Healthy Life Ad
Life Style

ခြေသလုံးသွေးပြန်ကြောထုံးခြင်း (Varicose Vein)

ပါမောက္ခ ဦးအေးမွန် (အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ခြေသလုံးသွေးပြန်ကြောထုံးတာက အဖြစ်များပါတယ်။ ဖြစ်တဲ့သူများပေမယ့် ဖြစ်တိုင်း ကုစရာ မလိုပါဘူး။ အဆင့်(၁)နဲ့ (၂)ဆိုရင် များများလမ်း လျှောက်ပေးတာတို့၊ ခြေသလုံးလေ့ကျင့်ခန်းလုပ် ပေးတာတို့နဲ့ သက်သာသွားတတ်ပါတယ်။ ခြေထောက်မြှင့်လေ့ကျင့်ခန်းကို တစ်နေ့မှာ သုံးခါလောက်၊ တစ်ခါဆိုရင် အချိန် ၁၅မိနစ်ခန့် လုပ်သင့်ပါတယ်။ ခြေထောက်မြှင့်ပြီး ခြေချင်းဝတ်ကို အကွေးအဆန့် လုပ်ပေးသင့်ပါတယ်။

မေး။ ။ ခြေသလုံးသွေးပြန်ကြော ထုံးတာက ဘာကြောင့် ဖြစ်တတ်သလဲ။
ဖြေ။ ။ ပုံမှန်အားဖြင့် ခြေသလုံးသွေးပြန်ကြောတွေက အပေါ်နှလုံးအထိ ရောက်အောင် သွေးပြန်ရပါတယ်။ လမ်းလျှောက်တဲ့အခါ ခြေသလုံးကြွက်သားတွေက ညှစ်ပြီး သွေးလှည့်ပတ်မှုက ကောင်းပါတယ်။ အဲဒီလို လမ်းမလျှောက်ဘဲ အကြာကြီး မတ်တပ်ရပ်နေတဲ့ သူတွေ၊ အထိုင်များတဲ့သူတွေဆိုရင် ခြေသလုံးသွေး ပြန်ကြောက သွေးတွေက အပေါ်တက်တာ နည်းသွားပါတယ်။

သွေးပြန်ကြောမှာ အပေါ်ယံသွေးပြန်ကြော (Superficial Vein)နဲ့ အတွင်းနက်တဲ့ သွေးပြန်ကြော (Deep Vein)ဆိုပြီး နှစ်မျိုး ရှိပါတယ်။ လမ်းလျှောက်တဲ့အခါ အပေါ်ယံသွေးပြန်ကြောက သွေးတွေက နက်တဲ့ သွေးပြန်ကြောအထိ သွေးတွေ ပြန်ဝင်တယ်။ အဲဒီလို သွေးပြန်တဲ့အခါ နက်တဲ့သွေး ကြောတစ်ခုခုကပိတ်ဆို့နေရင် သွေးအိုင်လာပါတယ်။ ဒါက သွေးကြောထုံးစေတဲ့ နံပါတ်တစ်အချက်ပါ။
နံပါတ်နှစ်အချက်ကတော့ သွေးတွေက အဆို့ ရှင်တွေ (Valve)မလုံဘဲ ပျက်စီးရင်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ခဏခဏ ဆောင်ရရင် ဖြစ်တတ်သလို ဝမ်းချုပ်တဲ့သူ၊ အကြာကြီးထိုင်တဲ့သူ၊ အကြာ ကြီးမတ်တပ်ရပ်ရတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရပ်ပုတဲ့ သူနဲ့ အရပ်ရှည်တဲ့သူဆိုရင် အ ရပ်ရှည်တဲ့သူက ပိုအဖြစ်များပါတယ်။အဓိက ဖြစ်တတ်တာက သွေးလှည့်ပတ်စီးဆင်းမှု မကောင်းတဲ့အတွက် ခြေထောက်သွေးပြန်ကြောထုံးရတာ ဖြစ်ပါတယ်။

မး။ ။ ခြေသလုံးသွေးပြန်ကြောထုံးတာက ရောဂါအဆင့်သတ်မှတ်ချက်ရှိပါသလား ဆရာ။
ဖြေ။ ။ ခြေသလုံးသွေးပြန်ကြောထုံးတာက အဆင့်သတ် မှတ်ချက်တွေရှိပါတယ်။

