Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သည့် ဆီးချိုသွေးချိုရောဂါ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါ အကြောင်း သိပါရစေဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုဖြစ်ရင် အချက်နှစ်ချက်ရှိပါတယ်။ တစ်ချက်တော့ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာဖြစ်တဲ့ ဆီးချိုရောဂါ (Gestational Diabetes Mellitus )ရယ်၊ နောက်တစ်ချက်တော့ ဆီးချိုရောဂါရှိတဲ့သူက ကိုယ်ဝန်ဆောင်တာ (Pre Existing Diabetes Mellitus) ရယ်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ဆီးချိုရောဂါကလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျိုးရိုးရှိတဲ့သူတွေ၊ ဝတဲ့ သူတွေ၊ သွေးတိုးရှိတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိတာနဲ့ ဆီးချိုရှိသူ ကိုယ်ဝန်ဆောင်တာ ဘယ်လို ကွာခြားချက်ရှိပါသလဲ ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်မှာဖြစ်တဲ့ ဆီးချိုရောဂါနဲ့ ဆီးချိုရောဂါရှိတဲ့သူ ကိုယ်ဝန်ဆောင်တာ ကွာခြားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ဆီးချိုက ဆီးချိုပမာဏ နည်းပါတယ်။ တစ်ခါတစ်ရံမှာ ကုသရတာလွယ်ပါတယ်။ အစားအသောက် ဆင်ခြင်တာနဲ့တင် ကုသလို့ရပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါရှိတဲ့သူ ကိုယ်ဝန်ဆောင်တာကတော့ ကုသရတာ နည်းနည်းပိုခက်ပါတယ်။ ပြီးတော့ အင်ဆူလင်ဆေးထိုးရပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ဆီးချိုရောဂါ ဖြစ်ရတာပါလဲ ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့်ဆီးချိုဖြစ်ရတာလဲဆိုရင် ကိုယ်ဝန်ဆောင်တာကို ဆေးပညာမှာတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတစ်ခု (One of the Stress) လို့ ပြောကြပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အတွက် Anti-Insulin Hormone (အင်ဆူလင် တား ဟော်မုန်း)တွေထွက်လာပါတယ်။ အဲဒီ ဟော်မုန်းတွေ ထွက်လာတဲ့အတွက်ကြောင့်မို့ ဆီးချိုသွေးချိုရောဂါဖြစ်လာပါတယ်။ လူတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ခုနကပြောခဲ့တဲ့ ဖြစ်နိုင်ခြေရှိ သူတွေနဲ့မျိုးရိုးရှိသူတွေမှာ ဖြစ်နိုင်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ အရင်က ဆီးချိုဖြစ်ဖူးသူတွေက နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုထပ်ဖြစ်နိုင်ခြေ ရှိပါသလား ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ ဆီးချိုရောဂါကို တစ်ခါဖြစ်ဖူးသူက နောက်ထပ်ကိုယ်ဝန်ဆောင်ချိန်တွေမှာ ထပ်ဖြစ်နိုင်တဲ့ အလားအလာရှိပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုမဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရပါသလဲ ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုမဖြစ်အောင် ကာကွယ်ဖို့ကတော့ နည်းနည်း ခက်ပါတယ်။ သူက ကိုယ်ဝန်ဆောင်လိုက်တဲ့ အချိန်မှာဖြစ်လာတဲ့ စိတ်ဖိစီးမှုကြောင့် ဖြစ်လာတာဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ထားဖို့တော့ ခက်ပါတယ်။ တတ်နိုင်သလောက်မိမိမှာ မျိုးရိုးရှိနေပြီဆိုရင်၊ ကြိုတင်ပြီး ကိုယ်ဝန်မရှိခင် ကာလမှာ ဆီးချိုသွေးချို စစ်ဆေးမှုတွေ လုပ်ထားသင့်ပါတယ်။ နောက်ထပ် လိုအပ်တဲ့ နေထိုင်စားသောက်မှု ပုံစံအတိုင်းနေသင့်ပါတယ်။ လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့လည်း ပြသတိုင်ပင်သင့်ပါတယ်။ မိမိရဲ့ ကိုယ်ဝန်ကိုလည်း သက်ဆိုင်ရာ ဆရာဝန်ထံ အပ်ထားသင့်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ခဲ့ရင် မိခင်နဲ့ သန္ဓေသား ကျန်းမာဖို့ရာအတွက် ဘယ်လို ထိန်းချုပ်ကုသမှု ပေးရပါသလဲ ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်သမားတွေ ဆီးချိုရောဂါဖြစ်ရင် မိခင်နဲ့ ကလေးကျန်းမာနေစေဖို့အတွက် အစားအသောက်နဲ့ အရင်ဆုံး ကုပါတယ်။ အစားအသောက်နဲ့ မရတော့မှသာ အင်ဆူလင်ထိုးပေးပါတယ်။ ဘာလို့ အင်ဆူလင်ထိုးခိုင်းကြတာလဲဆိုရင် ဆီးချိုသွေးချိုကျစေတဲ့ သောက်ဆေးတွေအားလုံးက အချင်းကို ဖြတ်သွားပါတယ်။ အချင်းကိုဖြတ်တဲ့အတွက် ကလေးဆီကို အဲဒီသောက်ဆေးတွေက ရောက်ကုန်ပါတယ်။ ကလေးဆီကို ရောက်သွားတဲ့အတွက် ဆီးချိုရောဂါ မရှိတဲ့ ကလေးက သွေးတွင်း သကြားဓာတ်တွေ ကျသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သောက်ဆေးတွေသောက်တာကို အားမပေးပါဘူး။ အင်ဆူလင်ဆေးကတော့ အချင်းကို မဖြတ်တဲ့အတွက် စိတ်ချလက်ချ ထိုးနိုင်ပါတယ်။

