Healthy Life Ad
Life Style

အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ် မေမြတ်နိုး၏ ကျန်းမာလှပလူမှုဘဝ

မေး. တစ်နေ့တာ အသားအရေထိန်းသိမ်းဖြစ်ပုံလေးကို ပြောပြပေးပါ။

ဖြေ. အသားအရေထိန်းသိမ်းမှုအနေနဲ့ မနက်မိုးလင်းတဲ့အချိန်နဲ့ ညအိပ်ရာဝင်ခါနီးအချိန်ကို အဓိကထားပြီး လုပ်တာကတော့ Cleansing ပေါ့။ အသီးတစ်ခုခုနဲ့ လုပ်ထားတဲ့ ကြေးချွတ်ပစ္စည်းနဲ့ ကြေးချွတ်တယ်။ အရင်ကဆိုရင် မိတ်ကပ်အရမ်းလိမ်းတော့ ဝက်ခြံတွေအများကြီးထွက်တယ်။ အခုနောက်ပိုင်းဆို ညအိပ်ရာဝင်ခါနီးကို အိပ်ချင်နေတာတောင် အသားအရေကို သေချာလေးထိန်းသိမ်းဖြစ်ပါတယ်။

မေး. ခန္ဓာကိုယ်အသားအရေကိုကော ဘယ်လိုထိန်းသိမ်းဖြစ်သလဲ။

ဖြေ. အပြင်ထွက်တာများတဲ့အတွက် နေလောင်ကာခရင်မ်လိမ်းဖြစ်တယ်။ ရေဓာတ်ပါတဲ့ခရင်မ်ကို တစ်ကိုယ်လုံး လိမ်းဖြစ်ပါတယ်။

မေး. အာဟာရဖြစ်စေတဲ့ အစားအသောက်တွေကို ဘယ်လိုမျိုး ရွေးချယ်စားသောက်လဲ။

ဖြေ. မြတ်နိုးကပိန်တယ်လေ။ ပိန်တယ်ဆိုတာက အပိုတွေမစားဘဲ လိုသလောက်ပဲစားဖြစ်တယ်။ ထမင်းကိုလည်း နပ်မှန်အောင်တော့စားတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီးလည်း မစားဘူး။ အဲ့ဒီတော့ မဝတော့ဘူးပေါ့။ ပြီးတော့ Gym ပြန်ဆော့တယ်။ Gym ဆော့တာက ခန္ဓာကိုယ်ဝိတ်ကျရုံတင်မကဘူး။ အသားအရေအတွက်ပါကောင်းတယ်။ ချွေးထွက်တော့ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးသလို ဖြစ်နေတဲ့အတွက် Gym ပြန်ဆော့ဖြစ်နေပါတယ်။ ရေအများကြီးသောက်ပါတယ်။ မိုးလင်းတာနဲ့ ရေတစ်ပုလင်းအပြည့်သောက်ဖြစ်တယ်။

မေး. နိုင်ငံတကာရှိုးပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ဘယ်လိုတည်ဆောက်သလဲ။

ဖြေ. စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကတော့ လိုအပ်ပါတယ်။ အဓိကကတော့ ကိုယ့်ဘေးနားမှာရှိနေတဲ့ လူတွေရဲ့အားပေးမှုတွေ လိုအပ်သလို ကိုယ့်ကိုယ်ကိုယ်အားပေးဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခုကတော့ လေ့လာမှုအားပေါ့။ ကိုယ်လေ့လာသမျှအရာတွေက ဦးနှောက်ထဲရှိပြီးတော့ ကိုယ်ကပြန်ပြီး ထုတ်ပြနိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ကိုယ်ကလည်း နားလည်တယ်ဆိုတာလေးက ပေါ်လွင်တာပေါ့။ စိတ်ထားကိုဖြူဖြူစင်စင်ထားပြီး ကြိုးစားစရာရှိတာကို ကြိုးစားမယ်ဆိုရင် ကိုယ့်ယုံကြည်မှုက အလိုလိုနေရင်းကို တက်လာမှာပါ။

