Healthy Life Ad
Life Style

အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါကာကွယ်ဖို့ စောစောစတင်ဆောင်ရွက်ကြပါစို့ – (၂)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဌာနတို့ ပူးတွဲပြီး ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေး (Diabetes Prevention project) ကို ဆောင်ရွက်နေပါတယ်။ နှစ်စဉ် ကမ္ဘာ့ဆီးချိုသွေးချို ကာကွယ်ရေးနေ့ World Diabetes Day ကို နိုဝင်ဘာလမှာ ပြည်သူ့လှုပ်ရှားမှုအသွင်နဲ့ ကျင်းပလျက်ရှိပါတယ်။

စောစောစပြီး ကာကွယ်ခြင်း(Early Prevention)

ဆီးချိုသွေးချိုရောဂါမဖြစ်အောင် စောစောကာကွယ်ခြင်းဆိုတာကတော့ ကျန်းမာပြီးနေကောင်းစဉ်မှာ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့အချက်တွေကို စပြီးပြြုုပင်တာပဲ ဖြစ်ပါတယ်။
ဆီးချိုရောဂါကိုဖြစ်အောင် အားပေးနေတဲ့ အကြောင်းအရာတွေထဲက အရေးကြီးဆုံး အချက်တစ်ခုကတော့ အဝလွန်တာပဲဖြစ်ပါတယ်။ လူတွေဟာ အရင်ကထက် ပိုပြီးဝလာကြတယ်။ ခါးလုံးပတ် (Waist circumference) ကလည်း ရှိသင့်တာထက် ပိုကြီးလာကြတယ်။ ငယ်ရွယ်စဉ်ကတည်းက အဝလွန်တာဟာ မကောင်းတဲ့အကြောင်း မိဘတွေက (အထူးသဖြင့် မိခင်)သိရှိဖို့ လိုအပ်တယ်။ မိဘတွေက မိမိ ကလေးဝ၀ဖြိုးဖြိုးဖြစ်တာတွေ့ရင် ပျော်နေတဲ့စိတ်တွေကို ပြုပြင်ပေးဖို့လိုတယ်။ ကလေးအရွယ်မှာ အဝလွန်ရင် (Childhood obesity) ကြီးပြင်းလာတဲ့အခါမှာ တစ်သက်လုံးဝသွားမှာဖြစ်ပါတယ်။ ဝပြီးရင် ပြန်ပိန်အောင်လုပ်ရတာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ကလေးငယ်တွေ အဝမလွန်အောင် တား ဆီးရပါမယ်။ ဒါတွေကို များများဖော်ပြနေဖို့ အစိုးရက မီဒီယာတွေကို အားပေးရမယ်။ အစိုးရရဲ့ကဏ္ဍအနေနဲ့ ပြည်သူလူထုတွေကို အသိပညာပေးမယ့် လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေ၊ အခါအားလျော် စွာပြုလုပ်ပေးဖို့လိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွေနဲ့ ပညာရေးဌာနတွေကလည်း ဒါတွေကို အသိပညာပေးရုံမကဘဲ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အမြဲတိုက်တွန်းနေရမယ်။ စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်သင့်ပါတယ်။

မိခင်များကိုသီးသန့်ပညာပေးခြင်း၊ အာဟာရဌာနတွေက သတင်းဂျာနယ်၊ ကျန်းမာရေး စာစောင်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ အကြောင်းမကြာခဏဖော်ပြရပါမယ်။ ကျောင်းမှာ အဝလွန်သူလျော့ကျရေးကို Activity လှုပ်ရှားမှု တစ်ခုအနေနဲ့ သတ်မှတ်ပြီး ဆောင်ရွက်သင့်ပါတယ်။ ကျောင်းကျန်းမာရေးဌာနက ဝနေတဲ့ကျောင်းသားတွေကို လျှော့ချရမယ့် ကိုယ်အလေးချိန်ကို ကာလ တစ်ခုအတွင်းရရှိအောင်ချဖို့ ညွှန်ကြားပေးပြီး စောင့်ကြည့်တဲ့ အစီအစဉ်၊ အောင်မြင်တဲ့သူတွေကို ချီး မြှောက်ဂုဏ်ပြုခြင်း၊ မအောင်မြင်သေးသူတွေကို ပို၍ပညာပေးခြင်းတွေလုပ်ဖို့ ချမှတ်သင့်ပါတယ်။ ဆရာ၊ ဆရာမတွေကိုလည်း အဝလွန်ခြင်းနဲ့ ဆီးချို သွေးချိုရောဂါဆက်စပ်ပုံအကြောင်းနဲ့ ၎င်းတို့ရဲ့ဆိုးကျိုးတွေကို ကောင်းစွာ နားလည်သဘောပေါက်အောင်အသိပေးထားဖို့လိုပါတယ်။ ကျောင်းသင်ခန်းစာတွေမှာ၊ သင်ရိုးညွှန်းတမ်းတွေမှာ ဒီအကြောင်းတွေ ထည့်သွင်းသင်ကြားပြီး စာမေးပွဲတွေမှာလည်း မေးပေးဖို့ သတ်မှတ်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက အဝလွန်တာ မကောင်းဘူးဆိုတဲ့ ယုံကြည်ချက်တွေကို စွဲစွဲမြဲမြဲနားလည်သဘောပေါက်သွားစေနိုင်ရင် တစ်သက်တာအတွက် အကျိုးများစေပါတယ်။

အဝမလွန်အောင် လူနေမှုဘဝနဲ့ စားသောက်နေထိုင်ရေးစနစ် အလေ့အထတွေကိုပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ အစိုးရအနေနဲ့ ဥပမာ အချိုရည်သောက်သုံးမှုလျော့ကျအောင် အချိုရည်ထုတ်လုပ်မှု၊ ကြော်ငြာတာတွေကိုအားမပေးဘဲ အခွန်ပိုကောက်တာတွေပြုလုပ်ပြီး ထုတ်လုပ်မှု၊ တင်သွင်းမှုတွေ လျှော့ချရပါမယ်။

အဆီများတဲ့ Fast Food ၊ ပြည့်ဝဆီများတဲ့ အလွယ်စားတဲ့အစာ၊ အဝလွန်ကဲစာတွေ ရောင်းချတာကို အားမပေးသင့်ပါ။ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့အစာတွေကိုထုတ်လုပ်ဖို့ လမ်းညွှန်တာတွေ ပြုလုပ်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top