တကယ်လို့ ကုသမှု မခံယူလို့ မိခင်မှာ ဆီးချို သွေးချိုအရမ်းတက်သွားရင် အဲဒီသွေးက အချင်းကိုဖြတ်ပြီး ကလေးဆီရောက်သွားနိုင်ပါတယ်။ ကလေးက ဆီးချိုရောဂါ ဖြစ်သွားနိုင်ပါတယ်။ ကလေးက ဆီးချိုရောဂါ ဖြစ်သွားရင် ကလေးက သားအိမ်ထဲမှာ ရေတွေ အများကြီးနဲ့မွေးတတ်ပါတယ်။ တစ်ခါတလေမှာ ကလေးက ကိုယ်အလေးချိန် ၉ ပေါင် ကျော်နဲ့ မွေးတတ်ပါတယ်။ ကလေးက ကြီးထွားမှု အရမ်းများပြီး မွေးတတ်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရှိမှန်း ဘယ်လို လက္ခဏာတွေအရ သိနိုင်ပါသလဲ ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ဆီးချိုရောဂါက များသောအားဖြင့် ရောဂါလက္ခဏာ မပြတာများပါတယ်။ ဆရာဝန်တွေကတော့ ကိုယ်ဝန်ဆောင်ပြီဆိုရင် ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိကို စစ်ဆေးပေးပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလ ၂၄ပတ်မှာ စစ်ပါတယ်။ ဆီးချိုသွေးချိုရောဂါ ရှိနေတယ်လို့ သံသယရှိတယ်ဆိုရင် OGTT (Oral Glucose Tolerance Test) လို့ခေါ်တဲ့ စမ်းသပ်နည်းနဲ့ အချိုရည်တိုက်ပြီးတော့မှ ရှိ၊မရှိ စမ်းရပါတယ်။ ဒီအတိုင်း ဖောက်ပြီးတော့ စစ်လို့မရပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းတွေမှာ ပြသသင့်ပါတယ်။ ဒါမှသာ သက်ဆိုင်ရာဆရာဝန်တွေက ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။

