Healthy Life Ad
Life Style

အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါကာကွယ်ဖို့ စောစောစတင်ဆောင်ရွက်ကြပါစို့ (Berlin Declaration 2016 : Driving early action in type 2 diabetes) – (၁)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါဟာ ကမ္ဘာ့အကြီးမားဆုံးသော ကျန်းမာရေးဝန်ထုပ်ဝန်ပိုးတစ်ခုထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာကြီးမှာ ၆စက္ကန့်ပြည့်တိုင်း ဆီးချိုသွေးချိုလူနာတစ်ယောက် သေဆုံးနေပါတယ်။ ဆီးချိုသွေးချိုရောဂါဟာ လူတိုင်းဖြစ်နိုင်တဲ့ ကမ္ဘာ့ကပ် ရောဂါကြီးတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်မှာ ဆီးချိုသွေးချိုရှိသူ ၄၁၅ သန်းရှိပြီး နောက်ထပ် ၃၁၈ သန်းသော လူသားတွေကတော့ ဆီးချိုရောဂါဖြစ်လာမယ့်သူတွေဖြစ်ကြပါတယ်။ ၂၀၄၀ ပြည့်နှစ်ရောက်ရင်တော့ ဆီးချိုသွေးချိုရောဂါဟာ ၆၄၂သန်း ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဆီးချို၊ သွေးချိုလူနာတစ်ဦးချင်းစီနဲ့ မိသားစုအတွက် ကျန်းမာရေးနဲ့ လူမှုရေးဝန်ထုပ်ဝန်ပိုးတွေဖြစ်စေတဲ့ အပြင်တိုင်းပြည်အသီးသီးမှ အစိုးရဘဏ္ဍာငွေတွေကိုလည်း အဓိကသုံးစွဲမယ့် ရောဂါဆိုးကြီးဖြစ်ပါတယ်။

အခုများပြားလာနေတဲ့ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းဟာ ရပ်တန့်နေတာမဟုတ်ဘဲ ပို၍ပို၍တိုးပွားနေတာ အားလုံး မြင်ပြီး၊ သိပြီး၊ သာဓကတွေရှိပြီးဖြစ်ပါတယ်။ ဒီနေ့ထိရောက်စွာမကိုင်တွယ်ရင်၊ အကုန်မခံရင် နောင်မှာအဆပေါင်းများစွာပိုပြီး ကုန်ရမှာဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါဟာ တားဆီးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် . . .

အခုများပြားလာနေတဲ့ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းဟာ ရပ်တန့်နေတာမဟုတ်ဘဲ ပို၍ပို၍တိုးပွားနေတာ အားလုံး မြင်ပြီး၊ သိပြီး၊ သာဓကတွေရှိပြီးဖြစ်ပါတယ်။ ဒီနေ့ထိရောက်စွာ မကိုင်တွယ်ရင်၊ အကုန်မခံရင် နောင်မှာအဆပေါင်းများစွာပိုပြီး ကုန်ရမှာဖြစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါဟာ တားဆီးနိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ စောစောတားတာက နောက်ကျမှကုသရတာထက်ပိုလွယ်ပြီး၊ ပိုထိရောက်ပါတယ်။ ဒါကြောင့် နောက်မကျစေဘဲ စောစောစတင်ဆောင်ရွက်ဖို့ အထူးတိုက်တွန်းပေးတဲ့ ဘာလင်ကြေညာစာတမ်း တစ်ခုပေါ်ပေါက်လာရခြင်းပဲဖြစ်ပါတယ်။

ဘာလင်ကြေညာစာတမ်းကို ၂၀၁၆ခု ဒီဇင်ဘာလမှာပြုစုပြီး ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာစာတမ်းကို ဆီးချိုသွေးချိုရောဂါကို ကပ်ရောဂါကြီးအသွင်ဖြစ်မလာအောင် ဟန့်တားရာမှာ ပူပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တဲ့စာတမ်းပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဆီးချိုသွေးချိုရောဂါ အထူးကျွမ်းကျင်တဲ့ ပညာရှင်ကြီးတွေ ဦးဆောင်ပြီးကျင်းပတဲ့ Global Diabetes Policy Forum ၌ “Early Action in Type 2 Diabetes” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပြီး Berlin Declaration ဘာလင်ကြေညာစာတမ်းကို ပြုစုထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ် တိုင်းပြည် ၃၈ နိုင်ငံမှ ဆုံးဖြတ်ချက်ပေးနိုင်မယ့် ဆီးချိုပညာရှင်တွေနဲ့ အာဏာရှိပုဂ္ဂိုလ်တွေ စုပေါင်းပြီးပြုစုခဲ့တာဖြစ်ပါတယ်။

Astra Zeneca ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့ Internaltional Diabetes Federation (IDF) အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုရောဂါ အသင်းအဖွဲ့ကြီး၊ Primary Care Diabetes Europe, World Heart Foundation, Germany Diabetes Asssociation စတဲ့ ဆီးချိုအဖွဲ့အစည်းတွေက ဦးဆောင်ခဲ့ပါတယ်။

ဒီ Berlin Declaration ရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ . . .

