Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါကြောင့် နောက်ဆက်တွဲ ကင်ဆာရောဂါ မဖြစ်ပွားစေရန်

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဆီးချိုရောဂါကြောင့် ကင်ဆာကို ဖြစ်စေနိုင်ပါသလား ဆရာ။
ဖြေ။ ။ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါထိန်းချုပ်မှုမကောင်းတာကြောင့် အဝလွန်ရောဂါ ဖြစ်ရင်လည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဆီးချိုရောဂါထိန်း ချုပ်မှု မကောင်းတာကြောင့် သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ကို ဖြစ်စေနိုင်ပြီး အဝလွန်တာနဲ့ တွဲရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ အမျိုးသားတွေမှာ ဆီးချိုရောဂါ ထိန်းချုပ်မှု မ ကောင်းတာကြောင့် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပြီး အဝလွန်ရင် ကင်ဆာ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေများတဲ့ အဓိက အန္တရာယ်တွေက ဘာတွေပါလဲ ဆရာ။
ဖြေ။ ။ အသက်အရွယ်ကြီးတာ၊ လိင်အမျိုးအစား၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု၊ အစားအသောက်၊ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာစတဲ့ အချက်တွေက ဆီးချိုရောဂါကော ကင်ဆာရောဂါကို ပါဖြစ်စေနိုင်တဲ့ အချက်တွေ ဖြစ်ကြပါတယ်။ ကလေးဘဝနဲ့ စာရင် အသက်ကြီးလာတဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ကိုယ်အလေးချိန် များတာနဲ့ အဝလွန်တာတွေကလည်း ဆီးချိုရောဂါနဲ့ ဆက်နွှယ်နေသလို ကင်ဆာရောဂါ အမျိုးအစား အမျိုးမျိုး ဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ကင်ဆာ၊ လေပြွန်ကင်ဆာတို့ကြောင့် သေဆုံးနိုင်ခြေ များသလို ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့ကိုလည်း ဖြစ်နိုင်ခြေများစေပါတယ်။ အရက်သောက်သုံးတာကြောင့် အသည်း၊ အူမကြီး၊ အစာဟောင်းအိမ်၊ အစာရေမျိုပြွန် အစရှိတဲ့ ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဆီးချိုရောဂါသည်တွေမှာ သွေးတွင်း အင်ဆူလင်ဟော်မုန်းများလွန်းတာ၊ သွေးတွင်း သကြားဓာတ် များလွန်းတာနဲ့ ရောင်ရမ်းမှုများတာတို့ကြောင့် ကင်ဆာအန္တရာယ်ကို မြင့်တက်စေတာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါမဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပင်ထွက် အစာတွေကို များများစားပြီး နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ၊ ပြီးတော့ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီအောင် ထိန်းသိမ်းထားရှိပါ…

မေး။ ။ ဆီးချိုရောဂါကို ကုသတာကြောင့် ကင်ဆာကို ကာကွယ်နိုင်ပါသလား ဆရာ။
ဖြေ။ ။ ကာကွယ်နိုင်ပါတယ်။ ဆီးချိုရောဂါ ကုသဆေးတစ်မျိုးဖြစ်တဲ့ မက်ဖော်မင်ဟာ ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်ဆိုတဲ့ သုတေသနမှတ်တမ်းတွေ လည်း ရှိပါတယ်။

မေး။ ။ ဆီးချိုရောဂါကြောင့် ကင်ဆာမဖြစ်အောင် ဘယ်လို နည်းလမ်းတွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ကင်ဆာမဖြစ်အောင် အဓိကကတော့ ဘဝနေထိုင်စားသောက် မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် လိုက်နာရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက် မှုပုံစံကိုသာ လိုက်နာရင် ဆီးချိုရောဂါကိုတင်မက အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတွင်း အဆီများတာ၊ ကင်ဆာရောဂါတွေကိုပါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန် လုပ်ဆောင်ပေး တာကြောင့် အူမကြီးကင်ဆာ၊ သွေးဆုံးပြီးချိန် ဖြစ်တတ်တဲ့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ စတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မေး။ ။ ဆီးချိုရောဂါထိန်းချုပ်မှုမကောင်းတာကြောင့် ကင်ဆာရောဂါအပြင် တခြားဖြစ်တတ်ပေမယ့် လူ သိနည်းတဲ့ ရောဂါဝေဒနာတွေရှိရင်လည်း သိပါရစေဆရာ။
ဖြေ။ ။ ဆီးချိုရောဂါကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေက အများကြီးပါပဲ။ အဲဒီအထဲမှာ လူသိနည်းတာတွေက နားမကြားတာ၊ အယ်လ်ဇိုင်းမားရောဂါ၊ ညဘက် အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်လိုက်၊ ပြန်ရှူ လိုက်ဖြစ်တာ (OSA) တို့ကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ ကင်ဆာအကြောင်း အများ ပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ အရင်ဆုံး ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ရပါမယ်။ ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ကင်ဆာမဖြစ်အောင် ကာကွယ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါသည်တွေမှာ သွေးတွင်း အင်ဆူလင်ဟော်မုန်း များလွန်းတာ၊ သွေးတွင်း သကြားဓာတ် များလွန်းတာနဲ့ ရောင်ရမ်းမှု များတာတို့ကြောင့် ကင်ဆာ အန္တရာယ်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ မဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပင်ထွက် အစာတွေကို များများစားပြီး နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ၊ ပြီးတော့ ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီအောင် ထိန်းသိမ်းထားရှိပါ . . ဒီနည်းလမ်းတွေက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ကင်ဆာမဖြစ်အောင်ပါ ကာကွယ်ရာရောက်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေအနေနဲ့ ကင်ဆာ စစ်ဆေးမှုကို ပုံမှန်ခံယူဖို့ အရေးကြီးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top