ည၁၀နာရီနောက်ပိုင်း အစာမစားဘဲ မနက်စောစော စစ်ဆေးမှု(Fasting)ကို အရင်စစ်ပါတယ်၊ ပြီးရင် Glucose ၇၅ ဂရမ်ကို တိုက်ပြီး တစ်နာရီအကြာမှာ တစ်ခါစစ်ပါတယ်၊ နောက် နှစ်နာရီအကြာမှာ တစ်ခါ စစ်ပါတယ်။ အကြမ်းအားဖြင့် Fasting က ၁၀ဝ အောက်မှာရှိရပါမယ်။ တစ်နာရီအကြာမှာ စစ်ရင် ၁၂၀ အောက် ဖြစ်ရပါမယ်။ နှစ်နာရီ ကြာမှာစစ်ရင် ၁၄၀ အောက် ဖြစ်ရပါမယ်။ သာမှန်လူတွေမှာ သတ်မှတ်ထားတဲ့ သွေးတွင်း သကြားဓာတ်ပမာဏနဲ့တော့ မတူပါဘူး။ အဲဒီနည်းနဲ့ပဲ သိနိုင်ပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုဖြစ်ပြီဆိုရင် ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ဘယ်လို နေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်ရင် ဂရုစိုက်ရမှာကတော့ ပုံမှန်ဆီးချိုသမားတစ်ယောက်လိုပဲ အစားအသောက်ကို ဆင်ခြင်ရပါမယ်။ အရမ်းချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတဲ့ အစားအသောက်တွေကို ရှောင်ရပါမယ်။ မတူတဲ့အချက်တော့ ဆီးချိုရောဂါရှိတဲ့ တခြားသာမန်လူတွေမှာတော့ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားခိုင်းပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာတော့ ဆီးချိုရောဂါရှိလည်း ကာဗိုဟိုက်ဒရိတ်ကို အရမ်း မလျှော့ခိုင်းပါဘူး။ ကလေးကြီးထွားမှုကို ထိခိုက်မှာစိုးလို့ပါ။ ကာဗိုဟိုက်ဒရိတ်ကို အများကြီးတော့ မစားခိုင်းပေမယ့် ပုံမှန်စားခိုင်းပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါရှိနေရင် ကျန်းမာနေအောင် အသီးအရွက်ကို များများစားပေးပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်လို့ရပါတယ်။ လမ်းလျှောက်သင့်ပါတယ်။ တခြားနိုင်ငံမှာဆိုရင် ကခုန်တဲ့လှုပ်ရှားမှုကိုတောင် လုပ်ကြပါတယ်။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်နေသူတွေအနေနဲ့ တခြားနာမကျန်းမှုဖြစ်လာရင် ဆေးဝါးတွေကို သောက်သုံးလို့ရပါသလား ဆရာ။

ဖြေ။ ။ ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုရောဂါဖြစ်တဲ့ သူတွေက တခြားဖျားနာတဲ့ ဝေဒနာတွေဖြစ်လာခဲ့ရင် ဆေးဝါးတွေသောက်သုံးလို့ ရပါတယ်။ ပြဿနာ မရှိပါဘူး။

မေး။ ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာ ရှိရင် သိပါရစေ ဆရာ။

ဖြေ။ ။ ဆရာ့အနေနဲ့ အကြံပေးချင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်ရင် မိခင်ရော၊ ကလေးရော အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေထံမှာ ကိုယ်ဝန်အပ်နှံသင့်ပါတယ်။ လိုအပ်မှသာ ဆရာဝန်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသွေးတွင်းသကြားဓာတ် စစ်ဆေးမှုကို လုပ်ပေးမှသာ ကိုယ်ဝန်ဆောင်ကာလမှာ ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ သိနိုင်ပါလိမ့်မယ်။ ဒီလိုသိမှလည်း မိခင်ရော ကလေးရော နောက်ဆက်တွဲ အန္တရာယ်မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်ရင် ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ပါလို့ပဲ မှာကြားချင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top