Healthy Life Ad
International

သားဥအိမ်တွင် ရေအိတ်ငယ်တည်သောရောဂါကြောင့် မုတ်ဆိတ်မွေးဗလပွပေါက်နေသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှ အသက် ၂၄ နှစ်အရွယ် အယ်လ်မာတောရက်စ်ဟာ အသက် ၁၆နှစ်အရွယ်ကတည်းက PCOS (Polycystic Ovary Syndrome) ရောဂါရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

PCOS ဆိုတာက သားဥအိမ်မှာ သားဥမကြွေနိုင်ဘဲ ရေအိတ်ငယ်တွေ ဖြစ်တည်လာတဲ့ ဟော်မုန်းဆိုင်ရာ ရောဂါစုဖြစ်ပြီး အမျိုးသမီးတွေမှာ ဓမ္မတာလာချိန်မမှန်တာ၊ ဖိုဟော်မုန်းပမာဏမြင့်မားတာတွေ ဖြစ်ပွားစေကာ အမျိုးသားတွေလို အမွေးအမျှင်ထူထဲစွာ ပေါက်ရောက်စေတတ်ပါတယ်။ ဝေဒနာရှင်ရဲ့ သားဥအိမ်ကြီးထွားလာတတ်ကာ သန္ဓေမတည်နိုင်တာမျိုးအထိ ဖြစ်တတ်ပါတယ်။ အသက်ကြီးချိန်မှာ အမျိုးအစား(၂) ဆီးချိုဖြစ်ပွားတာ၊ ကိုလက်စထရောမြင့်မားတာတွေနဲ့ ဆက်စပ်ကြောင်းလည်း သိရပါတယ်။ ဘဝတစ်လျှောက်လုံး ပတ်ဝန်းကျင်လူတွေရဲ့ ကဲ့ရဲ့ရှုတ်ချအတင်းပြောတာတွေကြောင့် အမွေးအမျှင်တွေ ပုံမှန်ရိတ်ကာ အယ်လ်မာက သူ့အဖြစ်ကို ဖုံးကွယ်လေ့ရှိပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့နှစ် သြဂုတ်လကစတင်ပြီး ဖုံးကွယ်တာကိုရပ်တန့်ကာ မုတ်ဆိတ်မွေးတွေမရိတ်ဘဲ နေထိုင်တော့မယ်လို့ အယ်လ်မာက ဆုံးဖြတ်ခဲ့ပါတယ်။ သိမ်ငယ်ရှက်ရွံ့စိတ်တွေနဲ့ ဘဝကိုမဖြတ်သန်းတော့ဘဲ မုတ်ဆိတ်မွေးတွေနဲ့ အမျိုးသမီးတွေဟာလည်း ယုံကြည်ချက်ရှိရှိဘဝကို ဖြတ်သန်းနိုင်ကြောင်း သက်သေပြလိုတယ်လို့ အယ်လ်မာကပြောပါတယ်။ အလားတူ PCOS ဝေဒနာသည် အမျိုးသမီးတွေအတွက် စံပြအမျိုးသမီးဖြစ်လိုကြောင်းလည်း ပြောပြခဲ့ပါတယ်။ သူ့ချစ်သူအမျိုးသားကလည်း ဒီလိုရဲရင့်တဲ့ ဆုံးဖြတ်ချက်မျိုးကို သဘောကျနေပြီး အယ်လ်မာဘယ်လိုပုံစံဖြစ်နေနေ အချစ်ပျက်ပြယ်မှာ မဟုတ်ဘူးဆိုပြီး နှစ်သိမ့်အားပေးခဲ့ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top