အဆင့်(၁) ခြေသလုံးသွေးပြန်ကြောက ပုံမှန်ထက် ကြီးနေပါတယ်။ သွေးကြောမျှင်လေးတွေက ဖောင်း နေတာလောက်ပဲ။ သိပ်မသိသာသေးဘူး။

အဆင့်(၂) ဒီအဆင့်မှာဆိုရင် ခြေသလုံးသွေးပြန်ကြောက ဖောင်းပြီး ရှည်နေပါတယ်၊ တွန့်လာပါတယ်။ အဝေးက ကြည့်ရင်ကို မြင်ရလောက်အောင် သိသိသာသာ ထင်ရှားလာပါတယ်။

အဆင့်(၃) ဒီအဆင့်မှာဆိုရင် ခြေသလုံးသွေးပြန်ကြောတွေ ထုံးရုံအပြင် ဖောရောင်လာပါတယ်။

အဆင့် (၄) ဒီအဆင့်မှာ သွေးပြန်ကြောထုံးနေတဲ့အပြင် ခြေသလုံးအရောင်တွေ ပြောင်းသွားတတ်ပါတယ်။

အဆင့် (၅) ဒီအဆင့်မှာဆိုရင် သွေးကြောတွေက သိသိသာသာကြီးမားပြီး ထုံးနေရုံသာမက RBC၊ WBC တို့ စိမ့်ထွက်နေတတ်ပါတယ်။ အတွင်းခြေ မျက်စိနားမှာ အရေပြားအနာတွေ ဖြစ်လာတတ်ပါတယ်။

ခြေသလုံးသွေးပြန်ကြောထုံးတာက အဖြစ်များပေမယ့် ဆေးရုံ၊ ဆေးခန်းကို လာပြတာတော့ နည်းပါတယ်။ လာပြရင်တောင် အဆင့် (၃)၊ (၄)နဲ့ (၅) လောက်ကျမှ လာပြတာများပါတယ်။

မေး။ ။ ခြေသလုံး သွေးပြန်ကြောထုံးတဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရတတ်ပါသလဲ ဆရာ။
ဖြေ။ ။ အဆင့်(၁)၊ (၂)လောက်ဆိုရင် ခြေသလုံးတွေ ညောင်းတာ၊ ကြွက်သားတောင့်တင်းတာတွေ ဖြစ် တတ်ပါတယ်။ ဥပမာ လူတစ်ယောက်က အကြာကြီး မတ်တပ်ရပ်လိုက်ရင် ခြေသလုံးတောင့်တင်းသလိုမျိုးပဲ. . ပြန်နှိပ်လိုက်ရင် သက်သာသွားတတ်ပါတယ်။ အဆင့်(၃)နဲ့(၄)ကျမှ သွေးကြောတွေ ဖောင်းတတ်ပါတယ်။ အရေပြားအရောင်ပြောင်းပြီး အရေပြားတွေ ထူထဲတတ်ပါတယ်။ အနာတွေ ပေါက်လာတတ်ပါတယ်။

မေး။ ။ ခြေသလုံးသွေးပြန်ကြောထုံးတာကို ဘယ်လို ကုသမှု ပေးရပါသလဲ ဆရာ။
ဖြေ။ ။ ခြေသလုံးသွေးပြန်ကြောထုံးတာက အဖြစ်များပါတယ်။ ဖြစ်တဲ့သူများပေမယ့် ဖြစ်တိုင်း ကုစရာ မလို ပါဘူး။ အဆင့်(၁)နဲ့ (၂)ဆိုရင် များများ လမ်းလျှောက်ပေးတာတို့၊ ခြေသလုံးလေ့ကျင့်ခန်းလုပ်ပေးတာတို့နဲ့ သက်သာသွားတတ်ပါတယ်။ ခြေထောက်မြှင့် လေ့ကျင့်ခန်းကို တစ်နေ့မှာ သုံးခါလောက်၊ တစ်ခါဆိုရင် အချိန် ၁၅ မိနစ်ခန့် လုပ်သင့်ပါတယ်။ ခြေထောက်မြှင့်ပြီး ခြေချင်းဝတ်ကို အကွေးအဆန့်လုပ် ပေးသင့်ပါတယ်။

