Healthy Life Ad
Child

သင့်ကလေးငယ်ကို ကျောင်းစထားတဲ့အခါ.

၊ ကိုထက် ၊

ကလေးငယ်တွေကို မူကြိုစထားတဲ့ရက်တွေနဲ့ ကျောင်းစပို့တဲ့ရက်တွေမှာ ကလေးငယ် အများစုဟာ သူစိမ်းတွေနဲ့မနေလိုတာကြောင့် စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်အနေနဲ့ စိတ်ဖိစီးမှုကင်းကင်းနဲ့ ပညာသင်နိုင်ဖို့ လူကြီးမိဘတွေ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

ကလေးကို နံနက်စာပြည့်ဝစွာ ကျွေးပါ
ကလေးကိုအစားအသောက်တွေ အများကြီးကျွေးရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကလေးကို နံနက်စာအဖြစ် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေပါတဲ့ အစားအသောက်တချို့ကိုတော့ မဖြစ်မနေကျွေးဖို့ လိုပါတယ်။ လေ့လာမှုများစွာအရ ကလေးတွေ (လူကြီးတွေလည်းပါ)ဟာ နံနက်စာစားပေးမှသာ ဦးနှောက်ရဲ့ လေ့လာမှတ်သားနိုင်စွမ်း ပိုမိုကောင်းမွန်မှုရှိတယ်လို့ သိရပါတယ်။

ကျောင်းသွား၊ ကျောင်းပြန်ချိန်များတွင် အုပ်ထိန်းသူပါဝင်ပါစေ
ကလေးကျောင်းစတက်တဲ့ နေ့ရက်တွေမှာ လူကြီးမိဘတစ်ဦးဦးက ကျောင်းကဆရာမထံလိုက်ပို့ ပေးသင့်ပါတယ်။ ကလေးကို သူ့ဘာသာ ဘတ်စ်ကားစီးသွားစေတာမျိုး မလုပ်ပါနဲ့။ ကျောင်းကားအကြိုအပို့ရှိရင် ကျောင်းကားပေါ်အထိ ပို့ပေးတာမျိုး၊ ကျောင်းကားနဲ့ ပြန်လာချိန် စောင့်ကြိုတာမျိုး လုပ်ဆောင်ပေးပါ။

ခပ်သွက်သွက် နှုတ်ဆက်ပေးပါ
ကျောင်းသွားချိန်မှာ ကလေးကို အကြာကြီး လက်ပြနှုတ်ဆက်နေတာမျိုးက ကလေးကို ငိုချင်စိတ်ဖြစ်ပေါ်စေပါတယ်။ ကလေးကိုကျောင်းရဲ့ ပျော်ရွှင်စရာကာလတွေအကြောင်း၊ သူငယ်ချင်းတွေအကြောင်း ပြောပြပေးပါ။

ကလေးကို အတင်းမမေးပါနှင့်
ကလေးဟာ ကျောင်းမှာဘယ်လို နေခဲ့ရတယ်၊ ဘာတွေသင်ခဲ့ရတယ်ဆိုတာကို ချက်ချင်းမပြောနိုင်ရင် စိတ်မတိုပါနဲ့။ ကလေးကို တစ်နေ့တာအကြောင်း မေးခွန်းတွေအများကြီး မမေးပါနဲ့။ ကလေးအများစုဟာ တစ်နေ့တာအကြောင်း ပြန်စဉ်းစားဖို့ အချိန်ယူရတတ်ပါတယ်။ သူတို့ ပြောလာမှသာ နည်းနည်းချင်း မေးကြည့်ပါ။

အရာရာကို အကောင်းမြင်တတ်အောင်သင်ပေးပါ
ကလေးဟာ ကျောင်းမှာမကောင်းတဲ့ အရာတစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ရင်တောင် အကောင်းဘက်ကမြင်ပြီး ပြောပေးပါ။ ဥပမာ- ကလေးက ကျောင်းမှာ ဆော့ကစားရင်း ဒူးဒဏ်ရာရသွားတယ်ဆိုရင် “ခေါင်းကို မထိတာ ကံကောင်းတယ်”ဆိုတဲ့ အပြောမျိုးပြောပေးပါ။ ကလေးအနေနဲ့ သူ့ကိုယ်သူ ကံကောင်းတယ်လို့ ယူဆပြီး ယုံကြည်မှု ရှိနေပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top