Healthy Life Ad
Q & A

နို့သီးခေါင်းပတ်လည် အနာဖြစ်နေပါတယ် . . .

မေး။ ။ သမီးလေး အံဖုံးလေးနဲ့ကိုက်လို့ သွားရာနဲ့နို့သီး ခေါင်းပတ်လည်မှာ ဟစိလေးကိုဖြစ်လို့။ ဖြစ်တာ နှစ်လကျော်ပါပြီ . . ပထမဖြစ်ဖြစ်ချင်း အိုဂျီပြတော့ ဆေးတစ်မျိုး လိမ်းခိုင်းတယ်။ နို့အနာကမပျောက်ဘူး။ နှုတ်ခမ်းကွဲသလိုမျိုးဘေးပတ်လည်မှာ အနာစို့ရည်လေးတွေနဲ့မို့ ကျွန်မဘော်လီတောင် မဝတ်ရဲတော့ဘူးလေ။ ဆေးလိမ်းပြီး နို့က တိုက်နေရတုန်းဆိုတော့ အနာက မပျောက်ဘဲဖြစ်နေတာနဲ့ နို့တောင်မတိုက်ရဲပြန်ဘူး။ အဲ့ဒီနောက်ကလေးဆရာဝန် (သမီးလေးပြနေကျ)ဆရာဝန်ကိုပြောတော့ ဆေးတစ်မျိုးလိမ်းခိုင်းပါတယ်. . . အဲဒါလိမ်းလည်း မပျောက်ဘူး။ နို့တင်းတဲ့ဘက် တိုက်လိုက်၊ နာတဲ့ ဘက်မတိုက်လိုက်နဲ့ နေရင်း ဘယ်ဘက်နို့က အကျိတ်လေးစမ်းမိ သတိထားမိလာတယ်။ တခြားဆရာဝန်ကိုပြတော့ နို့တိုက်မိခင်မို့ ရင်သားဓာတ်မှန် (Mammogram) ရိုက်မပေးသေးဘူးတဲ့။ ကလေးနို့ပြတ်မှ ရိုက်မယ်တဲ့။ သူပေးတဲ့ဆေးတွေက Amocilin ပါတဲ့ ဆေးတိုက်တယ်။ အဲ့ဒီဆေးတွေက တကယ်သက်သာတယ်။ လက်တွေ့ အနာခြောက်သွားပေမယ့် ကလေးက တစ်နေ့ကို ဝမ်းသုံးခါလောက်သွားတယ်။ ကျွန်မလည်း ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။ အခုလည်း နို့ကိုမထွက်တော့ဘူး၊ အနာတွေက နို့သီးခေါင်းထိပ်မှာ (နှုတ်ခမ်းကွဲရင် အသားဖတ်တွေခြောက်ကပ်ပြီး ကွာသလို ကွာကျနေတာ)ရေနွေးဂွမ်းဘတ်နဲ့ ဆေးနေရတယ်။ ဘော်လီမဝတ်ရဲဘူး။ ဘာဆက်လုပ်ရမလဲ လမ်းညွှန်ပါဦး။ ဆေးလည်းစုံသလောက်ပဲ။ နို့တိုက်ရမှာ ကြောက်နေတော့ နို့ကမထွက်တာလည်း စိတ်ညစ်ရတယ်။ ကလေးက အခု အသက်ရှစ်လကျော်ပဲ ရှိသေးတော့ မိခင်နို့ဆက်တိုက်ချင်ပါသေးတယ်။ အခုဆို ဖြစ်တာနှစ်လကျော်နေပြီ။ ဘာလုပ်သင့်ပါသလဲရှင့်။

မီးငယ် (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အမှန်တကယ်တော့ အနာဖြစ်နေပြီဆိုတဲ့အတွက် နို့သီးခေါင်းကို ၂-၃ ရက်လောက် အနာကျက်အောင် အနားပေးထားဖို့လိုပါလိမ့်မယ်။ အနာကျက်အောင်ထားပြီးမှ ပြန်တိုက်ရလိမ့်မယ်။ အနာကျက်အောင် စောင့်နေတဲ့အချိန်မှာ မိခင်နို့ကို သန့်ရှင်းတဲ့ ရေနွေးကြမ်းပန်းကန်လုံးထဲ ညှစ်ထုတ်ပြီး ကလေးကို တိုက်သင့်ပါတယ်။ ကလေးကို အမေနို့တိုက်ရိုက်မတိုက်ဘဲ ရေနွေးကြမ်းပန်းကန်လုံးကို သန့်ရှင်းအောင် ဆေးရမယ်၊ ပြီးရင် နို့ညှစ်ထည့်ရမယ်။ အဲဒီနို့ကို ကလေးကိုတိုက်ရမယ်။ နို့မတင်းတော့ဘူးဆိုတာနဲ့ ဆေးထည့်ပြီး အနားပေးထားရမယ်။ နောက်တစ်ခေါက် နို့ညှစ်ဖို့ အချိန်ရောက်လာပြီ ဆိုရင် သေချာသန့်ရှင်းရေးလုပ်ရမယ်၊ ပြီးရင် နို့ညှစ်ရမယ်၊ အဲဒီလိုပဲ ကလေးကို တိုက်ရမယ်။ မိခင်နို့ကို ဆေးထည့်ရမယ် . . သုံးရက်လောက် ကလေးကို မစို့ခိုင်းဘဲထားသင့်ပါတယ်။ အနာကျက်မှ ကလေးကို နို့ပြန်တိုက်သင့်ပါတယ်။ ဒါမှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်ဆရာဝန်ကြီးနဲ့ ပိုဆိုင်တဲ့အတွက် ပြန်လည်ဆွေးနွေးဖို့ပဲ အကြံပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top