အဆင့်(၃)ကျတော့ အထက်ပါ လေ့ကျင့်ခန်းတွေအပြင် ခြေထောက်ပတ်တီးစည်းပေးရင် သက် သာတတ်ပါတယ်။ အဆင့်(၃)၊ (၄)နဲ့ (၅)လောက် ကျမှ လူနာတွေက ဆေးရုံ၊ ဆေးခန်းရောက်တာများပါတယ်။ အဓိက လုပ်ပေးရတာကတော့ ခြေသလုံး သွေးပြန်ကြောမှာ သွေးစီးဆင်းမှုကောင်းအောင် လုပ်ပေးရတာ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အကြောင်းရင်းကို အရင်ရှာရပါတယ်။ နက်တဲ့ သွေးပြန်ကြောပိတ်လို့လား၊ ဒါဆိုရင်တော့ အရေး ကြီးပါတယ်။ ဒါဆိုရင် ဆေးတွေပေးရတယ်၊ လိုအပ် ရင် ခွဲထုတ်ပေးရတယ်။

ဒီလိုမဟုတ်ဘဲ အပေါ်ယံသွေးပြန်ကြောနဲ့ နက်တဲ့ သွေးပြန်ကြောဆက်တဲ့နေရာတွေက အဆို့ရှင်တွေ မလုံဘူးဆိုရင်လည်း အပေါ်ယံသွေးပြန်ကြောတွေကို ဖြတ်ထုတ်ရပါတယ်။ အပေါ်ယံသွေးကြော ဖောင်းတာက အတွင်းက သွေးကြောတွေပိတ်လို့ လားဆိုတာ ဆန်းစစ်ရပါတယ်။ အထဲက ပိတ်တာမဟုတ်ဘဲ အပေါ်ယံသွေးကြောက ရောင်တယ်ဆိုရင် အဲဒါကို ပြုပြင်ပေးရပါတယ်။ ဒါကို ပြုပြင်ပေးလိုက် ရင် ပုံမှန်အတိုင်း ပြန်ကောင်းသွားပါတယ်။ ဒီအဆင့် တွေမှာနဲ့ ရောဂါရှာဖွေပြီး ကုသမှုကို လေဆာနဲ့ ကုတဲ့နည်း၊ ခွဲစိတ်တဲ့နည်း၊ ဆေးထိုးတဲ့နည်း စသဖြင့် သင့်တော်တဲ့နည်းနဲ့ ကုသမှု ပေးရပါတယ်။

မေး။ ။ ခြေသလုံးသွေးပြန်ကြောထုံးတာ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ ဆရာ။
ဖြေ။ ။ လေယာဉ်ပျံ အကြာကြီးစီးတယ်၊ ကားအကြာကြီး စီးတယ်ဆိုရင် ခြေကျင်းဝတ်ကို လှုပ်ပေးရပါတယ်။ မတ်တပ်အကြာကြီးရပ်တာ၊ အကြာကြီးထိုင်တာတို့ ကို ရှောင်ရပါမယ်။ အလုပ်အကိုင်အရ အကြာကြီး မတ်တပ်ရပ်ရတဲ့ သူတွေ အဖြစ်များပါတယ်။

မေး။ ။ ဒါက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆက်စပ်မှုရှိပါသလား ဆရာ။
ဖြေ။ ။ မဆိုင်ပါဘူး။ နှလုံးသွေးကြောကျဉ်းရောဂါက သွေးလွှတ်ကြောထိခိုက်မှု ဖြစ်တာပါ။ ခြေသလုံးသွေး ကြောထုံးတာက သွေးပြန်ကြောထိခိုက်လို့ ဖြစ်တာပါ။

မေး။ ။ ခြေသလုံးသွေးပြန်ကြောထုံးတာနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ ခြေသလုံးမှာ သွေးလှည့်ပတ်မှုကောင်းအောင် လှုပ်ရှားမှုလေးတွေ လုပ်ပေးနိုင်ရင်ကောင်းပါတယ်။ ငြိမ်နေရင်၊ တစ်ချိန်လုံးထိုင်နေ၊ ရပ်နေရင် ခြေသလုံး သွေးပြန်ကြောထုံးတာ ဖြစ်တတ်တဲ့အတွက် ဆင်ခြင် သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top