မေး. စိတ်ဖိစီးမှုကို ဘယ်လိုမျိုးလျှော့ချသင့်ပါသလဲ။

ဖြေ. စိတ်ဖိစီးမှုကတော့ အနုပညာရှင်တိုင်းမှာရှိပါတယ်။ အနုပညာလုပ်တဲ့လူတိုင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းကိုထိခိုက်တယ်ပေါ့။ စိတ်ဖိစီးမှုကို လျှော့ချတဲ့အခါမှာ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ၊ မိသားစုဝင်တွေနဲ့ စကားပြောဖြစ်တာ ဖြစ်ဖြစ်လုပ်ဖြစ်တယ်။ အရမ်းစိတ်ဖိစီးမှုများနေရင် သီချင်းနားထောင်ဖြစ်တယ်။ လေ့ကျင့်ခန်းတွေ၊ အားကစားတွေလုပ်ရင်းနဲ့လည်း စိတ်ဖိစီးမှုကိုလျှော့ချတယ်။ စိတ်ချမ်းသာအောင်ဘယ်လိုနေရင် ကောင်းမလဲဆိုတာကို စဉ်းစားပြီးတော့နေရင် စိတ်ဖိစီးမှုလျော့ကျပါတယ်။

မေး. အိပ်ချိန်တွေကိုဘယ်အရာတွေက ခိုးယူတယ်လို့ထင်လဲ။

ဖြေ. မြတ်နိုးက အိပ်ချိန်ကို ဘယ်လောက်နောက်ကျ၊ နောက်ကျ ၈နာရီ ပြည့်အောင်တော့အိပ်တယ်။ ဘယ်လိုမျိုးပဲဖြစ်ဖြစ် ၈နာရီအပြည့်အဝအိပ်တယ်။

မေး. ပရိသတ်တွေအတွက် ကျန်းမာအောင်နေထိုင်သင့်ပုံလေးကို အကြံဉာဏ်လေးပေးပါဦး။

ဖြေ. ကျန်းမာအောင်နေထိုင်ဖို့ကတော့ စိတ်ရယ်၊ ကိုယ်ရယ်၊ အစားအစာရယ် အဲ့ဒီသုံးခုပေါ့။ အဲ့ဒီသုံးခုက အရေးကြီးပါတယ်။ စိတ်ကို ဖြူဖြူစင်စင်ထား၊ စိတ်ဖိစီးမှုလျော့ကျစေမယ့် နည်းလမ်းလေးတွေလုပ်ပေး၊ ကြည်ကြည်လင်လင်နေပေါ့။ စိတ်ညစ်စရာရှိနေရင်လည်း ခေါင်းထဲမှာအမြဲတမ်းမထားပါနဲ့။ ခန္ဓာကိုယ်နဲ့ပတ်သက်တာကတော့ လေ့ကျင့်ခန်းတွေလုပ်တာမျိုး၊ အစားအသောက်ကို ထိန်းသိမ်းတာမျိုး လုပ်သင့်ပါတယ်။ စိတ်ဖိစီးလို့ အစာစားတယ်၊ အစာစားတော့ ဝတယ်၊ ဝတော့ စိတ်ဖိစီးတယ်။ အဲ့ဒီလိုအစားအစာကိုလည်း မလိုအပ်တာတွေမစားပါနဲ့။ အရမ်းအလိုမလိုက်နဲ့ပေါ့။ အလိုမလိုက်ရင် ကိုယ့်ကိုယ်ကိုယ်အရမ်းကြီး ထိန်းစရာမလိုတော့ပါဘူး။

မေး. နောက်တက်လာမယ့် တက်သစ်စမော်ဒယ် ညီမလေးတွေအတွက်လည်း အားပေးစကားလေးမျှဝေပေးပါဦး။

ဖြေ. မြတ်နိုးဖြေချင်တာကတော့ စိတ်ထားကို ဖြူဖြူစင်စင်နဲ့ လေ့လာမှုအားကိုလည်း ကြိုးစားပမ်းစားလေးထားရှိပါ၊ အလုပ်တွေကိုလည်း ကြိုးစားပြီးလုပ်ပါလို့ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top