၁။ Policy makers အစိုးရတွေအနေနဲ့ ဆီးချိုသွေးချိုရောဂါနဲ့ ၎င်းရဲ့နောက်ဆက်တွဲရောဂါတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဘယ်လောက်ကြီးမားကြောင်း ပိုမိုသိရှိသတိပြုမိစေပြီး နိုင်ငံတော်ကျန်းမာရေး စီမံကိန်းများရေးစွဲရာမှာ ဆီးချိုသွေးချိူကုသကာကွယ်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်လာရန်

၂။ ထားရှိသင့်တဲ့ လုပ်ဆောင်ရမယ့် စီမံကိ်န်းစံနှုန်း (target) ပန်းတိုင်သတ်မှတ်ပေးရာမှာ ပံ့ပိုးကူညီပေးရန်

၃။ နိုင်ငံတော်စီမံကိန်းတွေရေးစွဲပြီးနောက် ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ Feasible Cctions လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို အကြံပြုပေးခြင်း၊ တွန်းအားပေးခြင်း စတာတွေကိုပြုလုပ်စေရန်ဆုံးဖြတ်တဲ့ ကြေညာစာတမ်းပဲဖြစ်ပါတယ်။

အမျိုးအစား(၂)ဆီးချိုသွေးချိုရောဂါကာကွယ်ဖို့ စောစောစတင်ဆောင်ရွက်ကြပါစို့ (Early Action in Type 2 Diabetes) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကဏ္ဍ၄ရပ်ကို “အစောဆုံး” စလုပ်ဖို့ အဓိကညွှန်ကြားထားတာ တွေ့ရှိရပါတယ်။

(၁) Prevent

အစိုးရတွေအနေနဲ့ ပြည်သူတွေ ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်မလာအောင် တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို “အစောဆုံး”စတင်ဆောင်ရွက်ရန်

(၂) Early detection

ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေများတဲ့သူတွေကို ရောဂါ “အစောဆုံး” သိအောင်ရှာဖွေဖော်ထုတ်ရန်

(၃) Early Control

ဆီးချိုသွေးချိုကိုသိရှိပြီးနောက် သွေးချိုကို “အစောဆုံး” ထိရောက်အောင်ထိန်းသိမ်းထားနိုင ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးရန်

(၄) Early Access

ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေမှာ ဆီးချိုသွေးချိုရောဂါရှိသူတိုင်းအတွက် တူညီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စောစောရရှိစေရန်။ ဥပမာ တစ်ဦးချင်းအတွက် လိုအပ်တဲ့ကျန်းမာရေးပညာပေးခြင်း၊ လူနေမှုဘဝပြောင်းလဲရေး အစီအစဉ်များနဲ့ လိုအပ်တဲ့ဆေးကုသမှုတွေကို ဆီးချိုလူနာအားလုံး အစောဆုံးခံယူရရှိစေရန် . . ဆောင်ရွက်ပေးဖို့ နှိုးဆော်တိုက်တွန်းပေးတာပဲဖြစ်ပါတယ်။

တိုင်းပြည်အသီးသီးရဲ့ကျန်းမာရေးစနစ်တွေက ဒီညွှန်ကြားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အကောင်အထည်ဖော်ဆောင်ရွက်မှသာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization)နဲ့ ကမ္ဘာ့ကုလသမဂ္ဂ (United Nation)က သတ်မှတ်ထားတဲ့ Global Diabetes target ကမ္ဘာ့ဆီးချိုသွေးချို လျှော့ချရေးစံနှုန်းကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

အကယ်၍ အစိုးရအာဏာရှိပုဂ္ဂိုလ်တွေက အက်ရှင်ယူဆောင်ရွက်ခြင်းမရှိခဲ့ပါက ကျန်းမာရေးဝန်ဆောင်စရိတ်တွေဟာ ၂၀၄၀ပြည့်နှစ်ရောက်ရင် အခုထက် ဒေါ်လာ ၁၂၉ ကုဋေပိုပြီး ကုန်ကျမှာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top