Healthy Life Ad
Q & A

စိတ်ရောဂါကုဆေးသောက်ရင် ကိုယ်ဝန်ထိခိုက်နိုင်သလား

မေး. ဆရာ သမီးမှာ ကိုယ်ဝန်တစ်လရှိပါတယ်။ စိတ်ရောဂါကုဆေး (Olanzapine) သောက်နေရပါတယ်။ ကိုယ်ဝန်ကို ထိခိုက်နိုင်သလားဆရာ ဖြေပေးပါနော်။ အရမ်းအရေးကြီးလို့ပါ။
တင်လတ်ဝင်း (FB)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေး ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. Olanzapine စိတ္တဇရောဂါကုသဆေးကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သောက်သုံးသင့်၊ မသင့်ဆိုတဲ့ မတင်လတ်ဝင်းရဲ့ မေးခွန်းကိုဆွေးနွေးကြည့်ရအောင်။

– Olanzapine ဆေးကို စိတ်ကစဉ့်ကလျား စိတ္တဇရောဂါ Olanzapine နဲ့ စိတ်ကြွစိတ်ကျရောဂါ (Bipolar Disorder) မှာအသုံးပြုပါတယ်။ မတင်လတ်ဝင်းမှာ ဒီလိုရောဂါမရှိဘဲနဲ့ Olanzapine ဆေးကို သုံးစွဲနေရင် သက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ Olanzapine သုံးစွဲရင် ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ

(က) ကိုယ်ဝန်ရှိတဲ့အချိန်ကာလအတွင်း Olanzapine ဆေးကို သုံးစွဲတဲ့အတွက် ကလေးပျက်ကျတာ၊ လမစေ့မီ ကလေးမွေးဖွားတာ၊ မွေးကင်းစကလေး ကိုယ်အလေးချိန်နည်းလွန်းတာ၊ သားအိမ်ထဲမှာ သန္ဓေသားသေဆုံးတာ စတဲ့ဆိုးကျိုးတွေ “ပိုမို” ဖြစ်ပွားတဲ့ အထောက်အထား “မရှိ”သေးပါဘူး။

(ခ) ကိုယ်ဝန်ဆောင်မိခင် Olanzapine ဆေးသုံးစွဲရင် မွေးဖွားလာတဲ့ကလေးမှာ “မွေးရာပါ အင်္ဂါချို့ယွင်းခြင်း” ရှိတဲ့ အထောက်အထားကို “မတွေ့ရှိ” ရသေးပါဘူး။ ဒါပေမဲ့ လုံလုံလောက်လောက် သုတေသနပြုထားတာ မရှိသေးတဲ့အတွက် တထစ်ချ သတ်သတ်မှတ်မှတ် ပြောလို့တော့မရသေးဘူး။

(ဂ) သားမဖွားမီ သုံးလအတွင်း ကိုယ်ဝန်ဆောင်မိခင်က Olanzapine ဆေးသုံးစွဲရင် မွေးကင်းစကလေး (တချို့)မှာ ကြွက်သားတောင့်တင်းတာ၊ ကြွက်သားပျော့ပျောင်းလွန်းတာ၊ ခြေလက်တုန်ခါတာ၊ အိပ်စက်လွန်းတာ၊ အသက်ရှူကျပ်တာ၊ နို့မစို့နိုင်တာ စတဲ့လက္ခဏာတွေ ဖြစ်ပွားနိုင်ပါတယ်။

အဲဒီလို တွေ့ရှိချက်အထောက်အထားတွေကြောင့် Olanzapine ဆေးကို ဒီကိစ္စနဲ့ပတ်သက်ပြီး အုပ်စု “စီ” ထဲမှာထည့်သွင်းထားပါတယ်။ ဆိုလိုတာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် Olanzapine ဆေးက လိုအပ်နေတဲ့ဆေးဖြစ်ရင် ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးနိုင်ပါတယ်။ ဆေးမသောက်လို့ စိတ်ဝေဒနာပိုမို ဆိုးရွားပြင်းထန်လာနိုင်တဲ့ အထောက်အထားတွေရှိရင် ကောင်းကျိုးနဲ့ဆိုးကျိုးကိုချင့်ချိန်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဆေးသောက်သုံးဖို့ဆုံးဖြတ်ရင် ဆေးအချိန်အတွယ်ကို တတ်နိုင်သမျှလျှော့ချသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုစအချိန်နဲ့ သားမဖွားမီသုံးလအလိုမှာ Olanzapine ဆေးကို ဖြစ်နိုင်ရင် (ရောဂါအခြေအနေကောင်းနေရင်) ခေတ္တရပ်နားထားတာ ဒါမှမဟုတ် ဆေးအချိန်အတွယ်လျှော့ချတာ ပြုလုပ်သင့်ပါတယ်။ ဒါပေမဲ့ အထူးသတိထားရမယ့် အချက်ရှိပါတယ်။ မတင်လတ်ဝင်းနဲ့ အဆင်ပြေနေတဲ့ဆေးကို မသောက်သုံးဘဲရပ်လိုက်လို့ စိတ္တဇရောဂါ ပိုမိုဆိုးရွားလာရင် သန္ဓေသားနဲ့ မိခင်အတွက် ပိုမိုအန္တရာယ်ရှိနိုင်ပါတယ်။

ဆရာဆွေးနွေးဖော်ပြခဲ့တဲ့ အချက်အလက်တွေကိုသတိမူပြီး သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ဆုံးဖြတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top