စဉ်ကြောင့်ဖြစ်ပါမယ်။ ကင်ဆာကနောက် ပိုင်းအဆင့်မဟုတ်ရင်မနာပါ။ ရောင်တယ်ဆိုတာ ထိခိုက်မိတာနဲ့ပိုးဝင်တာ။ ရောဂါကြီးမဟုတ်ပါ။

အနာသက်သာဆေး + ပိုးသေဆေးပေးတာ နဲ့ ပျောက်မယ်။ ဒါပေမယ့် တက်စေ့တွေကရောင် ပြီးရင် နဂိုအနေကိုပြန်မရောက်တာလည်း ရှိ တတ်တယ်။ အဲဒါကြောင့် လူအများစုမှာ ချိုင်း၊ မေးအောက်၊ လည်ပင်း၊ ပေါင်ခြံ၊ ဒူးကောက်ကွေးနေရာတွေမှာ စမ်းလို့ရတဲ့ အကျိတ်လေးတွေရှိ ကြတယ်။ ဗိုက်ထဲမှာရှိနေတာတော့ သည်အတိုင်း မသိနိုင်ပါ။

အမျိုးသမီးတွေမှာ ချိုင်းအကျိတ်စမ်းလို့ရရင် ရင်သားကိုအဓိကစစ်ဆေးရမယ်။ ကိုယ့်ဘာသာ စမ်းသပ်နည်းရှိပါတယ်။ သံသယရှိရင် ဆရာ ဝန်ပြဖို့နောက်မကျပါနဲ့၊ မရှက်ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top